ဧပြီ ၂၇ရက်၊ ၂၀၁၅ခုနှစ်။ စဖန်းရှောင်း
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆိပ္ဖူးတောင်ကျောင်းတိုက် ဆရာတော်မှ ဦးစီး၍ ပထမဆုံးအကြိမ်အဖြစ် ကရင်စာပေထိန်း သိမ်းမြှင့်တင်ရေးနှင့် တိုးတက်ပြန့်ပွားရေး ဆရာဖြစ်ရက်တိုသင်တန်းတစ်ရပ်ကို ဧပြီလ ၂၆ရက်မှ မေလ ၅ရက်နေ့အထိ စတင် သင်တန်းပေးပို့ချနေပြီဖြစ်ကြောင်း သိရသည်။
၎င်းဆရာဖြစ်သင်တန်းကို မွန်ပြည်နယ် ကျိုက်ထိုမြို့ဆိပ္ဖူးတောင် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ ဘုန်းတော်ကြီးသင် ပညာ ရေး တွဲဘက်အထက်တန်းကျောင်းတွင် ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းရည်ရွယ်ချက်ကို ဆိပ္ဖူးတောင်ကျောင်းတိုက် နာယက ဆရာတော် ဘဒ္ဒန္တဇောတိကက ကေအိုင်စီသို့ ယခုလို မိန့်ကြားသည်။
ဆရာတော် ဘဒ္ဒန္တဇောတိကက “စာပေပျောက်ရင် လူမျိုးပျောက်သွား မယ်လေ။ စာပေမပျောက်အောင် ထိန်းသိမ်းဖို့က ကရင် စာ သင်တတ်တဲ့ ဆရာ၊ ဆရာမတွေ လိုအပ်ပါတယ်။ ဒါကြောင့် ဒီသင်တန်းကို ပထမဆုံးအဖြစ် ဖွင့်ဖြစ်တာပါ”ဟု မိန့်ကြားသည်။
သင်တန်းတွင် ကရင်ပြည်နယ် ဖားအံမြို့ရှိ သင်တန်းဆရာ၊ ဆရာမ (၅)ဦးမှ စကောကရင် စာပေအခြေခံ သူငယ်တန်းစာနှင့် ကရင်ဒုံးယိမ်းအကများကို သင်ကြားပေးနေပြီး မွန်ပြည်နယ်အတွင်းရှိ ပေါင်၊ သထုံ၊ ဘီးလင်း၊ ကျိုက်ထိုမြို့နယ်များရှိ ဘက(ဘုန်း ကြီး)ကျောင်းများမှ သင်တန်းသား ဆရာ၊ ဆရာမ ၁၀ဝဦး တက်ရောက်ကြောင်း သိရသည်။

၎င်းအပြင် ယခုနှစ်၊ ဇန်နဝါရီ ၁၃ရက်နေ့မှ စတင်ကာ ဆိပ္ဖူးတောင် စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ဦးဆောင်ပြီး စကောကရင် စာပေနှင့် ပအိုဝ်းစာပေကို ကျောင်းချိန်ပြင်ပ ပညာရေးအဖြစ် တွဲဖက်၍ အဆိုပါ ဘက တွဲဘက်အထက်တန်းကျောင်းတွင် သင် ကြားပေးလျှက်ရှိသည်။
ယခုဖွင့်လှစ်သော စကောကရင်စာပေသင်တန်းနှင့် ပတ်သက်၍ မွန်ပြည်နယ်အတွင်း စကောကရင်အများစု နေထိုင်သည့်အ တွက် ထိုစာတစ်မျိုးတည်းဖြင့် အတန်းမြှင့်ကာ သင်ကြားပေးသွားမည်ဖြစ်ပြီး လတ်တလော ကျောင်းချိန်ပြင်ပ ပညာရေးအဖြစ် သာ သင်ကြားပေးသွားမည်ဖြစ်သည်ဟု အဆိုပါဆရာတော်က ဆက်လက် မိန့်ကြားသည်။
၁၉၈၁ခုနှစ်က စတင် ဖွင့်လှစ်ခဲ့သည့် ဆိပ္ဖူးတောင် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း သည် ကရင်၊ ပအိုဝ်း၊ ပဒေါင်၊ ပလောင်၊ ရခိုင်၊ ချင်း စသည့်တိုင်းရင်းသားကျောင်းသူကျောင်းသားပေါင်း ၆၀၀ကျော်အား ပညာ သင်ကြားပေးနေပြီး လက်ရှိ မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၄၂ကျောင်းနှင့် ကျောင်းသူ ကျောင်းသားပေါင်း ၂,၅၀၀ကျော်ရှိကြောင်း သိရသည်။



















