လက်ဝှေ့အားကစား ဝါသနာရှင်များစွာအနက် ငယ်စဉ်ကတည်းက စိတ်ဝင်စားပြီး မျှော်လင့်ချက်၊ ရည်မှန်းချက်များစွာနဲ့ မြန်မာ့ လက်ဝှေ့လောကကို ရောက်လာသူတစ်ဦးက ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်ရွာသား အသက် ၂၇နှစ်အရွယ် စောအဲရှူးပဲဖြစ်ပါတယ်။ မွေးချင်းညီအစ်ကို ၅ဦးထဲမှာ အကြီးဆုံးသားဖြစ်ပြီး ကိုယ့်အိပ်မက်ကို အကောင်အထည်ဖော် ကြိုးစား နေတဲ့ ကရင်လူငယ်တစ်ဦးဖြစ်သလို လက်ဝှေ့လောကမှာတော့ စောဘဦးလို့ လူသိများကြပါတယ်။ သာမန် လယ်သမားမိသားစု လေးထဲက ကြီးပြင်းလာခဲ့တဲ့ စောအဲရှူးဟာ ခလယ်ရွာအလယ်တန်းကျောင်းမှာ ဆဋ္ဌမတန်းအထိပဲ ပညာသင်ကြားခဲ့ရပြီး မိသား စုအခြေအနေကြောင့် ပညာရေးလောကကို အပြီးအပိုင် ကျောခိုင်းလိုက်ရသူတစ်ဦးပါ။
ဒီလိုပညာရေးဆုံးခန်းတိုင် မသင်ကြားခဲ့ရတဲ့ သူ့အနေနဲ့ မိမိဘဝတက်လမ်းအတွက် တခြားရွေးချယ်စရာတွေရှိတဲ့အထဲက လက် ဝှေ့လောကထဲ ဝင်လာခဲ့ရတဲ့အကြောင်းကို အခုလို ပြောပါတယ်။ “ကျနော့်အဖေက တစ်ချိန်က မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ် မှာရှိတဲ့ လက်ဝှေ့ဝါသနာရှင်ကြီးတွေနဲ့ ထိုးခဲ့တဲ့သူ ဖြစ်ပါတယ်။ ကျနော်လည်း လက်ဝှေ့ထိုးတာ ငယ်ငယ်ကတည်းက ဝါသနာပါ တယ်။ ရွာမှာနှစ်စဉ်ကျင်းပတဲ့ ဘုရားပွဲလက်ဝှေ့ပွဲတွေမှာထိုးရင်းနဲ့ ဒီလောကထဲကို ရောက်ဖြစ်တာပါ”လို့ ဆိုပါတယ်။ ၉နှစ်သား အရွယ်ကတည်းက လက်ဝှေ့ဝါသနာပါခဲ့သလို အဖေဖြစ်သူ မန်းအောင်စောကြည်က လက်ဝှေ့ပညာကို သင်ကြားပေးခဲ့ပါတယ်။ အခြားဆရာရင်းတွေကတော့ တောင်ကလေးကလပ်က ဆရာစောရာဇာ၊ ဆရာရီလေး၊ ဆရာအဲ့ထူး၊ ဆရာစွမ်းအားရှင်တို့ဖြစ် တယ်လို့ သူက ပြောပါတယ်။ နာမည်ရလက်ဝှေ့သမား တော်တော်များများ မွေးထုတ်ပေးခဲ့တဲ့ “တောင်ကလေးကလပ်”ကနေ သူ့လက်ဝှေ့ဘဝ စတင်ခဲ့တာဖြစ်ပြီး ပွဲပေါင်း ၅၆ပွဲ ယှဉ်ပြိုင်ထိုးခဲ့ရာမှာ နိုင်ပွဲ ၂၃ပွဲ၊ သရေပွဲ ၃ဝနဲ့ ရှုံးပွဲ ၃ပွဲသာ ရှိပါသေးတယ်။
သူ ယှဉ်ပြိုင်ထိုးခဲ့တဲ့ လက်ဝှေ့ပွဲစဉ်တွေထဲက ၂၀၀၃ခုနှစ်၊ ပိုင်ကျုံမြို့ ကစိုကျေးရွာမှာကျင်းပတဲ့ ကရင်အမျိုးသားနှစ်သစ်ကူး အထိမ်းအမှတ်ပွဲမှာ အောင်လံဆုရခဲ့ပြီး အဲဒီနှစ် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲမှာလည်း အောင်လံဆု ထပ်ရရှိခဲ့ပါတယ်။ ၂၀၁၄ခုနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား တိုင်းနှင့်ပြည်နယ် လက်ဝှေ့ပြိုင်ပွဲမှာလည်း ရွှေတံဆိပ်ဆုတွေ အသီး သီး ရခဲ့ပါတယ်။ သူ့ရဲ့လက်ဝှေ့သမားဘဝ အကြီးမားဆုံးအောင်မြင်မှုတစ်ခုက ၂၀၁၅ခုနှစ်၊ ဇူလိုင်လ ၁၈ရက်နေ့ ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းမှာ မြန်မာနိုင်ငံက ပထမဆုံးကျင်းပတဲ့ ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲမှာ သူ့အနေနဲ့ (One Championship) ဆုကို ထပ်ရခဲ့ပြီးတော့ လက်ဝှေ့လောက အစဉ်အလာကောင်းတွေနဲ့ အတန်အသင့် ရပ်တည်နိုင်သူတစ်ဦး ဖြစ်လာရပါတယ်။ ဒီလိုအောင်မြင်မှုတွေနဲ့အတူ တစ်နေ့မှာ မြန်မာပြည်ချန်ပီယံတစ်ဦးအဖြစ် အိပ်မက်ထားတဲ့ ကရင်လူငယ် စောအဲရှူးရဲ့ လက်ဝှေ့ သမားဘဝဟာ ချောမွေ့ခဲ့တာ မဟုတ်ပေမယ့် ဖခင်ဖြစ်သူက လက်ဝှေ့သမားပီပီ အားပေးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
“အဖေကတော့ အားပေးပါတယ်။ အခက်အခဲတွေကတော့ အများကြီးပဲ။ လက်ဝှေ့ထိုးခါနီးဆိုရင် အမေက ကျနော် တစ်ခုခုဖြစ် မှာစိုးလို့ စိတ်ပူတယ်။ ဆွေမျိုးမောင်နှမတွေကတော့ ကျနော်လက်ဝှေ့ထိုးတာ မကြိုက်ဘူး။ တခါတလေ လက်ဝှေ့သမားအချင်း ချင်း နားလည်မှုလွဲတဲ့အခါမျိုးမှာလည်း စိတ်ညစ်ရတယ်။ ဘယ်လိုပဲ အခက်အခဲတွေရှိနေပေမယ့် ရည်မှန်းချက်ပြည့်အောင် ဆက်ကြိုးစားသွားမှာပဲ။ လက်ဝှေ့သမားတစ်ဦးဖြစ်တဲ့အတွက် ကိုယ်တတ်နိုင်စွမ်းတဲ့ ပညာရပ်နဲ့ ကရင်လူမျိုးဟာ လက်ဝှေ့ပညာ ရပ်မှာ ထူးချွန်တယ်ဆိုတာ ကမ္ဘာကိုပြချင်တယ်”လို့ သူ့ခံယူချက်ကို ထုတ်ဖော်ပြောသွားပါတယ်။
ကရင်လူငယ်လူရွယ်တွေကို သူပြောချင်တဲ့ စကားလက်ဆောင်ကတော့ “ကိုယ်ဝါသနာပါတဲ့ ဘယ်ပညာရပ်မဆို လုံ့လ၊ ဝီရိယ၊ ဇွဲ ရှိရင် ဘာမဆို အောင်မြင်နိုင်ပါတယ်”လို့…။