မတ်လ ၆ရက်။ ၂၀၁၅ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ လူသောမြို့နယ်ရှိ အစိုးရစစ်တပ်သည် မတ်လ ၂ရက်နေ့က ဟင်းသီးဟင်းရွက် ထွက်ရှာ သည့် ဒေသခံရွာသား ၂ဦးအား လက်နက်ငယ်များဖြင့် ပစ်ခတ်ရာ ၁ဦးသေဆုံးကာ ၁ဦးမှာ ဒဏ်ရာရရှိသွားခဲ့ကြောင်း ဒေသခံ ရွာသားများက ပြောသည်။
လယ်မူပလောအုပ်စု၊ ထော်မူပလယ့်မဲစခန်းရှိ စစ်ဆင်ရေး ကွပ်ကဲမှု ဋ္ဌာနချုပ် စကခ(၁၀)လက်အောက်ခံ ခမရ(၃၆၃)၏ တပ်ဖွဲ့ တစ်ဖွဲ့သည် ထိုနေ့ နံနက် ၉နာရီခွဲနှင့် ၁ဝနာရီအချိန်တွင် ကွီးတဘီနေရာ၌ ၎င်းရွာသားနှစ်ဦးအား လက်နက်ငယ်များဖြင့် နှစ် ကြိမ် လာရောက်ပစ်ခတ်ရာမှ ယခုလို ထိခိုက်သေဆုံးရခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ လယ်မူပလောရွာသားတစ်ဦးက ပြောသည်။
၎င်းရွာသားက “ပထမ တခါပစ်တာ စောဖောသယ့် ဒဏ်ရာရသွားတယ်။ နောက်တစ်ခေါက် ထပ်ပစ်တာက စောမောင်ခင်ကို ထိ ပြီး အဲဒီမှာပဲ သေသွားတယ်။ သူတို့နှစ်ယောက်စလုံး ဟင်းသီးဟင်းရွက် ထွက်ရှာတာပဲ။ အရင်တုန်းက အစိုးရစစ်တပ်တွေ ဝင် လာတာမရှိတဲ့အတွက် လွတ်လွတ်လပ်လပ် သွားလာလို့ရတယ်။ အခုနောက်ပိုင်း သူတို့တွေ ဝင်ရောက်လာတာ များလာတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
၎င်းပစ်ခတ်မှုကြောင့် သေဆုံးသူ စောမောင်ခင်၏ အလောင်းအား ထိုနေ့တွင်ပင် ရွာသူရွာသားများမှ သွားရောက် သယ်ဆောင်ခဲ့ သလို ဒဏ်ရာရသူကိုလည်း ၎င်းဒေသရှိ နီးစပ်ရာ ကို်ယ်ထူကိုယ်ထ ဆေးပေးခန်းတစ်ခု၌ ဆေးကုသမှု ခံယူခဲ့ရသည်ဟု အဆိုပါ ရွာသားက ဆက်ပြောသည်။
ယခုဖြစ်ပွားမှုအပေါ် ကရင်လူ့အခွင့်အရေးအဖွဲ့အစည်း-KHRG မှ စောအယ်လ်ဘတ်က “အခုဖြစ်တဲ့နေရာက အစိုးရစစ်တပ်နဲ့ အတွေ့မခံတဲ့ ရွာတွေဖြစ်တယ်။ ဖြစ်စဉ် အသေးစိပ်ကို ကျနော်တို့ မရရှိသေးပေမယ့်လည်း ဖြစ်ပွားတာက သေချာပါတယ်။ အဲဒီ မှာရှိတဲ့ ကျနော်အဖွဲ့ဝင်တွေကို အချက်အလက် စုဆောင်းခိုင်းဆဲပါ”ဟု ကေအိုင်စီသို့ အတည်ပြု ပြောဆိုသည်။
ဖေဖော်ဝါရီ ၁၇ရက်နှင့် ၂၂ရက်နေ့များကလည်း ခိုမူပလောအုပ်စု၊ ဝါ့ကလေ့လုစခန်းရှိ အစိုးရစစ်တပ် စစ်ဆင်ရေး ကွပ်ကဲမှုဋ္ဌာန ချုပ် စကခ(၅)လက်အောက်ခံ တပ်ရင်းများဖြစ်ကြသည့် ခြေမြန်တပ်ရင်း-ခမရ(၄၁၀)နှင့် (၅၄၃)တပ်ရင်းမှ အဖွဲ့သည် တောင် ယာခုတ်ထွင်ရှင်းလင်းနေသည့် ရွာသားများအား လက်နက်ကြီးများဖြင့် အလားတူ လှမ်းပစ်ခတ်မှုများ ရှိခဲ့သေးသည်ဟု ကရင်လူ့ အခွင့်အရေးအဖွဲ့အစည်း(KHRG)က ဆိုသည်။
ဖာပွန်ခရိုင်ရှိ အစိုးရစစ်တပ်များသည် ၂၀၁၅ခုနှစ်ဆန်းပိုင်းမှစ၍ ကေအဲန်ယူ တပ်မဟာ(၅) သတ်မှတ်နယ်မြေ ကျော်လွန်၍ ပိုမို လှုပ်ရှားလာသဖြင့် ကေအဲန်ယူ တပ်ဖွဲ့ဝင်များနှင့် ပစ်ခတ်မှုများ ပြန်လည်ဖြစ်ပွားမှုရှိလာကြောင်း ကေအဲန်ယူ တပ်မဟာ(၅) ရုံး ထိုင်မှူးလည်းဖြစ်၊ ဖာပွန်ခရိုင် အတွင်းရေးမှူးဖြစ်သူ ဗိုလ်မှူးကြီးစောကလယ်ဒို့က ပြောသည်။
ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ကရင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင်အား ကေအိုင်စီမှ ဆက် သွယ်မေးမြန်းရာတွင် ဖြေကြားရန် မအားလပ်သေးကြောင်း ပြန်လည်ပြောဆိုသည်။


















