Home ဆောင်းပါး ‌တောင်ထိပ်‌ပေါ်က‌နေ စိတ်‌အေးလက်‌အေး ထိုင်ကြည့်ကြရ‌အောင်

‌တောင်ထိပ်‌ပေါ်က‌နေ စိတ်‌အေးလက်‌အေး ထိုင်ကြည့်ကြရ‌အောင်

1820

‌မောင်‌ကျော်စွာ

၂၀၁၅၊ ဩဂုတ်လ ၂ဝရက်

အာဏာရစစ်အုပ်စုထဲမှာ “အာဏာလုပွဲ/ဗိုလ်လုပွဲ‌တွေ” သဘာဝကျစွာပဲ တည်ရှိ‌နေပါတယ်။
“ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်းလုံးမည်” ဆိုတာ လှည့်စားလိမ်ညာဖို့ သက်သက်ထုတ်ပြန်ထားတဲ့ ခပ်ညံ့ညံ့ ‌ကြွေး‌ကြော်သံတစ်ခု ပဲ ဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ ဒီ‌ကြွေး‌ကြော်သံကို စစ်အုပ်စုတွင်း ‌ပေါက်ကွဲထွက်လာတဲ့ အာဏာလုပွဲ/ဗိုလ်လုပွဲ‌တွေက ‌လှောင် ‌ပြောင်သ‌ရော်‌နေပါတယ်။

အာဏာရစစ်အုပ်စု‌တွေထဲက အာဏာလုပွဲ/ဗိုလ်လုပွဲ‌တွေဟာ ပြည်သူကို ကိုယ်စားပြုသူနဲ့ အာဏာရှင်စစ်အုပ်စုကို ကိုယ်စားပြု သူ အကြားဖြစ်ပွားတဲ့ ပဋိပက္ခမဟုတ်ပါဘူး။ တိုင်းပြည်နဲ့ ပြည်သူကို အစဉ်ထာဝရ ဗိုလ်ကျလွှမ်းမိုး ချယ်လှယ်အုပ်စိုးထားနိုင်တဲ့ အာဏာသံလျက်ကို ငါတစ်ဦးတည်း/ ငါ့အုပ်စုတစ်ခုတည်းသာလျှင် ပိုင်ဆိုင်ရယူသင့်တယ်ဆိုတဲ့ အတ္တစွဲ၊ မာနစွဲနဲ့ တစ်‌ကောင့်၊ တစ်‌ကောင့် ထီမထင် ဗိုလ်မထားဘဲ ဗိုလ်လုကြတဲ့၊ စားခွက်လုကြတဲ့ ဓါးပြ‌တွေအချင်းချင်းအကြား ဗိုလ်လုကြတဲ့ ရန်ပွဲ‌တွေမျှသာ ဖြစ်ပါတယ်။ ဒီလို ရန်ပွဲ‌တွေက‌နေ ပြည်သူ‌တွေအတွက် ‌ကောင်းကွက်တစ်ခုမှ မရခဲ့ဖူးပါဘူး။ ‌နောက်လာတဲ့ ‌မောင်ပုလဲ ဒိုင်းဝန် ထက် ကဲတာ‌တွေချည်းသာ ဖြစ်ပါတယ်။

ဩဂုတ်လ ၁၃ရက်‌နေ့ညမှာ ‌ပေါ်‌ပေါက်ခဲ့‌သော အာဏာရစစ်အုပ်စုထဲက “အာဏာလုပ်ပွဲ/ဗိုလ်လုပွဲ”ဟာ ပို၍ပို၍ ပြင်းထန်သည်း သန်လာ‌နေပါတယ်။ ဒီ “အာဏာလုပ်ပွဲ/ဗိုလ်လုပွဲ”ဟာ အာဏာရကြံ့ဖွံ့ပါတီထဲမှာပဲ ကွက်ပြီး ‌ပေါ်‌ပေါက်‌နေတဲ့ကိစ္စ မဟုတ်ပါဘူး။ စစ်အုပ်စု၊ ကြံ့ဖွံ့ပါတီ၊ ကြံ့ဖွံ့အစိုးရနဲ့ စစ်တပ်ထဲမှာရှိ‌နေတဲ့ သ‌န္ဓေပါ ပြဿနာ‌တွေပဲဖြစ်ပါတယ်။ ဒီပြဿနာက (နဝတ-နအဖ) စစ် အုပ်စုရဲ့ အာဏာအ‌မွေစား အ‌မွေခံ‌တွေအကြားက အာဏာလုမှု/ ဗိုလ်လုမှုပြဿနာပဲ ဖြစ်ပါတယ်။ အာဏာပြဿနာဖြစ်တာ ‌ကြောင့် နှစ်ဖက်ဂိုဏ်းအုပ်စု‌တွေအကြား အနိုင်/အရှုံး ပြတ်သားသွား‌အောင် ‌ရေကုန်‌ရေခန်း ဗိုလ်လုကြရမယ့်ပွဲ ဖြစ်ပါတယ်။

ဒီကိစ္စကို အာဏာရစစ်အုပ်စုထဲက ဂိုဏ်းအုပ်စုတစ်ခုဖြစ်တဲ့ ဦးသိန်းစိန် – ဦး‌ဌေးဦး (စိန်- ဦး) က ကြံ့ဖွံ့ပါတီတွင်း ‌ဖြေရှင်းနည်းနဲ့ လက်ဦးမှုယူကာ ‌ဖြေရှင်းခဲ့ကြတယ်။ သူရဦး‌ရွှေမန်းအုပ်စုကို ကြံ့ဖွံ့ပါတီ‌ခေါင်း‌ဆောင်ပိုင်းက‌နေ ပြတ်ပြတ်သားသား ဖယ်ရှားပစ်ခဲ့ ပြီး ဦး‌ဌေးဦးအုပ်စုကို ကြံ့ဖွံ့ပါတီ‌ခေါင်း‌ဆောင်ပိုင်းမှာ အစားထိုးခဲ့တယ်။ ဒီ‌ဖြေရှင်းမှုမှာ အစိုးရနဲ့ စစ်တပ်က (စိန်-ဦး) ဂိုဏ်းဘက် က‌နေ ပြတ်ပြတ်သားသား ရပ်တည်အားဖြည့်‌ပေးခဲ့ကြတယ်။ ကြံ့ဖွံ့ဌာနချုပ်ကို ရဲလုံခြုံ‌ရေးနဲ့ ဝိုင်းပတ်‌ပေးကာ ဦး‌ဌေးဦးအုပ်စုထဲ မှာ စစ်တပ်က‌နေ ပူပူ‌နွေး‌နွေး အငြိမ်းစား‌ပေးလိုက်တဲ့ စစ်ဗိုလ်ချုပ်ကြီး‌တွေ ဖြည့်စွက်ပြီး ကျားကန်‌ပေးလိုက်ပါတယ်။

ဒါ‌ကြောင့် အခုလို မြင်‌တွေ့ကြားသိ‌နေရတဲ့ အချက်အလက်‌တွေ‌ပေါ်က‌နေ ပဏာမအ‌နေနဲ့ အကဲဖြတ်‌ပြောရမယ်ဆိုရင် ဦးသိန်း စိန် – ဦး‌ဌေးဦးဂိုဏ်း(စိန်-ဦး)က လက်ရည်သာ‌နေပြီး သူရဦး‌ရွှေမန်း – သူရဦး‌အောင်ကိုဂိုဏ်း(မန်း-ကို)က အ‌ရေးနိမ့်‌နေတာကို မြင်‌တွေ့ရပါလိမ့်မယ်။ ဒါ‌ပေမယ့် ဗိုလ်လုပွဲက မပြတ်‌သေးပါဘူး။ (စိန်- ဦး) ဂိုဏ်းက‌တော့ (မန်း – ကို) အုပ်စုကို အပြုတ်ချပစ် မယ်ဖို့ ပိုင်းဖြတ်ထားတဲ့‌ခြေလှမ်း‌တွေကို အထင်အရှား‌တွေ့မြင်‌နေရပါတယ်။ အဲဒါ‌တွေက‌တော့ “ပြည်‌ထောင်စု ‌နေ့စဉ် သတင်း စာကို ရပ်နား‌စေခြင်း၊ ချယ်ရီ-FM ကန့်သတ်ထိန်းချုပ်ခြင်း၊ လွှတ်‌တော်ကိုယ်စားလှယ်အား တာဝန်မှ ရုပ်သိမ်းခြင်းဆိုင်ရာ ဥပ‌ဒေ ကြမ်းကို တင်သွင်းလာခြင်းတို့ပဲဖြစ်ပါတယ်။ အဲဒါ‌တွေအနက် အဓိက‌ခြေလှမ်းက‌တော့ (right to recall) လို့ ‌ပြော‌နေကြတဲ့ ၂၀၀၈ အ‌ခြေခံဥပ‌ဒေ ပုဒ်မ ၃၉၆အရ “မဲဆန္ဒရှင်‌တွေက သက်ဆိုင်ရာ လွှတ်‌တော်ကိုယ်စားလှယ်ကို တာဝန်မှ ပြန်လည်ရုပ်သိမ်း ခြင်းဆိုင်ရာဥပ‌ဒေကြမ်း” တင်သွင်း‌နေတဲ့ကိစ္စဖြစ်ပါတယ်။ ဒီအချက်က (မန်း-ကို)အုပ်စုကို ကြံ့ဖွံ့ပါတီက‌နေရာ လွှတ်‌တော်ထဲက ပါ ကန်ထုတ်ပစ်ဖို့ လုပ်‌နေကြတယ်ဆိုတာကို အထင်အရှား ပြသ‌နေပါတယ်။

ဒီဥပ‌ဒေကြမ်းကို အမြန်ဆုံး အသက်ဝင်လာ‌စေချင်တဲ့ ပါတီ‌တွေက ဘယ်ပါတီ‌တွေဖြစ်‌နေသလဲ။
ကြံ့ဖွံ့ပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူ)၊ (တစည)၊ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်နယ် ဒီမိုက‌ရေစီနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးပါတီနဲ့ အမျိုးသားဒီမိုက‌ရေစီပါတီသစ်တို့ပဲ ဖြစ်ပါတယ်။

ရှုံး‌နေတဲ့ ဦး‌ရွှေမန်းတို့အုပ်စုက‌တော့ ကြံ့ဖွံ့ပါတီတွင်းပြဿနာကို လွှတ်‌တော်ထဲယူမလာဖို့ ‌လေ‌ပျော့က‌လေးနဲ့ ‌တောင်းပန်သလို ‌ပြော‌နေပါတယ်။ ဒီလို‌ပြော‌နေရတာကိုယ်၌က ပါတီတွင်းပြဿနာဟာ လွှတ်‌တော်ထဲ‌ရောက်‌နေပြီဆိုတာကို ဝန်ခံ‌နေတာပဲ ဖြစ်ပါ တယ်။ လွှတ်‌တော်ထဲကို ‌ရောက်ကို‌ရောက်လာရမယ့်ပြဿနာဖြစ်ပါတယ်။ ဘာ‌ကြောင့်လဲ တစ်ဖက်(စိန်-ဦး) ဂိုဏ်းက (မန်း-ကို)အုပ်စုကို အပြုတ်ချပစ်ဖို့ ပိုင်းဖြတ်ထားပြီးဖြစ်ပါတယ်။ ဒီလိုအပြုတ်ချနိုင်ဖို့ဆိုတာ လွှတ်‌တော်ထဲထိ ဝင်ပြီးချမှဖြစ်မှာပါ။ ကြံ့ဖွံ့ ပါတီထဲမှာ‌တော့ (မန်း-ကို) ပြုတ်သွားခဲ့ပြီ မဟုတ်ပါလား။ ဒါ‌ကြောင့် လွှတ်‌တော်ကိုယ်စားလှယ်အား တာဝန်မှ ပြန်လည်ရုပ်သိမ်း ခြင်းဆိုင်ရာ ဥပ‌ဒေကြမ်းကို အသည်းအသန် တင်‌နေတာပဲဖြစ်ပါတယ်။

အခုဆိုရင် ကြံ့ဖွံ့ပါတီထဲက အာဏာဗိုလ်လုပွဲဟာ လွှတ်‌တော်ထဲကို ကူးစက်ပြန့်နှံ့‌နေပြီဖြစ်ပါတယ်။ ပြည်သူ့လွှတ်‌တော်နဲ့ အမျိုး သားလွှတ်‌တော်တို့မှာ တပြိုင်နက်ထဲလိုလို တင်ခဲ့ကြတဲ့ “လွှတ်‌တော်ရပ်နား‌ရေး အ‌ရေးကြီးအဆို”ဟာ အမျိုးသားလွှတ်‌တော်ထဲ မှာ (‌ထောက်ခံမဲ ၁၂၈ မဲ/ ကန့်ကွက်မဲ ၃၄ မဲ၊ ကြား‌နေမဲ ၁၄ မဲ) နဲ့ အနိုင်ရသွားပါပြီ။ ဒါ‌ကြောင့် အမျိုးသားလွှတ်‌တော် ရပ် ဆိုင်းသွားပြီ ဖြစ်ပါတယ်။ ဥပ‌ဒေလုပ်ထုံးလုပ်နည်း‌တွေအရ ပြည်သူ့လွှတ်‌တော်နဲ့ အမျိုးသားလွှတ်‌တော်တို့ဟာ အတူယှဉ်တွဲ ကျင်းပ‌လေ့ရှိတာဖြစ်‌ပေမယ့် အခုခါမှာ‌တော့ အာဏာစစ်အုပ်စုထဲက အာဏာလုပွဲ/ဗိုလ်လုပွဲ‌တွေ‌ကြောင့် အာဏာရပါတီထဲမှာ တင် က‌သောင်းကနင်းဖြစ်‌နေတာ မဟုတ်‌တော့ဘဲ လွှတ်‌တော်ယန္တရားပါ က‌သောင်းကနင်းဖြစ်သွားပါပြီ။

အာဏာရစစ်အုပ်စုတွင်းက အာဏာလုပွဲ/ဗိုလ်လုပွဲသည် များမကြာမီကာလအတွင်း တခန်းရပ်သွား‌ပေလိမ့်မယ်။ ထိုတစ်ခန်းရပ် ဇာတ်လမ်း၏ အဆုံးသတ်သည် (မန်း- ကို) အုပ်စုအား ကြံ့ဖွံ့ပါတီအတွင်းမှ ကြံ့ဖွံ့ပါတီရဲ့ လက်ရှိလွှတ်‌တော်ကိုယ်စားလှယ်အ ဖြစ်မှ ထုတ်ပယ်ခြင်း/၂၀၁၅ ‌ရွေး‌ကောက်ပွဲကိုယ်စားလှယ်‌လောင်းအဖြစ်မှ ထုတ်ပယ်ခြင်း/ ကြံ့ဖွံ့ပါတီဝင်အဖြစ်မှ ရာသက်ပန် ထုတ်ပယ်ခြင်း စတဲ့ နိဂုံးတမျိုးမျိုးနဲ့ အဆုံးသတ်သွားရလိမ့်မယ်လို့ တွက်ချက်ယူဆထားပါတယ်။

ဒီလို အာဏာရစစ်အုပ်စုရဲ့ အာဏာလုပွဲ/ ဗိုလ်လုပွဲသည်းသန်‌နေချိန်မှာ အုပ်စုတစ်စုစုကို အသာရသွား‌စေမယ့် အား‌ပေးကူညီသ လို ဖြစ်သွား‌စေမယ့် အပြုအမူ၊ အ‌ပြောအဆိုနဲ့ လုပ်ကိုင်‌ဆောင်ရွက်မှု‌တွေ အ‌လောတကြီး မပြုသင့်ပါဘူး။ ‌မြေ‌ခွေးနှစ်‌ကောင် ကိုက်‌နေတာကို ‌တောင်ထိပ်‌ပေါ်က‌နေ စိတ်‌အေးလက်‌အေး ထိုင်ကြည့်‌နေသင့်တာပါ။ စစ်အုပ်စုတည်မြဲ‌နေသမျှ၊ ၂၀၀၈ အ‌ခြေခံ ဥပ‌ဒေ တည်မြဲ‌နေသမျှ ဒီလို အာဏာလုပွဲ/ ဗိုလ်လုပွဲ‌တွေပုံစံမျိုးစုံနဲ့ ‌ပေါ်ထွက်‌နေဦးမှာပါ။

(NCA) စာချုပ်ကို ချက်ချင်းလက်ငင်း လက်မှတ်‌ရေးထိုးလိုက်လို့လည်း သိပ်ထူးခြားတဲ့ ရလဒ်‌ကောင်း‌တွေ မိုး‌ပေါ်က ‌ကြွေကျလာ မှ မဟုတ်သလို ‌မြေကြီးထဲက‌နေလည်း ပ‌ဒေသာပင်‌ပေါက်သလို ‌ပေါ်ထွက်လာမှာ မဟုတ်ပါဘူး။ ဒီအချက်ကို တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများ အ‌လေးအနက် အ‌သေအချာ စဉ်းစားဆင်ခြင်သင့်ပါတယ်။