စက်တင်ဘာ ၅၊ ၂၀၁၅ခုနှစ် (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသအတွင်းရှိ မြန်မာရွှေ့ပြောင်း စာသင်ကျောင်းများ၏ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD ပညာရေးကွန်ရက်မှ အလှူ ငွေကျပ်သိန်း (၁၀၀) ကျော်လှူဒါန်းကာ ထိုအလှူငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် မြဝတီမြို ့တွင် ကျင်းပပြုလုပ်ခဲ့သည်။
NLD – ပညာရေးကွန်ရက်၏ ညှိနှိုင်းရေးမှူး တဦးဖြစ်သည့် ဦးဖြိုးမင်းသိန်းက” အခက်အခဲ ဖြစ်တဲ့နေရာ ရောက်ရှိနေကြတဲ့ ရွှေ့ပြောင်းမြန်မာတွေအတွက် သူတို့လိုအပ်နေတာတွေကို တထောင့်တနေရာကနေ ဖြည့်စည်းပေးတာပါ။ ကျနော်တို့ရဲ့ ဖြည့်စည်းပေးမှုဟာ စိတ်ဓါတ်ခွန်အား ဖြစ်နိုင်တယ်။ သူတို့ရဲ့ ရပ်တည် ဆောင်ရွက်မှုတွေကို မြန်မာပြည်သူလူထုတွေ မြန်မာနိုင်ငံက ဒီမိုကရေစီအင်အားစုတွေက မေ့မထားဘူး။ သူတို့အပေါ် သတိတရရှိနေတယ်။ သူတို့ဟာ အမေ့ခံလူတွေ မဟုတ်ဘူးဆိုတာကို သိစေချင်လို့ပါ။” ဟု ကေအိုင်စီ ကိုပြောသည်။
ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဘက်တွင် မြန်မာရွှေ့ပြောင်းကျောင်း ၇၅ ကျောင်းရှိသည့်အနက် အခက်အခဲများနှင့် ကြုံ တွေ့နေရသည့် ကျောင်း ၁၅ ကျောင်းအတွက် အလှူ ငွေ သိန်းတရာနှင့် ခုနှစ်သောင်း နှင့် ကျောင်းသုံး စာရေးကရိယာအချို့တို့ကို ယနေ့တွင် ပေးအပ်လှူ ဒါန်းခဲ့ခြင်းဖြစ်သည်။
ထိုအခမ်းအနားသို့ တက်ရောက် အလှူငွေ လက်ခံခဲ့သည့် မဲဆောက်အခြေစိုက် ခွဲကဘောင် အထက်တန်းကျောင်း၏ ဒါရိုက်တာ မန်းဗလရှင် က ” အခက်အခဲဖြစ်နေကြတဲ့ ရွှေ့ပြောင်းကျောင်းတွေကို အခုလို အကူအညီပေးတာကတော့ ကျနော်တို့ ကျောင်းတွေကို အသက်ကယ်ဆေး ထိုးပေးလိုက်သလိုဘဲ ခံစားရပါတယ်။ NLD ပညာရေးကွန်ယက်ကို အထူးကျေးဇူးတင်ပါတယ်။” ဟု ကေအိုင်စီကို ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပညာရေးကွန်ရက်သည် ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသအတွင်းရှိ မြန်မာရွှေ့ပြောင်း စာသင်ကျောင်းများကို ငွေသားနှင့် စာရေးကရိယာများကို အကူအညီပေးအပ်လာခဲ့သည်မှာ ယခုနှစ်သည် တတိယမြောက်နှစ်ဖြစ်သည်။
ထိုင်း-မြန်မာနယ်စပ်ရှိ မဲဆောက်အပါအဝင် ဆက်စပ် (၄) မြို ့နယ်တွင် မြန်မာရွှေ့ပြောင်း စာသင်ကျောင်း ၇၅ ကျောင်းတွင် မြန်မာကလေးငယ် ၂ သောင်းခန့် ပညာသင်ကြားလျက်ရှိပြီး အကြောင်းအမျိုးမျိုးကြောင့် ကျောင်း မနေနိုင်ကြသည့် မြန်မာကလေးငယ်များ အရေအတွက်မှာ ၂ သောင်းခန့်ရှိသည်ဟု မဲဆောက်အခြေစိုက် မြန်မာရွှေ ့ပြောင်း ပညာရေးကော်မတီ၏ မှတ်တမ်းများအရ သိရှိရသည်။