Home သတင်း ‌မြောင်းမြတွင် ကရင်စာ ဆရာဖြစ် မွမ်းမံသင်တန်း ဆင်းပွဲပြုလုပ်

‌မြောင်းမြတွင် ကရင်စာ ဆရာဖြစ် မွမ်းမံသင်တန်း ဆင်းပွဲပြုလုပ်

2323

မတ်လ ၂၁ရက်၊၂၀၁၅ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ဧရာဝတီတိုင်း‌ဒေသကြီး၊ ‌မြောင်းမြမြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီက မတ် ၁၆ရက်‌နေ့မှစတင် ဖွင့်လှစ်ခဲ့သည့် ကရင်စာဆရာဖြစ် မွမ်းမံသင်တန်းဆင်းပွဲကို မတ်လ ၂၁ရက် နံနက်တွင် ‌မြောင်းမြမြို့၊ ‌ရေတွင်းကန်ရပ်ကွက်၊ ဖူး‌စောဘုကျမ်းစာသင်‌ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ သင်တန်းသို့ ‌မြောင်းမြ၊ အိမ်မဲမြို့နယ် အစိုးရစာသင်‌ကျောင်းများမှ ကရင်ဆရာ၊ ဆရာမများနှင့် အစိုးရ ဝန်ထမ်းမဟုတ်သည့် ပြင်ပကရင်စာသင် ဆရာ၊ ဆရာမ စုစု‌ပေါင်း သင်တန်းသူ ၃၅၃ဦးတက်‌ရောက်ခဲ့ပြီး ပိုးကရင်၊ စ‌ကောကရင် စာ‌ပေများကို မတ် ၁၆မှ ၂ဝရက်ထိ ဆရာဖြစ်မွမ်းမံသင်ကြား‌ပေးခဲ့သည်ဟု ‌မြောင်းမြမြို့နယ် ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီ အတွင်း‌ရေးမှူး မန်းထွန်းလင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

“သင်တန်းဖွင့်ရတဲ့ရည်ရွယ်ချက်က ပိုး၊ စ‌ကော စတဲ့ကရင်စာ‌ပေ တိုးတက်လာဖို့ ကရင်‌ကျောင်းသူ၊ ‌ကျောင်းသား အများအပြား တက်‌ရောက်‌နေတဲ့ အစိုးရ‌ကျောင်း‌တွေမှာ ကရင်စာသင် ဆရာ၊ ဆရာမ‌တွေ အလုံ အ‌လောက်ရရှိလာဖို့အတွက် အခုလို သင်တန်းမျိုးဖွင့်‌ပေးတာဖြစ်တယ်” ဟု မန်းထွန်းလင်းက ‌ပြောသည်။

ငါးရက်ကြာ ဖွင့်လှစ်ခဲ့သည့် ၎င်းသင်တန်းတွင် ကရင်စာ‌ပေအပြင် ကရင်ရိုးရာယဉ်‌ကျေးမှု ပြန်လည်ထိန်းသိမ်းရာတွင် အ‌ထောက်အကူပြုသည့် အဆို၊ အက၊ အတီးတို့ကို ထည့်သွင်း သင်ကြားခဲ့သလို သင်တန်းဆင်း၊ ဆရာဆရာမများကိုလည်း လာမည့်ပညာသင်နှစ်တွင် ကရင်စာသင်ဆရာ လိုအပ်သည့် အစိုးရ‌ကျောင်းများ၌ မြို့နယ်စာယဉ် အစီအစဉ်ဖြင့် သင်ကြားခွင့်‌ပေးသွားမည်ဖြစ်သည်ဟု မန်းထွန်းလင်းက ဆက်‌ပြောသည်။

နံနက် ၈နာရီမှ ၁၁နာရီခွဲထိ ပြုလုပ်ခဲ့သည့် ယ‌နေ့ သင်တန်းဆင်းပွဲသို့ ကရင်ဘုန်း‌တော်ကြီးများ၊ ခရစ်ယာန် သိက္ခာ‌တော်ရ ဆရာ‌တော်များ၊ ‌မြောင်းမြခရိုင်အုပ်ချုပ်‌ရေးမှူး၊ ခရိုင်ပညာ‌ရေးမှူး၊ အိမ်မဲမြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီဝင်များနှင့် သင်တန်းသူ သင်တန်းသား ဆရာဆရာမများအပြင် ရပ်မိရပ်ဖ ၅၀၀‌ကျော် တက်‌ရောက်ခဲ့သည်။

‌မြောင်းမြမြို့နယ်၊ ပိန္နဲ‌ချောင်းရွာမှ သင်တန်းသူ နန့်အဲနာ “ကျမ သင်တန်းလာတက်တာက ကရင်စာကရင် စကား ပိုတတ်ချင်တယ်။ လိုအပ်ရင်ပြန်သင်‌ပေးနိုင်‌အောင်ပါ။ ဒီမှာအများစုက ကရင်စကား‌ပြောတဲ့အခါမှာ ဗမာစကားထည့်သွင်း‌ပြောတာများတယ်။ အဲဒါကိုနည်းလာ‌စေပြီး ကရင်စကားစစ်စစ် ‌ပြောတတ်လာဖို့အတွက် အ‌ထောက်အကူပြုနိုင်ဖို့ ဒီသင်တန်းကို လာတက်တာပါ ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လတ်တ‌လောတွင် ‌မြောင်းမြမြို့နယ်အတွင်းရှိ အစိုးရစာသင်‌ကျောင်းများ၌ ကရင်စာ‌ပေသင်ကြား‌ပေးလျှက်ရှိပြီး ယခုလို ကရင်စာသင်ဆရာဆရာမများ မွမ်းမံသင်တန်းကိုလည်း ၂၀၀၈ခုနှစ်မှ စတင်ကာနှစ်စဉ် ဖွင့်လှစ်ခဲ့သည်ဟု မြို့နယ်စာယဉ်က ‌ပြောသည်။