ဧပြီ ၂၅ရက်၊ ၂၀၁၅ခုနှစ်။ နန်းဝေဖြိုးဇာ
ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်အတွင်းရှိ ကျေးရွာအချို့၌ ယခုလ ဧပြီ ၁၃ရက်နေ့က လေပြင်းတိုက်ခတ်သည့်ဒဏ် ကြောင့် ပျက်စီးသွားခဲ့သည့်အိမ်များ ပြန်လည်တည်ဆောက်ရန် အချို့ရွာများ၌ အစိုးရဌာနဆိုင်ရာက ကူညီပေးထားပြီးဖြစ်သော် လည်း ကကတိုက်ကျေးရွာတွင်မူ အကူအညီ မရောက်လာသေးကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ကေအိုင်စီသို့ ယမန်နေ့က ပြောသည်။
“တခြားကျေးရွာတွေမှာတော့ တာဝန်ရှိသူတွေ လာပေးတာရှိနေပြီးလို့တော့ ကြားရတယ်။ ကျနော်တို့ဆီကိုတော့ အစိုးရဌာန ဆိုင်ရာ အကူအညီတွေ လာတော့လာစေချင်တာပေါ့။ ကျနော်တို့ဘက်မှာလည်း အဆင်ပြေအောင်တော့ ပျက်စီးတဲ့ စာရင်းတွေ တင်ထားတာရှိပါတာပဲ”ဟု ကျေးရွာအုပ်ချုပ်ရေးမှူး စကိုအောင်အောင်က ပြောသည်။
ထိုလေပြင်းတိုက်ခိုက်မှုကြောင့် ရွှေလောင်း၊ ကျုံကပြင်၊ ကျုံပတီ စသည့်ဒေသများတွင် ပျက်စီးဆုံးရှုံးမှု အများအပြား ရှိသည့်အ နက် ကရင်တိုင်းရင်းသား အများစု နေထိုင်သည့် ဝါးခယ်မမြို့နယ် ကကတိုက်ကျေးရွာတွင် အိမ်အလုံး ၅ဝမှာ ခေါင်မိုးလှန်ထွက် ကာ ၃၄လုံးမှာ ပြိုလှဲသွားခဲ့သဖြင့် အိမ်ပြုပြင်ရာတွင် ငွေကြေးအခက်အခဲရှိသည်ဟု ၎င်းက ဖြည့်စွက်ပြောဆိုသည်။
ထို့အပြင် မိုးရွာပြီး လေပြင်းတိုက်ခိုက်မှုကြောင့် လူထုနေအိမ်များ ပျက်စီးသွားသည့်အပြင် မိုးသီးကြွေကျခြင်းကြောင့် ဒေသခံ များ စိုက်ပျိုးထားသည့် စပါးနှင့် ပဲပင်များလည်း ပျက်စီးဆုံးရှုံးမှုရှိသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ရွှေလောင်းရွာသားဖြစ်သူ မန်းဖိုးမြင့်က “ဒီဒေသမှာ လေပြင်းတိုက်ခတ်တုန်းက တချို့အိမ်သေးတွေက ထိတာတော့ ရှိတယ်။ ဘယ်လောက်များ ထိခိုက်လဲဆိုတာကိုတော့ သေချာမသိသေးပါဘူး။ အထိနာတဲ့ဒေသက အများစုက ကရင်တွေပါ”ဟု ကေအိုင်စီသို့ ပြောသည်။
ဝါးခယ်မမြို့နယ်တွင် တည်ရှိသည့် ကကတိုက်ကျေးရွာသည် စုစုပေါင်း အိမ်ခြေ ၆၀၀ကျော်ရှိပြီး လေတိုက်ခိုက်ခံရသည့် အိမ်များ တွင် ဝါးအိမ်အများစုနှင့် သစ်အိမ်အချို့လည်း ပါဝင်သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။ လက်ရှိအချိန်တွင် လူနေအိမ် ပျက်စီးသွားသည့် ဒေသခံများထဲမှ ငွေကြေးတတ်နိုင်သူများမှာ နေအိမ်ကို ပြန်လည်ဆောက်လုပ်နိုင်သော်လည်း အချို့မှာ တဲထိုး နေထိုင်ခြင်း၊ နီးစပ်ရာ ဆွေမျိုးအိမ်သို့ ယာယီခိုလှုံနေထိုင်လျှက်ရှိသည်ဟု သိရသည်။



















