မတ်လ ၅ရက်၊ ၂၀၁၅ခုနှစ်။ နန်းချောင်ဖော့
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ မုလအိတောင်ထိပ်သို့ ကားလမ်းဖောက်လုပ်မည်ကို သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်နိုင် သည့်အတွက် နယ်မြေခံ ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)နှင့် ဒေသခံလူထုများက မတ်လ ၂ရက်မှ ၃ရက်နေ့အထိ စက္ကဝက်ကျေးရွာ၌ ကျင်းပပြုလုပ်သော သုံးလတစ်ကြိမ် မြို့နယ်အစည်းအဝေးတွင် လက်မှတ်ရေးထိုးကာ ကန့်ကွက်ခဲ့ကြသည်။
ယခုနှစ် နွေရာသီအတွင်း ကော့ကရိတ်မြို့နယ်ရှိ ကြိတ်ကျေးရွာမှ မုလအိတောင်ထိပ်သို့ တက်မည့်ကားလမ်းကို ဒီမိုကရေစီအ ကျိုးပြုကရင်တပ်မတော် (DKBA)နှင့် ဆရာတော်ဦးဝိဇာန(ဘုန်းကြီးရမ်ဘို)တို့က ဦးဆောင် ဖောက်လုပ်မည့်ကိစ္စနှင့်ပတ်သက်၍ သံဃာတော်နှင့် ဒေသခံလူထုက တင်ပြလာသည့်အပေါ် အစည်းအဝေးတွင် သဘောထားခံယူပြီး ထိုသို့လက်မှတ်ထိုး ကန့် ကွက်လိုက်ခြင်းဖြစ်သည်ဟု ကေအဲန်ယူ ကော့ကရိတ်မြို့နယ် အတွင်းရေးမှူး စောအယ်ကော်သောက ပြောသည်။
စောအယ်ကော်သောက “ဒီလမ်းကို ဖောက်ခြင်းအားဖြင့် ကောင်းကျိုးကတော့ သက်ကြီးရွယ်အိုတွေ သွားရလာရလွယ်မယ်။ မြန်မြန်သွားလို့ရတယ်။ ဆိုးကျိုးကတော့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မယ်။ သစ်တောတွေကို ပြုန်းတီးမယ်။ မြေလည်း ပြို နိုင်တယ်။ ကောင်းကျိုးထက် ဆိုးကျိုးက ပြန်ကြည့်မယ်ဆိုရင် ဆိုးကျိုးက ပိုပြီးများတဲ့အတွက် အခုလို ကန့်ကွက်မှုလုပ်ရတာဖြစ် တယ်”ဟု ကေအိုင်စီသို့ ပြောဆိုသည်။
ယင်းအစည်းအဝေးသို့ ကေအဲန်ယူ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပဒိုစောသမိန်ထွန်း၊ ဗဟိုပြန်ကြားရေးနှင့် စည်းရုံးရေး ဌာန တာဝန်ခံ ပဒိုစောလှထွန်း၊ ကေအဲန်ယူ ကော့ကရိတ်မြို့နယ် ဥက္ကဌ ပဒိုစောမောထူး၊ အတွင်းရေးမှူး စောအယ်ကော်သော၊ KNLA တပ်ရင်း(၁၈)တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီးစောကို့ထူး အပါအဝင် ဌာနဆိုင်ရာတာဝန်ခံများနှင့် ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာ အုပ်စု (၁၆)ခုမှ ကျေးရွာတာဝန်ရှိသူများ စုစုပေါင်း ၁၀၀ကျော် တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပါဝင်သည့် ကြိတ်ကျေးရွာ ဥက္ကဌ မန်းခင်နေက “လမ်းဖောက်မယ်ဆိုရင်တော့ သစ်တောတွေ ထိမယ်။ မြေ လည်း ပြိုနိုင်တယ်။ အဲဒီပြိုတဲ့မြေတွေက မိုးတွင်းပိုင်းမှာဆိုရင် ကျနော်တို့ တောင်ခြေမှာရှိတဲ့ ကြိတ်ချောင်းထဲကို ကျလာမယ်။ အဲလိုကျလာမယ်ဆိုရင် ချောင်းလည်း ရေခမ်းလာနိုင်တယ်”ဟု ကေအိုင်စီသို့ ပြောဆိုသည်။
မုလအိတောင်ဆံတော်ရှင်သို့ နှစ်စဉ် နွေရာသီရောက်တိုင်း ဘုရားဖူးဧည့်သည်များနှင့် စည်ကားလျက်ရှိပြီး တနှစ်လျှင် ပျမ်းမျှ အားဖြင့် လူဦးရေ သုံးထောင်ဝန်းကျင် လာရောက်ဖူးမြော်ပြီး ပြန်အဆင်းတွင် တုတ်ထောက်အဖြစ် ဝါးများကို ခုတ်ယူအသုံးပြု သည့်အတွက် ဝါးများ ရှားပါးလာသဖြင့် ဝါးခုတ်ခွင့်မပြုတော့ကြောင်းလည်း အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြသည်။ ထို့အပြင် အဆိုပါတောင်သို့ ဘုရားဖူးသွားလျှင် မြဝတီဘက်မှ ကားဖြင့် တောင်ထိပ်အထိ တက်ရောက်နိုင်ပြီး ကြိတ်ရွာမှ ခြေလျင်ဖြင့် တက်ရောက်ဖူးမြော်နိုင်သည်။