မတ်လ ၂၈ရက်၊ ၂၀၁၅ခုနှစ်။ နန်းချောင်ဖော့
ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(KWEG)မှ ဦးဆောင်၍ ရွေးကောက်ပွဲမဲပေးခြင်းဆိုင်ရာ အသိပညာ (Voter Education)နှင့် လူထုအသိပညာပေး(Civil Education) ဆရာဖြစ်သင်တန်းကို မတ်လ ၂၄ရက်မှ ၂၆ ရက်နေ့အထိ ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ KWEG ရုံးတွင် ပထမဆုံးအကြိမ် သင်ကြားပို့ချခဲ့သည်။
ဖားအံမြို့အခြေစိုက် KWEG ရုံးတာဝန်ခံ နော်စင်သီယာဝင်းက “ကျမတိုု့ သင်တန်းပေးတယ်ဆိုတာ ၂၀၁၅ ရွေးကောက်ပွဲလည်း နီးလာပြီ။ မြို့နယ်တွေမှာ လူထုတွေ မဲပေးတယ်ဆိုရင် ဘယ်လိုမဲပေးရမလဲဆိုတာ အကျယ်တဝင့် ပေးဖို့ရှိတယ်။ လောလောဆယ်ပထမဦးဆုံးအနေနဲ့ ဆရာဖြစ်သင်တန်းပေးတယ် ပေါ့။ ပြီးရင်တော့ ရွာတွေမှာ ပြန်ဆင်းပြီး သင်တန်းပေးမယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ပြီးခဲ့သည့် ၂၀၁ဝ ရွေးကောက်ပွဲ၌ ဒေသခံလူထုများသည် မဲပေးခြင်းဆိုင်ရာ အသိပညာများ အားနည်းသည့် အတွက် တာဝန်အရသာ မဲပေးခဲ့ကြကြောင်း၊ ၎င်းတို့ ပေးလိုက်သည့် မဲသည်လည်း အများအားဖြင့် ပယ်မဲ များဖြစ်ကြောင်းနှင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲဆိုလျှင် ၎င်းတို့၏ ရပိုင်ခွင့်များကို မည်သို့လုပ်ပေးရမည် ကို KWEG မှ အသိပညာပေးသွားမည်ဖြစ်ကြောင်း နော်စင်သီယာဝင်းက ဆက်ပြောသည်။
အဆိုပါသင်တန်းသို့ သင်တန်းသူ၊ သင်တန်းသား ၂ဝ ဦးတက်ရောက်ခဲ့ပြီး သင်တန်း၌ နိုင်ငံသား အသိပညာ တတ်ကျွမ်းမှု၊ လူ့အခွင့်အရေး၊ ရွေးကောက်ပွဲဆိုင်ရာ အကြောင်းအရာများနှင့် ပဲပေးပုံပေးနည်းများကို သင်ကြားပို့ချပေးကာ သင်တန်းပြီးနောက် သင်တန်းရောက်သူများသည် ဖားအံ၊ ကော့ကရိတ်၊ လှိုင်းဘွဲ၊ ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် သင်တန်းပြန်လည်ပို့ချသွားမည်ဖြစ်သည်ဟု KWEG က ဆိုသည်။
သင်တန်းတက်ရောက်ခဲ့သူ နော်ပုလဲဝါးက “ကျမတို့ လာမည့် ဧပြီလမှာ ရွာတွေမှာ သင်တန်းပြန်ပို့ချရမယ်။ ဒီလိုမျိုး လုပ်ခြင်းအားဖြင့်က မဲဆန္ဒရှင်တွေက သူတို့မဲပေးဖို့ သိလာမယ်။ အခွင့်အရေးတွေ သူတို့ သိလာ မယ်။ အရင်က သူတို့ ဘယ်လိုပေးရမယ်မှန်း သူတို့မသိဘူး။ ဒီနောက်ပိုင်းမှာဆိုရင်တော့ သူတို့ သိလာပြီး မဲပေးဖို့က ဘာမှကြောက်စရာလည်း မလိုတော့ဘူး”ဟု ကေအိုင်စီသို့ ပြောဆိုသည်။
KWEG သည် မြန်မာနိုင်ငံရှိ လိုအပ်ချက်အများဆုံးရှိသော ဒေသတွင်း အမျိုးသမီးများအတွက် တန်းတူညီမျှ သော အခွင့်အရေးနှင့် ရေရှည်တည်တံ့ပြီး သဟဇာတဖြစ်သော ဖွံ့ဖြိုးတိုးတက်မှုရရှိရေး လုပ်ဆောင်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် မျှော်မှန်းပြီး အမျိုးသမီးအဖွဲ့များ၊ ကလေးအဖွဲ့များ၊ မိမိကိုယ်တိုင် ရပ်တည်လာ နိုင်ရေးနှင့် ရပ်ရွာအခြေပြုအဖွဲ့အစည်းများ၏ စွမ်းရည်များ အားကောင်းလာစေရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။



















