Home သတင်း တိုင်းရင်းသားသတင်းသမားများအား လုံခြုံမှု‌ပေးရန်နှင့် ခွဲခြားဆက်ဆံခြင်းမပြုရန် ဘီအဲန်အိုင် ‌တောင်းဆို

တိုင်းရင်းသားသတင်းသမားများအား လုံခြုံမှု‌ပေးရန်နှင့် ခွဲခြားဆက်ဆံခြင်းမပြုရန် ဘီအဲန်အိုင် ‌တောင်းဆို

1727

မတ်လ ၂၃ရက်၊ ၂၀၁၅ခုနှစ်။ ‌စောခါးစူးညား

မြန်မာနိုင်ငံ ပြည်နယ်များအတွင်း၌ သတင်းရယူ‌နေသည့် တိုင်းရင်းသားသတင်းသမားများကို သက်ဆိုင်ရာ ပြည်နယ်အစိုးရများ အ‌နေဖြင့် လုံခြုံမှု‌ပေးရန်နှင့် ခွဲခြားဆက်ဆံခြင်း မပြုလုပ်ရန် နိုင်ငံတကာ မြန်မာ့သတင်း(ဘီအဲန်အိုင်)က မတ်လ ၂ဝရက်‌နေ့က ‌တောင်းဆိုလိုက်သည်။

ချင်းပြည်နယ် ဟားခါးမြို့တွင် မတ်လ ၁၈ရက်မှ ၂ဝရက်‌နေ့အထိ ပြုလုပ်သည့် တတိယအကြိမ် တိုင်းရင်းမီဒီယာညီလာခံအပြီး ဘီအဲန်အိုင်မှ ထုတ်ပြန်‌တောင်းဆိုထားသည့် အချက် (၁၄)ချက်ပါ ‌ကြေညာချက်ထဲတွင် တိုင်းရင်းသားသတင်းသမားများအား ထိုသို့ မပြုလုပ်ရန်အချက်ကို ‌တောင်းဆိုထားခြင်းဖြစ်သည်။

ဘီအဲန်အိုင် ဘုတ်ဒါရိုက်တာတစ်ဦးဖြစ်သူ နိုင်က‌ဆော့မွန်က “လက်ရှိအ‌ခြေအ‌နေအရ အစိုးရနဲ့ နီးစပ်တဲ့သတင်းဌာနက သတင်း ‌ထောက်နဲ့ ကျ‌နော်တို့ ပြည်နယ်က သတင်း‌ထောက်‌တွေ သတင်းရယူတဲ့အခါ ခွဲခြားဆက်ဆံခံရမှု‌တွေ ရှိ‌နေတာပါ။ တိုင်းရင်း သားမီဒီယာ‌တွေ အထူးသဖြင့် ပြည်နယ်‌တွေမှာ သတင်းယူကြတယ်။ ဒါကို သက်ဆိုင်ရာအုပ်ချုပ်တဲ့ ပြည်နယ်အစိုးရအ‌နေနဲ့ ပြည်နယ်များထဲက သတင်း‌ထောက်‌တွေကို အကာအကွယ်‌ပေးဖို့ ကျ‌နော်တို့ ဦးတည်‌တောင်းဆိုတာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီ သို့ ‌ပြောသည်။

ထိုသို့ ပြည်နယ်အစိုးရထံ ‌တောင်းဆိုရာတွင် တိုင်းရင်းသားမီဒီယာသည့် တိုင်းရင်းသား‌ဒေသများ ဖွံ့ဖြိုးတိုးတက်‌ရေး၊ ဒီမိုက‌ရေစီ ထွန်းကား‌ရေးအတွက် ‌ဆောင်ရွက်ကြရန် တာဝန်ရှိသည်ဟု ခံယူပြီး ကြိုးပမ်း‌ဆောင်ရွက်ကြရန်၊ ပြည်နယ်နှင့်တိုင်းများတွင် ပုံနှိပ် စက်များ ထားရှိ‌ပေးပြီး ‌ဈေးနှုန်းချိုသာစွာ အသုံးပြုခွင့်‌ပေးရန် စသည့်အချက်များလည်း ထည့်သွင်းပါရှိသည်။

မီဒီယာနှင့်ပတ်သက်၍ ဘီအဲန်အိုင် ထုတ်ပြန်ချက်ထဲတွင် ပြည်‌ထောင်စုအစိုးရထံ ၈ချက်၊ ပြည်နယ်အစိုးရထံ ၃ချက်၊ နိုင်ငံတ ကာ အလှူရှင်များထံ ၁ချက်နှင့် စာနယ်ဇင်း‌ကောင်စီထံသို့ ၂ချက် ‌တောင်းဆိုထားခြင်းဖြစ်သည်။

ဘီအဲန်အိုင် အမှု‌ဆောင်ဒါရိုက်တာ နန်း‌ဖော့‌ဂေကလည်း “ကျမတို့ အခုလို ‌တောင်းဆိုတာက လက်ရှိ အ‌နေအထားမှာ မီဒီယာ လွတ်လပ်ခွင့် ရှိလာပြီးလို့ ‌ယေဘုယျအားဖြင့် ‌ပြောနိုင်‌ပေမယ့် အစိုးရက မီဒီယာနဲ့ပတ်သက်ပြီး ပုံနှိပ်ထုတ်‌ဝေခွင့်တစ်ခုပဲ ‌ပေး ထား‌သေးတယ်။ ကျန်တဲ့ဟာ‌တွေလည်း အချိန်ဆွဲ‌နေတာ ရှိ‌နေတယ်။ ဒါ‌တွေကိုက ကျမတို့ကို ခွဲခြားဆက်ဆံ‌နေတာပါ။ ‌နောက် ပြီး မီဒီယာဥပ‌ဒေ တိတိကျကျ မပြဋ္ဌာန်းနိုင်သ‌ရွေ့ အစိုးရဘက်က မီဒီယာပဲ အခွင့်အ‌ရေးပိုရ‌နေတယ်လို့ ကျမမြင်တယ်”ဟု ‌ပြော သည်။

တတိယအကြိမ် တိုင်းရင်းညီလာခံကို ကျင်းပနိုင်ရန် အစိုးရ ပြန်ကြား‌ရေးဝန်ကြီးဌာန၊ ချင်းပြည်နယ် အစိုးရအဖွဲ့တို့ ခွင့်ပြုချက်နှင့် အညီ ‌ဆောင်ရွက်ခဲ့ပြီး ‌ငွေ‌ကြေး‌ထောက်ပံ့မှုအဖြစ် USAID, Open Society Foundation (OSF), Foreign Affairs, Trade and Development Canada, SEAPA တို့မှ ကူညီ‌ပေးခဲ့ခြင်းဖြစ်သည်ဟု ဘီအဲန်အိုင်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဘီအဲန်အိုင်မှ ဦးစီး၍ တိုင်းရင်းမီဒီယာညီလာခံကို ၂၀၁၃ခုနှစ်၊ ဧပြီလ ၂၅ရက်မှ ၂၇ရက်‌နေ့အထိ မွန်ပြည်နယ်၊ ‌မော်လမြိုင်မြို့ တွင်လည်း‌ကောင်း၊ ၂၀၁၄ခုနှစ်၊ မတ်လ ၄ရက်မှ ၆ရက်‌နေ့အထိ ရှမ်း(သျှမ်း)ပြည်နယ်၊ ‌တောင်ကြီးမြို့တွင်လည်း‌ကောင်း ပြုလုပ် ခဲ့ပြီး ယခုနှစ် မတ်လ ၁၈ရက်မှ ၂ဝရက်‌နေ့အထိ ချင်းပြည်နယ် ဟားခါးမြို့တွင်လည်း‌ကောင်း စုစု‌ပေါင်း သုံးကြိမ် ပြုလုပ်ကျင်းပ ခဲ့ပြီးဖြစ်သည်။

လာမည့် ၂၀၁၆ခုနှစ်အတွက် ကျင်းပမည့် စတုတ္ထအကြိမ်‌မြောက် တိုင်းရင်းမီဒီယာညီလာခံကို ဘီအဲန်အိုင်က ရခိုင်ပြည်နယ်တွင် ကျင်းပသွားရန် ရှိသည်ဟု သိရသည်။