မတ် ၂ဝရက်၊ ၂၀၁၅ ခုနှစ်။ စဖန်းရှောင်း
ကရင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သော စစ်ဘေးဒဏ်ကြောင့် ပြည်သူများခံစားခဲ့ရမှုဒုက္ခများကို အဓိကဖော်ညွန်း ထားသည့် ‘မငိုပါနဲ့တော့မေမေ’ အမည်ရ မြန်မာစာတမ်းထိုး ကရင်ဗီဒီယိုဇာတ်ကားတစ်ခုကို မတ် ၁၉ ရက်နေ့တွင် စတင်ရိုက်ကူးသွားမည်ဟု ဒါရိုက်တာ စောသမော့အဲဖောင်က ကေအိုင်စီသို့ ပြောသည်။
အဆိုပါ ဗီဒီယိုဇာတ်ကားကို ကရင်ပြည်နယ်ခြားစောင့်တပ် BGF ဗိုလ်မှူးကြီးစောချစ်သူ ရေးသားထားသည့် ဝတ္တုကို ပြန်လည်ပုံဖော်ထားပြီး ဇာတ်ညွန်းနှင့် ဒါရိုက်တာများအဖြစ် စောသမော့အဲဖောင်၊ တွဲဖက်ဒါရိုက်တာ များအဖြစ် ကရင်အဆိုတော်နှင့် သရုပ်ဆောင် ကျော်လိုက်သိက်၊ မူလယားဝေါ်တို့ ဦးစီးရိုက်ကူးသွားမည် ဖြစ်သည်။
ဒါရိုက်တာ စောသမော့အဲမောင်က “ကရင်ပြည်နယ် အတွင်းဖြစ်ပွားခဲ့တဲ့ စစ်ဘေးဒုက္ခကို နောင်လာနောက် သားတွေသိအောင်၊ စစ်ဘေးကြောင့် အနာဂတ်လူငယ်တွေ ဒုက္ခမရောက်ပဲ အဲဒီအတွက် ငြိမ်းချမ်းရေးဆိုတာ အရေးကြီးကြောင်း သိမြင်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ရိုက်ကူးမှာ ဖြစ်ပါတယ်” ဟု မတ် ၁၉ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။
ယင်းဇာတ်ကားကို ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်မြို့နှင့် ထိုင်းနိုင်ငံများတွင် အနည်းဆုံးအချိန်သုံးလကြာရိုက်ကူးမည်ဖြစ်ကာ ဇာတ်ကား၌ သရုပ်ဆောင်များအဖြစ် ကရင်အနုပညာရှင်မင်းသား ရှားဖောင်၊ ထူးအဲ့မူး၊ ပါလဝီး၊ မင်းသမီးများအဖြစ် ဖော့သိုင်တော့၊ မူတိုင်ဟိ၊ နွယ်နွယ်၊ နဒီဖော့အွာတို့အပြင် အခြားဇာတ်ပို့ဇာတ်ရံများစွာပါဝင်ပြီး စကောကရင်၊ အရှေ့ပိုးကရင်စကားပြော မြန်မာဘာသာစကား စာတန်းထိုးဖြင့် ရိုက်ကူးမည် ဖြစ်သည်။
၎င်းဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်မည့် မင်းသားထူးအဲ့မူးက“ကျနော့်အနေနဲ့ အရင်က ကရင်ဗီစီဒီ သီချင်းတွေပဲဆိုဖူးတယ်။ အခုလို သရုပ်ဆောင်အဖြစ် ပါဝင်ခွင့်ရတာ ဝမ်းသာတယ်။ ဒီအခွေကလည်း အောင်မြင်မယ်လို့ ထင်ပါတယ်။ အောင်မြင်မှုရအောင် အတတ်နိုင်ဆုံး ကြိုးစားသရုပ်ဆောင်သွားမှာပါ” ဟု ပြောဆိုသည်။
ထိုဗီဒီယိုဇာတ်ကား ဇာတ်လမ်းအကျဉ်းမှာ စစ်ဘေးကြောင့် မိသားစုပြိုကွဲပြီး ဆင်းရဲဒုက္ခရောက်ကာ ပြေးလွှားရင်း ညီအစ်ကိုမောင်နှမ အချင်းချင်းကွဲကွာသွားပြီးနောက် လက်နက်ကိုင်တပ် အသီးသီးသို့ရောက်ရှိ သွားကာ စိတ်ဝမ်းကွဲနေရပုံ၊ ထိုသို့ ကွဲကွာသွားသော သားသမီးများအပေါ် ဆင်းရဲဒုက္ခခံကာ မိခင်တစ်ဦး၏အနှိုင်းမဲ့ မိဘမေတ္တာကို ပေါ်လွင်အောင်ပုံဖော်ရိုက်ကူးမည်ဖြစ်သည်။
ကရင်ပြည်နယ်တွင်း အနုပညာနှင့်ပတ်သက်သည့် လှုပ်ရှားမှုများမှာ ၂၀၀ဝပြည့်နှစ်နောက်ပိုင်းမှ စတင်ကာ ကရင်ဗီစီဒီ သီချင်းများနှင့် ကရင်ဗီဒီယိုဇာတ်ကားပေါင်း ၄ဝနီးပါးခန့် ထွက်ရှိခဲ့သော်လည်း နည်းပညာ၊ ငွေကြေး၊ ဖြန့်ချိမှုအပိုင်းနှင့် သရုပ်ဆောင်ပိုင်းများတွင် အားနည်းမှုများစွာ ရှိနေသေးသည်ဟု ကရင်အနုပညာ ရှင်များက ပြောဆိုနေကြသည်။
ထို့ကြောင့် အများနည်းတူ ဈေးကွက်ထိုးဖောက်နိုင်အောင် ဆက်လက်ကြိုးစားလျှက်ရှိနေပြီး ယခုရိုက်ကူးမည့် ကရင် ဗီဒီယိုဇတ်ကားကို မြန်မာဒါရိုက်တာနှင့် နာမည်ကြီး မြန်မာသရုပ်ဆောင်များက ဝတ္တု ဇာတ်ညွန်းအတိုင်း ပြန်လည်ရိုက်ကူးရန်ကမ်းလှမ်းထားမှုများရှိသည်ဟု ဒါရိုက်တာ စောသမော့အဲဖောင်က ဖြည့်စွက်ပြောသည်။
‘ မငိုပါနဲ့တော့မေမေ’ အမည်ရ ကရင်ဗီဒီယိုအခွေကို ဒါရိုက်တာအဖြစ် ရိုက်ကူးမည့် စောသမော့အဲဖောင်သည် ၂၀၀၃ ခုနှစ်မှ စတင်ကာ ကရင်ဗီဒီယိုဇာတ်ကားပေါင်း ၇ကားကို ဒါရိုက်တာအဖြစ် ရိုက်ကူးထားပြီး ဖြစ်ကြောင်း သိရသည်။



















