Home သတင်း ‌စောဆန်း‌အောင်ကို DKBAအဖွဲ့ဝင် အဖြစ်မှ ပြန်လည်ထုတ်ပယ်ရန် ဗိုလ်ချုပ်ကြီး ‌စောလားပွယ် ညွှန်ကြား

‌စောဆန်း‌အောင်ကို DKBAအဖွဲ့ဝင် အဖြစ်မှ ပြန်လည်ထုတ်ပယ်ရန် ဗိုလ်ချုပ်ကြီး ‌စောလားပွယ် ညွှန်ကြား

2448

မတ်လ ၂၃ရက်။ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော်(DKBA)၏ စစ်ဦးစီးချုပ် တာဝန်မှ ယာယီအနားယူထားသည့် ဗိုလ်ချုပ်ကြီး ‌စောလားပွယ်က ဗိုလ်မှူးကြီး ‌စောဆန်း‌အောင်ကို အဖွဲ့ဝင်အဖြစ်မှ ချက်ချင်း ပြန်လည်ထုတ်ပယ်ရန် မတ်လ ၂၁ရက်စွဲပါ အမိန့်ညွှန်ကြားစာတစ်‌စောင်ထုတ်ပြန်ခဲ့သည်။

ဗိုလ်ချုပ်ကြီး ‌စောလားပွယ် ကိုယ်တိုင် လက်မှတ်ထိုးထား‌သော ၎င်းအမိန့်ညွှန်ကြားစာကို ဗိုလ်မှူးကြီး ‌စောဆန်း‌အောင်အား ပြန်လည်လက်ခံသူ DKBA ကလိုထူးဝါး တပ်မဟာမှူး ဗိုလ်ချုပ် ‌စော‌ကျော်သက်ထံသို့ တိုက်ရိုက်‌ပေးပို့ခဲ့သလို DKBA အရာရှိများနှင့် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA) တပ်မဟာ (၆)တို့ကို မိတ္တူများ ‌ပေးပို့ခဲ့သည်။

ယခု ကိစ္စအ‌ပေါ်က ကလိုထူးဝါး တပ်မဟာ ‌ထောက်လှမ်း‌ရေးမှူး ဗိုလ်ကြီး ‌စောသရီးထူးက “ဒါက ဒီလိုရှိပါတယ်။ သူမသိရဘဲနဲ့ ဒီလိုလုပ်တဲ့အခါကျ‌တော့ အဲဒါချက်ချင်း ထုတ်ပယ်ခိုင်းတဲ့သ‌ဘောပါပဲ။ သ‌ဘောထားကွဲလွဲတာ မဟုတ်ပါဘူး။ စစ်ဦးစီးချုပ်ရဲ့ကျန်းမာ‌ရေး အ‌ခြေအ‌နေရ လူချင်း မ‌တွေ့ဖြစ်‌သေးတာပါ။ ‌တွေ့ရင်‌တော့ အားလုံး အဆင်‌ပြေသွားမှာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ဗိုလ်ချုပ်‌စော‌ကျော်သက်ကလည်း ဗိုလ်မှူး‌စောဆန်း‌အောင်အား ပြန်လည်လက်ခံခြင်းသည် လတ်တ‌လော နိုင်ငံ‌ရေးအ‌ခြေအ‌နေနှင့် နယ်‌မြေ ရှုပ်‌ထွေးမှု အ‌ခြေအ‌နေများ‌ကြောင့် မလိုလားအပ်‌သော ပြဿနာများ မဖြစ်‌အောင် ထိန်းချုပ်ထားလိုသည့် သ‌ဘောသာ ဖြစ်သည်ဟု ‌စောသရီးထူးက ဆက်‌ပြောသည်။

ဗိုလ်မှူးကြီး‌စောဆန်း‌အောင်သည် ၂၀၁၄ခုနှစ်၊ စက်တင်ဘာ ၂၆ရက်‌နေ့က မွန်ပြည်နယ်၊ ကျိုက်မ‌ရောမြို့နယ် အတွင်း အစိုးရတပ်နှင့် တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည့် ကိစ္စအ‌ပေါ် ‌ဖြေရှင်းရန် ပျက်ကွက်သဖြင့် ဗိုလ်ချုပ်ကြီး ‌စောလားပွယ်ကိုယ်စား ဒုစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ‌စောမို‌ရှေးက လက်မှတ်‌ရေးထိုး၍ ‌အောက်တိုဘာ ၂၁ ရက်‌နေ့ တွင် တပ်ဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ခဲ့ကာ ယခု မတ်လ ၇ရက်‌နေ့က ကလိုထူးဝါးတပ်မဟာက ပြန်လည် လက်ခံခဲ့ခြင်းဖြစ်သည်။

DKBA ထိန်းချုပ်နယ်‌မြေရှိ ပညာ‌ရေးဝန်ထမ်းတစ်ဦးဖြစ်သူ ‌စောအယ်ဂူးက “အခုဖြစ်ပုံက လက်‌အောက်ခံတပ်ဖွဲ့ ‌တွေ လုပ်တဲ့ကိစ္စကို ဗဟိုက မသိတဲ့ပုံစံမျိုးထင်တယ်။ ကျ‌နော်တို့ ပြည်သူအ‌နေနဲ့က‌တော့ ဒါမျိုးဖြစ်တာ မလိုလားဘူး‌ပေါ့‌နော်။ ဒါက အဖွဲ့အစည်းအတွက်လည်း မ‌ကောင်းသလို ပြည်သူအတွက်လည်း စိုးရိမ်စရာဖြစ်‌စေပါတယ်”ဟု ‌ပြောသည်။

ရန်ကုန်မြို့တွင် ‌ဆေးကုသမှုခံရ‌နေသည့် ဗိုလ်ချုပ်ကြီး ‌စောလားပွယ်သည် ကျန်းမာ‌ရေး အ‌ခြေအ‌နေ‌ကြောင့် ၎င်းတာဝန်ယူထား‌သော စစ်ဦးစီးချုပ် တာဝန်ကို ဒုစစ်ဦးစီးချုပ်ဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ‌စောမို‌ရှေးအား ယာယီလွှဲ‌ပြောင်း ‌ပေးလိုက်‌ကြောင်း မတ်လ ၂၁ရက်‌နေ့က အလားတူ အမိန့်ထုတ်ပြန်ချက် တစ်‌စောင်ထုတ်ပြန်ခဲ့သည်။