Home သတင်း ကိုယ်ထိ လက်‌ရောက်ကျူးလွန်မိသည့် ရွာသားကို DKBA ပြန်လည်‌တောင်းပန်

ကိုယ်ထိ လက်‌ရောက်ကျူးလွန်မိသည့် ရွာသားကို DKBA ပြန်လည်‌တောင်းပန်

2362

မတ် ၁၉ ရက်၊ ၂၀၁၅ ခုုနှစ်။ စဖန်း‌ရှောင်း

ဒီမိုက‌ရေစီအကျိုးပြု ကရင့်တပ်မ‌တော် (DKBA) တပ်သားနှစ်ဦးသည် ပြီးခဲ့သည့် မတ် ၁၁ ရက်‌နေ့က မြဝတီမြို့နယ်၊ ကွင်းက‌လေး ရွာသား ‌စော‌အောင်နိုင်ထွန်းကို မြဝတီ-‌ကော့ကရိတ် ‌ဖောက်လုပ်ဆဲ အာရှလမ်းမတ‌နေရာ၌ ကိုယ်ထိ လက်‌ရောက် ကျူးလွန်ခဲ့မှုအ‌ပေါ် ကာယကံရှင်ထံ ယ‌နေ ့ပြန်လည် ‌တောင်းပန်ခဲ့သည်ဟု နှစ်ဖက် စလုံးက ‌ပြောသည်။

‌ဒေသခံအ‌ပေါ် ကိုယ်ထိလက်‌ရောက် ကျူးလွန်သူများဖြစ်သည့် DKBA ကလိုထူးဝါးတပ်ဖွဲ့ တပ်ရင်း (၉၀၂)မှ တပ်သား ‌ကျော်ဒါးကြည်၊ တ‌ဖောခွားနှင့် ၎င်းတို့၏ အရာရှိဖြစ်သူ ဗိုလ်ကြီး‌စောခိုင်အပါအဝင် မတ်လ ၁၉ ရက်‌နေ့က မြဝတီမြို့နယ်၊ ကွင်းက‌လေး ‌ကျေးရွာလူကြီးနှင့် ရပ်မိရပ်ဖများ ‌ရှေ့‌မှောက်၌ ကျူးလွန်ခံရသူ ကာယကံရှင်ကို ‌တောင်းပန်ခဲ့ခြင်းဖြစ်သည်ဟု DKBA မှ ဗိုလ်မှူးကြီး‌စောဆန်း‌အောင်က ‌ပြောသည်။

၎င်းက “ဒီကိစ္စက ကျ‌နော်တို့ ဘက်က မှားတယ်။ အခုရိုက်တဲ့ သူနှစ်‌ယောက်က ပြည်သူ‌တွေအ‌ပေါ်မကျူးလွန်သင့်တာ ကျူးလွန်မိလို့ သူတို့ကိုယ်တိုင်ရယ်၊ အရာ ရှိကိုယ်တိုင်သွားပြီး ဒီမနက်ပဲသွား ‌တောင်းပန်တယ်။ လိုအပ်တဲ့ အကူ အညီ‌တွေလည်း ‌ပေး‌နေပါတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ကိုယ်ထိလက်‌ရောက်ကျူးလွန်ခြင်းခံခဲ့ရသူ ‌စော‌အောင်နိုင်ထွန်းကို မြဝတီမြို့၊ ‌မေတ္တာမွန် အဆင့်မြင့် ‌ဆေးခန်းတွင် ဓာတ်မှန်ရိုက် ‌ဆေးစစ်ခြင်း၊ လိုအပ်သည့် ‌ဆေးဝါးကုသမှုများကို ပြုလုပ် ‌ပေး‌နေသလို ကျူးလွန်သူ နှစ်ဦးကို ပြစ်မှုထင်ရှားသဖြင့် အလုပ်ကြမ်းနှင့်အချုပ် တစ်လ ကျခံရန် DKBA တပ်ပိုင်းဆိုင်ရာ အ‌ရေးယူမှု ပြုလုပ်ထားသည်ဟု ဗိုလ်မှူး‌စောဆန်း‌အောင်က ‌ပြောသည်။

ကိုယ်ထိလက်‌ရောက် ကျူးလွန်ခံရသူ ‌စော‌အောင်နိုင်ထွန်းက “ မှားတာက‌တော့ နှစ်ဖက်စလုံးမှားတယ်။ ကျ‌နော်ကလည်း လမ်းပိတ်တာ မသိလိုက်ဘူး။ စကားကလည်း ‌ရေလည် မ‌ပြောတတ်‌တော့ ဖြစ်တာ‌ပေါ့။ ကျ‌နော့်စိတ်ထဲမှာ ဘာမှမရှိပါဘူး။ အခု‌ပြေလည်သွားကြပြီ။ ‌တောင်းပန်‌တော့လည်း ဝမ်းသာမိတယ် ” ဟု‌ပြောသည်။

မြဝတီ-‌ကော့ကရိတ် ‌ဖောက်လုပ်ဆဲ လမ်းသစ်‌ပေါ်တွင် ပြီးခဲ့သည့် မတ်လ ၁၁ရက်‌နေ့ နံနက် ၉ နာရီ ခန့်တွင် ‌မော်‌တော်ဆိုင်ကယ်ဖြင့် ခရီးသွား‌သော ‌စော‌အောင်နိုင်ထွန်း (၄၆)နှစ်သည် သွားလာခွင့်ပိတ် ထားသည့်လမ်းကို အသုံးပြုခြင်အတွက် စစ်‌ဆေး‌မေးမြန်းရာတွင် ခိုင်လုံစွာ ပြန်လည် မ‌ဖြေကြားနိုင် ခြင်း‌ကြောင့် DKBA တပ်သားများက ကိုယ်ထိလက်‌ရောက် ကျူးလွန်ခဲ့ခြင်းဖြစ်သည်။