Home သတင်း ‌ကော့ကရိတ်မြို့‌ပေါ် ရပ်ကွက် ၃ခု မဲစာရင်းကွာဟမှု အ‌ရေအတွက် ဆိုးဝါး

‌ကော့ကရိတ်မြို့‌ပေါ် ရပ်ကွက် ၃ခု မဲစာရင်းကွာဟမှု အ‌ရေအတွက် ဆိုးဝါး

2160

စက်တင်ဘာ ၂၁ရက်၊ ၂၀၁၅ခုနှစ်။ က‌ဆောဝါး

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်ခရိုင်ရှိ ‌ကော့ကရိတ်မြို့‌ပေါ်ရပ်ကွက် ၇ခုအနက် ရပ်ကွက် သုံးခုတို့တွင် ယခုလ ၁၄ရက်‌နေ့က စတင် ‌ကြေညာလိုက်သည့် ဒုတိယအကြိမ် အ‌ခြေခံမဲစာရင်းတွင် ပါဝင်သည့် မဲဆန္ဒရှင်စာရင်းမှာ ယခင်တစ်ကြိမ် အ‌ရေအတွက် ‌လျော့နည်းကွာဟမှု ဆိုးဝါး‌နေ‌ကြောင်း ရပ်‌ကျေး‌ကော်မရှင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

အမှတ် ၇ရပ်ကွက် ‌ကော်မရှင်အဖွဲ့ခွဲ အတွင်း‌ရေးမှူး‌ဒေါ်ရီနွယ်က “ကျမတို့ ရပ်ကွက်အမှတ် ၇မှာ ဒုတိယအကြိမ် ‌ကြေညာတဲ့ မဲစာ ရင်းမှာ ‌လျော့နည်းသွားတဲ့ မဲဆန္ဒရှင်လူဦး‌ရေ များပါတယ်။ အဲ့ဒါက ပထမအကြိမ် မဲစာရင်း‌ကြေညာအပြီး ဒုတိယအကြိမ်‌ကြေ ညာဖို့ မဲဆန္ဒရှင်စာရင်း‌တွေ စိစစ်‌တော့ ရပ်ကွက်အတွင်း ‌သေဆုံးသူ၊ သာသနာ‌ဘောင်ထဲဝင်‌ရောက်သူ၊ ‌သွေး‌နှောဘာသာခြား လူဦး‌ရေစာရင်း၊ နိုင်ငံသားမှတ်ပုံတင်ကဒ် မရှိသူ၊ ယာယီမှတ်ပုံတင်ကဒ် ကိုင်‌ဆောင်သူ၊ မှတ်ပုံတင် ‌ပျောက်ဆုံးပျက်စီးသူ၊ ယခင် ၃‌ခေါက်ချိုး မှတ်ပုံတင်ကိုင်‌ဆောင်ထားသူ အဲ့ဒီစာရင်း‌တွေကို ဖယ်ချန်ပြီး စာရင်းပြုစုကြဖို့ မြို့နယ်‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က လမ်းညွန်ချက်အတိုင်း စာရင်းပြုစုထုတ်ပြန်တာ‌ကြောင့် အခုလို ‌လျော့နည်းကွာဟ‌နေတာ”ဟု ‌ပြောသည်။

ယင်းသို့ မဲစာရင်းကွာဟ‌နေသည့် ရပ်ကွက်များမှာ အမှတ် (၅)၊ (၆)၊ (၇)တို့ဖြစ်ပြီး မဲစာရင်း‌လျော့နည်းကွာဟ‌နေသည့် မဲဆန္ဒရှင် ဦး‌ရေ ‌လေး‌ထောင်‌ကျော်အထိ ရှိ‌နေသည်။ ထိုကဲ့သို့ ‌လျော့နည်းကွာဟမှုများ‌ကြောင့် မဲဆန္ဒပြုခွင့် ဆုံရှုံးရမည်ကို စိုးရိမ်မှုများ ဖြစ် ‌ပေါ်လျက်ရှိသည်ဟု ပထမအကြိမ် မဲစာရင်း‌ကြေညာချက်တွင် ပါဝင်‌ဖော်ပြခံရ‌သော မဲဆန္ဒရှင်များက ‌ပြောဆိုသည်။

ရပ်ကွက်အမှတ်(၇)‌နေ ကို‌ဌေး‌အောင်က “ကျ‌နော်က ဒီမြို့မှာ‌မွေးပြီး ကြီးပြင်းလာတာ ဒီမြို့သားဗျ။ ၉ဝခု ‌ရွေး‌ကောက်ပွဲတုန်းက လည်း မဲထည့်ဘူးတယ်။ ၂၀၁ဝတုန်းကလည်း မဲထည့်ခဲ့တယ်။ အခု ၂၀၁၅မှာ မဲစာရင်း‌ကြေညာ‌တော့ ပထမအကြိမ်မှာ မဲစာရင်း ပါပြီး ဒုတိယအကြိမ်ကျ‌တော့ ကျ‌နော့်နာမည် ပါမလာဘူး။ ‌သွေး‌နှောဘာသာခြားမို့လို့ဆိုပြီး ရပ်/‌ကျေး‌ကော်မရှင်က ‌ပြောတယ်။ နိုင်ငံသားတစ်‌ယောက်အ‌နေနဲ့ မဲထည့်ချင်တယ်။ အခုပုံအတိုင်းဆို ‌ရွေး‌ကောက်ပွဲကို စိုးရိမ်မိတယ်။ မျှတမှုမရှိဘူးလို့လည်း ခံစား ရတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၂၀၁၅ခုနှစ် အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲအတွက် ကရင်ပြည်နယ် အတိုင်းအတာဖြင့် မဲဆန္ဒရှင်ဦး‌ရေ ၄သိန်း‌ကျော် တိုးလာခဲ့ပြီး ယခုလ ၁၄ရက်မှ ၂၇ရက်‌နေ့အထိ ‌ကြေညာထား‌သော မဲဆန္ဒရှင်စာရင်းအရ ‌ကော့ကရိတ်ခရိုင်တစ်ခုလုံးတွင် မဲဆန္ဒရှင် ၉‌သောင်း‌ကျော်တိုးလာခဲ့သည်ဟု ခရိုင်‌ကော်မရှင်ထံမှ သိရသည်။

‌ကော့ကရိတ်မြို့‌ပေါ်ရှိ ရပ်ကွက် ၇ခုတွင် ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ‌ကြေညာရာ၌ မဲဆန္ဒရှင်ဦး‌ရေ ၂၆,၇၀၄ဦးရှိရာမှ ယခုလ ဒုတိယအကြိမ် မဲစာရင်း၌ ၂၁,၃၃၅ဦးမျှသာ ကျန်ရှိကာ ငါး‌ထောင်‌ကျော်အထိ ‌လျော့နည်းသွားခဲ့သည်။ လက်ရှိအချိန်ထိ ‌ဒေသ တွင်း‌ရွေး‌ကောက်ပွဲ ‌ကော်မရှင် အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင်စာရင်း လာ‌ရောက်ကြည့်ရှုသူ နည်းပါးလျှက်ရှိပြီး ဆန္ဒမဲ‌ပေးပိုင်ခွင့် ပြန် လည်‌လျှောက်ထားသူမှာ လူဦး‌ရေ ရာဂဏန်းသာရှိ‌သေး‌ကြောင်း ရပ်/‌ကျေး‌ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက ‌ပြောသည်။