Home သတင်း မီဒီယာလွတ်လပ်ခွင့် ကင်းမဲ့‌နေဆဲဟု မြန်မာမီဒီယာအဖွဲ့များ ‌ဝေဖန်

မီဒီယာလွတ်လပ်ခွင့် ကင်းမဲ့‌နေဆဲဟု မြန်မာမီဒီယာအဖွဲ့များ ‌ဝေဖန်

1549

မတ်လ ၂ဝရက်၊ ၂၀၁၅ခုနှစ်။ ‌စောခါးစူးညား

မြန်မာနိုင်ငံတွင် မီဒီယာလွတ်လပ်ခွင့်ရှိ‌နေပြီဖြစ်‌ကြောင်း မြန်မာအစိုးရက‌ပြော‌သော်လည်း အမှန်စင်စစ် မီဒီယာ လွတ်လပ်ခွင့်ကင်းမဲ့‌နေဆဲဖြစ်‌ကြောင်း ချင်းပြည်နယ်၊ ဟားခါးမြို့၌ ပြုလုပ်သည့် တတိယအကြိမ် တိုင်းရင်း မီဒီယာညီလာခံအတွင်း မတ်လ ၁၉ရက်‌နေ့၊ ဒုတိယ‌နေ့‌ဆွေး‌နွေးပွဲတွင် တက်‌ရောက်လာကြသည့် မီဒီယာအဖွဲ့များက ‌ဝေဖန်‌ပြောဆိုလိုက်သည်။

တိုင်းရင်းသားမီဒီယာအဖွဲ့များ၊ ပြည်တွင်းအ‌ခြေစိုက်ပြည်တွင်း ပုဂ္ဂလိကသတင်းမီဒီယာအဖွဲ့အပါအဝင် အဖွဲ့‌ပေါင်း (၉၀)ဝန်းကျင် တက်‌ရောက်‌သော ယင်းညီလာခံ၌ မီဒီယာဥပ‌ဒေ၊ မီဒီယာဖွံ့ဖြိုးတိုးတက်မှုနှင့် မီဒီယာ‌ဈေးကွက်တင်ခြင်း‌ခေါင်းစဉ်ဖြင့် ‌ဆွေး‌နွေးသည့် စကားဝိုင်းတွင် ဦး‌ဆောင်‌ဆွေး‌နွေးခဲ့သူ မီဒီယာသမားများက ထိုသို့‌ဝေဖန်‌ပြောဆိုလိုက်ခြင်းဖြစ်သည်။

စကားဝိုင်းတွင် ပါဝင်‌ဆွေး‌နွေးခဲ့သူ မြစ်မခသတင်းဂျာနယ် အယ်ဒီတာချုပ် ‌ဒေါ်‌မေသကြင်္န်ဟိန်က “မီဒီယာ လွတ်လပ်ခွင့်လို့‌ပြောရင် လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်နဲ့ သတင်း‌ရေးသားပိုင်ခွင့်ဆိုပြီး နှစ်ချက်ရှိပါတယ်။ လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်ကို ကြည့်ရင်အစိုးရရဲ့ မြဝတီနဲ့ MRTV တို့ ယူလို့ရတဲ့ သတင်း‌တွေကို ပုဂ္ဂလိကနဲ့ တိုင်းရင်းသားမီဒီယာ‌တွေ ယူလို့ မရ‌သေးပါဘူး။ လွတ်လပ်စွာ သတင်း‌ရေးသားခွင့်ဆိုရင်လည်း ကျမတို့ကို ခြိမ်း‌ခြောက်တဲ့ ဥပ‌ဒေ‌တွေနဲ့ ချုပ်ကိုင်ထားမှု‌တွေ ရှိ‌နေဆဲပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ အစိုးရ၏ ကန့်သတ်ထားချက်များ ရှိ‌နေ‌သေး‌သော‌ကြောင့် မီဒီယာလွတ်လပ်ခွင့်ရရှိပြီဟု မဆိုနိုင်‌ကြောင်း၊ သတင်းလွတ်လပ်ခွင့် ပိုမိုရရှိရန်အတွက် စာနယ်ဇင်းအဖွဲ့အစည်းများ ညီညီညွှတ်ညွှတ်ဖြင့် ဝိုင်းဝန်းလုပ်‌ဆောင် သွားရန် လို‌ကြောင်းနှင့် မိမိသက်ဆိုင်ရာ မီဒီယာအဖွဲ့အစည်းများကလည်း သတင်းရယူသည့်အခါ ကိုယ်ကျိုးမကြည့်ကြရန် လို‌ကြောင်း ‌ဒေါ်‌မေသကြင်္န်ဟိန်က ဆက်လက်‌ပြောဆိုသည်။
11069701_798987333520799_1570568593_o
မြန်မာနိုင်ငံတွင် အစိုးရသစ်တက်လာသည်နှင့်အမျှ သတင်းမီဒီယာလွတ်လပ်ခွင့်နှင့်ပတ်သက်၍ စာ‌ပေစိစစ်‌ရေး ဖျက်သိမ်းခဲ့သလို သတင်းထုတ်‌ဝေခွင့်ပြုသည့်အခါ တင်ထုတ်စနစ်မှ ထုတ်တင်စနစ်သို့ ‌ပြောင်းလဲကျင့်သုံး‌နေပြီ ဖြစ်‌ကြောင်း မတ်လ ၁၈ရက်‌နေ့က တိုင်းရင်းမီဒီယာညီလာခံ ဖွင့်ပွဲအခမ်းအနားတွင် ပြည်‌ထောင်စု ပြန်ကြား‌ရေး ဝန်ကြီးဋ္ဌာန ဒုတိယဝန်ကြီး ဦးပိုက်‌ထွေးက ‌ပြောကြားခဲ့သည်။
ညီလာခံတက်‌ရောက်သည့် ကန္တာရဝတီတိုင်း အယ်ဒီတာချုပ် ခူးသားငယ်က “အစိုးရက စာ‌ပေစိစစ်‌ရေး ဖျက်သိမ်းလိုက်ပြီလို့ ‌ပြော‌ပေမယ့် ကျ‌နော်တို့ သတင်းရယူတဲ့‌နေရာမှာ သက်ဆိုင်ရာအစိုးရဌာနကို သတင်း ‌မေးမြန်းတဲ့အခါ အ‌ကြောင်းအမျိုးမျိုးပြပြီး ပြန်လည်‌ဖြေကြားဖို့ ‌ရှောင်လွှဲမှုလုပ်‌နေတာ‌တွေ ရှိ‌နေတုန်းပါပဲ။ ဒါဟာ မီဒီယာလွတ်လပ်ခွင့် တကယ်မရှိ‌သေးဘူးဆိုတာ ပြ‌နေတာဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် တတိယအကြိမ် တိုင်းရင်းမီဒီယာညီလာခံ၏ ဒုတိယ‌နေ့တွင် တိုင်းရင်းသားမီဒီယာတိုးတက်‌ရေး အတွက် မြန်မာပင်မမီဒီယာ၏ တာဝန်၊ ဓာတ်ပုံသတင်းသမားတစ်ဦး၏ သဘာဝပတ်ဝန်းကျင်အ‌ပေါ် ‌လေ့လာခြင်း၊ သဘာဝပတ်ဝန်းကျင်‌ပေါ်တွင် သတင်းမီဒီယာလွှမ်းမိုးမှု၊ သဘာဝပတ်ဝန်းကျင်၏ စိန်‌ခေါ်မှုများ၊ သဘာဝပတ်ဝန်းကျင် သတင်းအချက်အလက်များကို ‌လေ့လာခြင်း၊ ငြိမ်းချမ်း‌ရေးနှင့် မီဒီယာ စသည့် စကားဝိုင်းဖြင့် ‌ဆွေး‌နွေးခဲ့ကြသည်။

နိုင်ငံတကာမြန်မာ့သတင်း(ဘီအဲန်အိုင်)မှ ဦးစီးကာ ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ၃ရက်ကြာ ပြုလုပ်သည့် တိုင်းရင်းမီဒီယာညီလာခံ၌ မြန်မာနိုင်ငံရှိ တိုင်းရင်းသားမီဒီယာများ၊ ပြည်တွင်းအ‌ခြေစိုက် ပုဂ္ဂလိကမီဒီယာများ၊ အစိုးရမီဒီယာများ၊ အစိုးရမဟုတ်‌သော အဖွဲ့အစည်းများ၊ တိုင်းရင်းသားနိုင်ငံ‌ရေးပါတီများနှင့် လူထုအ‌ခြေပြု အဖွဲ့အစည်းများမှ ‌လေ့လာသူနှင့် ကိုယ်စားလှယ်များ စုစု‌ပေါင်း၂၀၀‌ကျော်တက်‌ရောက်ခဲ့ကြသည်။