၂၀၁၅ခုနှစ်၊ ဇူလိုင်လ ၁၉ရက်နေ့သည် မြန်မာနိုင်ငံ၏ (၆၈)နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းရင်းသားလူမျိုး အာဇာနည်များ ရန်ကုန်မြို့ရှိ အတွင်းဝန်ရုံးတွင် လုပ်ကြံခြင်းခံရသည့်နေ့ကို အစွဲပြု၍ အာဇာနည်နေ့ဟု သတ်မှတ်လာခဲ့သည်။ စစ်အစိုးရအုပ်ချုပ်ရေးကာလ အာဇာနည်နေ့ အခမ်းအနားကို ကန့်သတ်ပိတ်ပင်မှုများရှိခဲ့ရာမှ ယမန်နှစ်မှ စ၍ အာဇာနည်နေ့ အခမ်းအနားကို တိုင်းနှင့် ပြည်နယ်အသီးသီးတွင် ဥဩဆွဲသံများနှင့်အတူ ပြုလုပ်ကျင်းပခဲ့ကြသကဲ့သို့ ထိုနေ့ တွင် ကျဆုံးသွားခဲ့ကြသည့် အာဇာနည်များ၏မိသားစု၊ ဆွေမျိုးသားချင်းများ၏ ဂါရဝပြု၊ ဂုဏ်ပြုအစီအစဉ်များကိုလည်း လုပ် ဆောင်ခွင့်ရခဲ့ကြသည်။
အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ကျဆုံးသွားခဲ့သည့် အာဇာနည်များတွင် တိုင်းရင်းသားခေါင်းဆောင် အချို့လည်း ပါဝင်ခဲ့ကြရာ ၎င်းတို့မှာ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွား စပ်စံထွန်း၊ ဦးရာဇတ်၊ ဦးဘဝင်း၊ ဦးအုန်းမောင်၊ ဒီးဒုတ်ဦးဘချို၊ ရဲဘော်ကိုထွေး၊ သခင်မြတို့ဖြစ်ကြသည်။
အလားတူ တိုင်းရင်းသားလူမျိုးအချို့တွင်လည်း ၎င်းတို့၏ အမျိုးသားအာဇာနည်များအတွက် အာဇာနည်နေ့များ ကိုယ်စီ ရှိကြောင်းကို လက်လှမ်းမီသမျှ ဆက်သွယ်မေးမြန်း ဖော်ပြထားပါသည်။
ကရင်အမျိုးသားပါတီ(KNP) ဥက္ကဋ္ဌ မန်းသိန်းရွှေပြောတဲ့ ကရင်အမျိုးသားအာဇာနည်နေ့အကြောင်း
“ဩဂုတ်လ ၁၂ရက်နေ့ဖြစ်တယ်။ အဲ့ဒီရက်က ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)ဥက္ကဋ္ဌဖြစ်ခဲ့တဲ့ စောဘဦးကြီး ကျဆုံးတဲ့နေ့ကို အစွဲပြုပြီး ကရင်အမျိုးသားအာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့တာပါ။ စောဘဦးကြီးရဲ့ ဘဝဖြတ်သန်းမှုကိုပြောရ ရင် သူက ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ဘဲဂရက်ရွာမှာ ၁၉၀၃ခုနှစ်၊ အောက်တိုဘာ ၇ရက်နေ့မှာ အဲဒီရွာသား လယ်ပိုင်ရှင် စော သာမြတ်နဲ့ နော်အေးနုတို့ရဲ့ မွေးချင်းလေးဦးမှာ ဒုတိယသားဖြစ်ပြီး အထက်တန်းကျောင်းကို မော်လမြိုင်မှာ အောင်ခဲ့တယ်။ အဂင်္လန်မှာ ဥပဒေပညာကို သင်ယူခဲ့တယ်။ ၁၉၂၂မှာ ကင်းဘရစ် (Cambridge University) နဲ့ အော့က်စ်ဖို့ဒ် တက္ကသိုလ် (Oxford)၊ မဂ်ဒလင်းကောလိပ် (Magdalene College)ကို ကျောင်းဝင်ခွင့်ရပြီး ၁၉၂၈မှာ ဥပဒေဘွဲ့ကို ရခဲ့တယ်။ ပညာထပ်သင် ယူပြီး ၁၉၂၉မှာ အဂင်္လန်နိုင်ငံရဲ့ အဆင့်မြင့်ဆုံး ဥပဒေပညာရှင် (Barrister At Law) ဖြစ်လာတယ်။ ဒါက သူ့ပညာရေးပေါ့။
၁၉၄၇၊ ဧပြီလ ၂ဝရက်မှာ ကေအဲန်ယူ အရေးပေါ်ညီလာခံမှာ သူ့ကို ဥက္ကဋ္ဌအဖြစ် ရွေးချယ်တာဝန်ပေးတယ်။ ကရင် တိုင်းရင်းသားအကျိုးကို အဲဒီထဲက တစိုက်မတ်မတ်လုပ်ခဲ့တဲ့ အဲဒီအချိန်ကစပြီးတော့ သူဟာ မိသားစု၊ ပစ္စည်းဥစ္စာ ငွေကြေး၊ ရာထူး စသဖြင့် အားလုံးကိုစွန့်လွှတ်ပြီး လုပ်ကိုင်ခဲ့တာပါ။ ဒီနေရာမှာ သူ့ရဲ့စည်းရုံးနိုင်စွမ်းကို ပြောချင်တယ်။ ၁၉၄၈ခုနှစ်၊ ဖေဖော် ဝါရီလ ၁၁ရက်နေ့မှာ ကရင်တမျိုးသားလုံး ငြိမ်းချမ်းစွာ ဒီမိုကရေစီအောက်ကနေ ဆန္ဒဖော်ထုတ်ခဲ့တယ်။ ကရင်အမျိုးသား ၄၅၄,၁၀ဝ ပါဝင်ခဲ့တယ်။ ကရင်လူမျိုးတွေကို အခုလို စည်းရုံးနိုင်တဲ့ အခုချိန်ထိ ခေါင်းဆောင်သူတစ်ဦးတည်းပဲ ရှိတယ်။ သူက အမျိုးသားရေးတာဝန်ကို ထမ်းဆောင်ရင်း ကော့ကရိတ်မြို့နယ်၊ ထို့ကော်ကိုးကျေးရွာမှာ ၁၉၅ဝခုနှစ်၊ ဩဂုတ် ၁၂ရက်နေ့မှာ သစ္စာဖောက်ရွာသားတစ်ဦးရဲ့ သတင်းပေးမူကြောင့် အစိုးရစစ်တပ်က ဝင်ရောက်တိုက်ခိုက်တာကို ခုခံရင်း သူ ကျဆုံးခဲ့ပါတယ်။
စောဘဦးကြီးပြောခဲ့တဲ့ “ကရင်တစ်ကျပ် ဗမာတစ်ကျပ် ချက်ချင်းပြ”ဆိုတာ အခုချိန်ထိ တိုင်းရင်းသားတွေ၊ ဗမာတွေနဲ့ တန်းတူအခွင့်အရေးရှိဖို့ ဒီစကားကို အစွဲပြုပြီး ပြောဆိုနေကြတာပါ။ သူ့ရဲ့ထင်ရှားတဲ့ မူလေးချက်ထဲက “ကရင့်ကံကြမ္မာ ကရင် ဖန်တီးခွင့်ရှိရမယ်”ဆိုတဲ့အချက်ဟာ ခေတ်အဆက်ဆက် ကရင်ခေါင်းဆောင်တွေ လိုက်နာကျင့်သုံးနေရသေးသလို ကရင်အမျိုး သားတွေရဲ့ နိုင်ငံရေးအတွေးအခေါ်ကို နှစ်ပေါင်း ၇ဝနီးပါးရှိပြီးဖြစ်တဲ့ အခုချိန်ထိ ဩဇာလွှမ်းမိုးနေသေးတာ တွေ့ရတယ်။ သူ့ရဲ့မူဝါ ဒတွေ ပြောဆိုချက်တွေဟာ မြန်မာပြည်ရဲ့ ဖက်ဒရယ်စနစ်နဲ့ ဒီမိုကရေစီကို ပုံဖော်ဖို့၊ ပြည်ထောင်စုစစ်စစ်ဖြစ်ဖို့ တိုင်းရင်းသားတွေ အတွက် ကနဦး နိုင်ငံရေးအတွေးအခေါ်ပေးခဲ့သူလို့ ပြောလို့ရတယ်။ တိုင်းရင်းသားတွေက စောဘဦးကြီးရဲ့ မူလေးချက်လို့ မပြော ပေမဲ့ သူတို့အားလုံး တောင်းဆိုနေတာက ဒီမူအတိုင်းပဲ။ အခု အားလုံးငြိမ်းချမ်းရေးလုပ်နေတာ၊ တိုင်းရင်းသားတွေ တောင်းဆို နေတာဟာ စောဘဦးကြီးရဲ့မူတွေအရပဲလို့ ပြောရင်လည်း ပြောလို့ရတယ်။”
ကရင့်အာဇာနည်နေ့ကို သမိုင်းကြောင်း အစဉ်အလာအရ ကရင့်တော်လှန်ရေးနယ်မြေများ၌သာ စစ်ရေးပြကာ လွမ်းသူ့ပန်းခွေ ချခြင်း အခမ်းအနားများဖြင့် ယနေ့အချိန်ထိ ဆက်လက် ကျင်းပနေဆဲဖြစ်သည်။ အလားတူ ပြည်ပရောက် ကရင်လူမျိုးများက လည်း မိမိတို့ရောက်ရှိရာနိုင်ငံများ၌လည်းကောင်း၊ လက်ရှိ အပစ်အခတ် ရပ်စဲရေးကာလအတွင်း မြန်မာပြည်အတွင်း၌လည်း အာဇာနည်နေ့ ဂုဏ်ပြုအစီအစဉ်လေးများ အနည်းငယ် ပြုလုပ်လာခဲ့ကြသည်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ဒုဥက္ကဋ္ဌ ခူးဦးရယ် ပြောပြတဲ့ ကရင်နီအမျိုးသားအာဇာနည်နေ့
“ကျနော်တို့ ကရင်နီမှာတော့ စက်တင်ဘာလ ၈ရက်နေ့ကို ကရင်နီအမျိုးသားအာဇာနည်နေ့လို့ သတ်မှတ်ထားတယ်။ အဲလို သတ်မှတ်ရတာကလည်း လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံရေးအရ ဟိုတုန်းက ဦးဆောင်ခဲ့တဲ့ ကျနော်တို့ခေါင်းဆောင် တွေကြားမှာ နည်းနည်း အမြင်မတူတာလေးတွေ ရှိခဲ့ကြတယ်။ တချို့က ကရင်နီပြည်ဟာ နဂိုကတည်းက သီးခြားလွတ်လပ်တဲ့ ပြည်ဆိုတော့ အရင်တိုင်းပဲ သီးခြားပြည်တစ်ခုအဖြစ် ဆက်လက်ရပ်တည်သင့်တယ်လို့ အမြင်ရှိတဲ့ခေါင်းဆောင်တချို့ရှိသလို တချို့ခေါင်းဆောင်တွေကျတော့ ကရင်နီပြည်ဟာ တသီးတခြား ရပ်တည်လို့မရဘူး။ တခြားတိုင်းရင်းသားတွေနဲ့ အတူတကွ လွတ်လပ်ရေးယူပြီး ပင်လုံ ကတိကဝတ်အရ ဆယ်နှစ်ဆယ်မိုးပြည့်လို့ မပျော်ပိုက်ရင် ခွဲထွက်ပိုင်ခွင့်ရှိရင်လည်း စုဖွဲ့ပါဝင်မယ်ဆို တဲ့ အမြင်ရှိတဲ့ ခေါင်းဆောင်တွေလည်း ရှိတယ်။
အဲဒီနှစ်ခုကြားထဲမှာ သီးခြားလွတ်လပ်ရေးကိုပဲ စွဲကိုင်တဲ့ ကျနော်တို့ခေါင်းဆောင်ထဲက အထူးသဖြင့် ၁၉၄၆ခုနှစ်မှာ ဖွဲ့ခဲ့တဲ့ ညီညွတ်သော ကရင်နီပြည်ထောင်စု လွတ်လပ်ရေးကောင်စီမှာ ဥက္ကဋ္ဌဖြစ်ခဲ့တဲ့ ခူဘီတူရယ် ဆိုတာရှိတယ်။ ဗမာပြည် လွတ်လပ်ရေးရပြီး (၇)လအကြာ ဝန်ကြီးချုပ် ဦးနု အစိုးရလက်ထက်မှာ ဗမာအစိုးရနဲ့ပေါင်းဖက်သွားတဲ့ ခေါင်းဆောင်တစ်စုက ကရင်နီလူငယ်တချို့ကို ခေါ်ထုတ်ပြီး ဗမာပြည်စစ်ရဲတပ်ဖွဲ့ကို ဖွဲ့လိုက်တယ်။ ဗမာပြည်မှာပဲ စစ်သင်တန်းတွေပေးခဲ့တဲ့ အဲဒီတပ်ဖွဲ့ က ဥက္ကဋ္ဌ ခူဘီတူရယ် ရုံးစိုက်တဲ့ မြလဲဌာနချုပ်ကို မနက်စောစောစီစီးမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီလိုတိုက်ခဲ့ရာမှာ ခူဘီတူရယ်ဟာ သီသီလေးလွတ်မြောက်သွားခဲ့ပြီး အဲ့ဒီနောက်မှာ ပြဿနာတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းမယ်ဆိုပြီးတော့ သူ့အနေနဲ့ တွေ့ဆုံဆွေးနွေးရေးကို လက်ခံလိုက်တာပေါ့။
အဲဒီလို လက်ခံလိုက်တဲ့အချိန်မှာ တစ်ဖက်က ဗမာအစိုးရနဲ့ပူးပေါင်းသွားတဲ့ ခေါင်းဆောင်အချို့က UNP လို့ခေါ်တဲ့ ပြည် ထောင်စု စစ်ရဲတပ်ဖွဲ့တချို့နဲ့ ခူဘီတူရယ်ကိုဖမ်းပြီး အချုပ်ထဲထည့်ထားခဲ့တယ်။ အမှန်မှာ ခေါင်းဆောင်ခူဘီတူရယ်က တွေ့ဆုံ ဆွေးနွေးဖို့သွားတာဖြစ်ပေမယ့် တွေ့ဆုံဆွေးနွေးရေးကို အကြောင်းပြပြီး ဖမ်းဆီးလိုက်တာပါ။ အဲဒီနောက် စက်တင်ဘာလ ၈ရက်နေ့မှာ သူ့ကို ဂုံနီအိတ်ထဲထည့်၊ ကားနဲ့ တရွတ်တိုက်ဆွဲပြီး လွိုင်ကော်မြို့လယ်မှာရှိတဲ့ ဘီလူးချောင်းအလယ်တံတားမှာပဲ သူ့ကို ဘက်နက်နဲ့ထိုးသတ်ပြီး ချောင်းထဲပစ်ချလိုက်ပါတယ်။ သူ အသတ်ခံရတဲ့ ၁၉၄၈ခုနှစ်၊ စက်တင်ဘာလ ၈ရက်နေ့ကို ကရင်နီတစ်မျိုးသားလုံးရဲ့ အာဇာနည်နေ့လို့အစွဲပြုပြီးတော့ သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။
ဗမာပြည်မှာ နှစ်ပေါင်း ၅ဝ ဝန်းကျင်လောက် စစ်အုပ်ချုပ်မှုအောက်မှာ လုပ်ခွင့်မရှိဘူးလေ။ အဲလိုအချိန်မှာ ကျနော်တို့ KNPP ကပဲ ကျနော်တို့ထိန်းချုပ်တဲ့ လွတ်မြောက်တဲ့ နယ်မြေဒေသတွေမှာ တပ်ဖွဲ့ဝင်တွေ၊ လူထုတွေ ပါဝင်ပြီး ပုံမှန်အတိုင်း ကျင်းပလာတာရှိပါတယ်။ အရင်တုန်းကတော့ နယ်မြေမတည်ငြိမ်မှု အခြေအနေအမျိုးမျိုးကြောင့် ကျနော်တို့နေ့ထူးနေ့မြတ်ကို မကျင်းပနိုင်ခဲ့တာတွေ ရှိခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲရေး နောက်ပိုင်းမှာတော့ ဗမာပြည်အတွင်းပိုင်းမှာ လုပ်လာပေမဲ့လည်း အစိုးရက တရားဝင် လက်ခံတာမျိုး မဟုတ်တဲ့အခါကျတော့ ကိုယ့်အမျိုးသားနဲ့သက်ဆိုင်တဲ့ နေ့ထူးနေ့မြတ် ဆိုသည့်တိုင် ကယားပြည်နယ် မြို့ပြတွေမှာ မလုပ်နိုင်ခဲ့ပါဘူး။
ကရင်နီဟာ အမျိုးသားနေ့ထူးနေ့မြတ်တွေဖြစ်တဲ့ လွတ်လပ်ရေးနေ့၊ အမျိုးသားနေ့၊ နှစ်သစ်ကူးနေ့၊ တပ်မတော်နေ့၊ အာဇာနည်နေ့တို့ အခြားတိုင်းရင်းသားတွေနည်းတူ သတ်မှတ်ချက်တွေရှိပါတယ်။ အထူးသဖြင့် ခေတ်လူငယ်တွေ တော်တော် များများက သမိုင်းကြောင်းနဲ့ပတ်သက်ပြီး မသိကြဘူး။ ကိုယ့်အမျိုးသားရဲ့လက္ခဏာတွေ အမျိုးသားသမိုင်းတွေကို ပြန်လေ့လာ ပြီး မိဘတွေကိုယ်တိုင်လည်း ကိုယ်သိသလောက် သားသမီးတွေကို ပြန်လည်မျှဝေပေးဖို့ပြောချင်ပါတယ်။ ကျနော်တို့ သမိုင်းနစ် နာဆုံးရှုံးမှုဟာ ကြီးမားခဲ့ပါတယ်။ အဲဒါ ကျနော်တို့လူမျိုးတွေရဲ့ ဓလေ့စရိုက်ကြောင့်လို့ ပြောလို့ရသလို စာမတတ်ခဲ့တာကြောင့် လည်း ဖြစ်ခဲ့တယ်ဆိုတာကို သမိုင်းက သက်သေထူခဲ့ပြီးဖြစ်ပါတယ်။ အဲဒီတော့ နောင်လာနောက်သားတွေအနေနဲ့ အလားတူ ဆုံးရှုံးမှုမဖြစ်ပေါ်ရလေအောင် သမိုင်းလေ့လာမှု၊ မှတ်တမ်းတင်မှုတွေလုပ်ဖို့ ကျနော်ကတော့ တိုက်တွန်းပြောကြားချင်ပါတယ်။”
(ဆက်လက် တင်ပြသွားပါမည်။)