အောက်တိုဘာ ၂၃ရက်၊ ၂၀၁၅ခုနှစ်။ စောထွန်းလင်း
လာမည့် ရွေးကောက်ပွဲတွင် ကရင်ရေးရာဝန်ကြီးနေရာ ဝင်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းအချို့ မိမိတို့ မဲဆန္ဒနယ် မြေအတွင်းရှိ မဲရုံများအတွက် ကိုယ်စားလှယ်ခန့်ထားရန် အခက်တွေ့နေသည်ဟု မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး ကရင်ရေး ရာကိုယ်စားလှယ်လောင်းအချို့က ကေအိုင်စီသို ့ပြောသည်။
ထိုသို့ မဲရုံကိုယ်စားလှယ်ခန့်ထားရေးအတွက် ကရင်ရေးရာ ကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆန္ဒနယ်မြေ ကျယ်ပြန့်ခြင်း၊ လူအားငွေအား အခက်အခဲရှိပြီး မဲရုံကိုယ်စားလှယ်မထားနိုင်ခြင်းကြောင့် မဲရေတွက်ချိန် အငြင်းပွားမှုများ ဖြစ်ပေါ်လာပါက မိမိအ တွက် ပြောဆိုပေးနိုင်မည့်သူမရှိ၍ အခက်အခဲရှိသည်ဟု ကရင်ပြည်သူ့ပါတီ ကိုယ်စားပြု၊ မွန်ပြည်နယ်၊ ကရင်ရေးရာ ကိုယ်စား လှယ်လောင်း နော်ဆာထူးက ပြောသည်။
“မဲရုံကိုယ်စားလှယ်ထားဖို့က ပြည်နယ်တခုလုံးအနေနဲ့တော့ မလွယ်ဘူး၊ လူရှာဖို့ရော၊ ကုန်ကျစရိတ်ရော များမယ်။ ကိုယ့်ပါတီ ဝင်ပြိုင်တဲ့ပြည်နယ်ထဲက မဲဆန္ဒနယ်တွေဆိုရင်တော့ သိပ်ပူစရာမလိုဘူးပေါ့။ မထားတဲ့အတွက် ကိုယ့်ရတဲ့မဲက ပယ်မဲဖြစ်တယ် မဖြစ်ဘူးဆိုပြီး မဲရေတွက်တဲ့အချိန် အငြင်းပွားမှုတွေဖြစ်လာရင် ကိုယ်စားလှယ်မရှိတဲ့အတွက် ကိုယ့်ဘက်က ပြောဆိုပေးလို့ မရ ဘူး။ အခက်အခဲ အများကြီးရှိတာပေါ့”ဟု နောဆာထူးက ကေအိုင်စီသို့ ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲဝင်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများအနေဖြင့် မိမိတို ့မဲဆန္ဒနယ်မြေအတွင်း ဖွင့်လှစ်သွားမည့်မဲရုံများ၌ မဲရုံကိုယ်စားလှယ်တစ်ဦး သို့မဟုတ် နှစ်ဦးအထိ ထားခွင့်ရှိပြီး ယင်းကိုယ်စားလှယ်များက မဲရေတွက်ပုံ ခိုင်လုံမဲ၊ ပယ်မဲ စသည့် အငြင်းပွားဖွယ်ရာများ ဖြစ်လာသည့်အခါ မိမိကိုယ်စားလှယ်လောင်းအတွက် တရားဝင် ပြောဆိုခွင့်ရှိသူများအဖြစ် ဆိုင်ရာရွေး ကောက်ပွဲကော်မရှင်က အသိအမှတ်ပြုထားသူများဖြစ်သည်ဟု ကိုယ်စားလှယ်လောင်းများထံမှ သိရသည်။
အလားတူ ကရင်အမျိုးသားပါတီ ပဲခူးတိုင်းဒေသကြီး ကရင့်ရေးကိုယ်စားလှယ်လောင်း စောကပေါ်မူးက “ပဲခူးတိုင်းက ကျယ် တယ်။ ရွာတွေကိုဆင်းပြီး မဲဆွယ်ဟောပြောလို့ကို မပြီးသေးတော့ မဲရုံကိုယ်စားလှယ်ခန့်ဖို့ ကိစ္စကို မစီစဉ်ရသေးဘူး။ ခန့်တဲ့အ ခါမှာလည်း ကိုယ်လက်လှမ်းမှီသလောက်ပဲ ခန့်နိုင်မဲ့ အနေအထား ဖြစ်နေတယ်။ စိုးရိမ်မှုတော့ သိပ်မရှိဘူး”ဟု ကေအိုင်စီသို့ ပြောသည်။
လက်ရှိ ကရင်ပြည်နယ်ပြင်ပအခြေစိုက် ကရင်ပါတီနှစ်ခုမှ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီနှင့် တနသင်္ာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ် တို ့တွင် ကရင်ပြည်သူ့ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၁၉ဦးနှင့် ကရင်အမျိုးသားပါတီ၏ လွှတ်တော်ကိုယ်စား လှယ်လောင်း ၂၁ဦးတို့က လာမည့်ရွေးကောက်ပွဲကို ဝင်ပြိုင်သွားမည်ဖြစ်ကြောင်း ဆိုင်ရာပါတီများထံမှ သိရသည်။



















