ရှေ့ဆက်ရဦးမည့် တော်လှန်ရေးခရီး
ဇန်နဝါရီလ ၃၁ရက်နေ့သည် ကရင့်အမျိုးသားတော်လှန်ရေးနေ့ဖြစ်သည်။ ယခုနှစ်ဆိုလျှင် ၆၆နှစ် တိုင်ခဲ့ပြီး ဖြစ်သည်။ တော် လှန်ရေးဟု ဆိုလိုက်သည်နှင့် နှစ်ပေါင်းခြောက်ဆယ်ကျော် သတင်းလွတ်လပ်ခွင့် မရှိဘဲ စစ်အစိုးရအုပ်ချုပ်သည့် ကာလတစ် လျှောက် ဝါဒဖြန့်ချိသည့် သတင်းများနှင့်သာ ယဉ်ပါးခဲ့သော ပြည်သူအများစုအနေဖြင့် အနှုတ်လက္ခဏာဆောင်သည့် စကားလုံး ဟု ထင်မြင်မိလိမ့်မည်။ အမှန်စင်စစ် လူ့သမိုင်းအစကတည်းကပင် အသွင်မျိုးစုံသော တော်လှန်ရေးများ ရှိခဲ့သည်။ ကမ္ဘာဦးအစ က လူသားမျိုးနွယ်တို့အနေဖြင့် မိမိဘဝနှင့် ပတ်ဝန်းကျင် ကောင်းမွန်သာယာရေးအတွက် ခေတ်အလိုက် တော်လှန်ရေးများ လုပ်ဆောင်ခဲ့ခြင်းကြောင့်သာ မျက်မှောက်အခြေအနေသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
နိုင်ငံတစ်ခု၊ လူ့အဖွဲ့အစည်းတစ်ခု၊ နယ်မြေဒေသတစ်ခုတွင် အုပ်ချုပ်စီမံထားသော မသင့်တော်သည့်စနစ်တခုကို သင့်တော် သည့်စနစ်ဖြင့် အစားထိုးရန် ကြိုးပမ်းခြင်းသည်ပင် တော်လှန်ရေးဖြစ်သည်ဟု ယေဘုယျ မှတ်ယူထားရမည်ဖြစ်သည်။ တိုင်းရင်း သားလူမျိုးများစွာ မှီတင်းနေထိုင်လျှက်ရှိသည့် မြန်မာနိုင်ငံသည် ယခင် စစ်အုပ်ချုပ်ရေးမှ ပြည်သူ့အာဏာဖြင့် အုပ်ချုပ်သော ဒီမို ကရေစီစနစ်သို ့အသွင်ပြောင်းရေး လုပ်ဆောင်နေသည့် လက်ရှိ ဦးသိန်းစိန် အစိုးရသည်ပင်လျှင် တော်လှန်ရေးတစ်ရပ်ကို ဆင် နွဲနေခြင်းပင် မဟုတ်ပါလော။
အလားတူ ၆၆နှစ်တိုင်ခဲ့ပြီးဖြစ်သည့် ကရင့်အမျိုးသားတော်လှန်ရေးသမိုင်းကို ပြန်ကြည့်မည်ဆိုပါက ကရင်လူမျိုးများဘဝ လုံခြုံ ရေးအတွက် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် တန်းတူရေးအတွက် ၁၉၄၉ခုနှစ်၊ ဇန်နဝါရီ ၃၁ရက်နေ ့အင်းစိန်တိုက်ပွဲမှ စတင်ခဲ့သည်။ ထို စဉ်ကာလက မြန်မာနိုင်ငံမှာ လွတ်လပ်ရေး ရရှိခဲ့သော်လည်း နိုင်ငံရေးအရမူ အခြားတိုင်းရင်းသားလူမျိုးများနည်းတူ ကရင်လူမျိုး များလည်း တန်းတူ အခွင့်အရေး မရခဲ့၍၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ရိုးသားစွာ မဖြေရှင်းခဲ့၍ လက်နက်ကိုင် တော် လှန်ရေးလမ်းစဉ်ကို မဖြစ်မနေ လုပ်ဆောင်လာခဲ့ကြခြင်း ဖြစ်သည်။ ကရင့်တော်လှန်ရေးသည် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်း သားလက်နက်ကိုင်တော်လှန်ရေးများ၏ အစ ကနဦးလည်း ဖြစ်ခဲ့သည်။
ရာစုနှစ်ဝက်ကျော်ကြာ ကရင့်တော်လှန်ရေးသည် ယခုဘယ်သို ့ရောက်ရှိနေပါသနည်း။ ပြန်ဆန်းစစ်မည်ဆိုက မြန်မာအစိုးရသစ် လက်ထက် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်ချုပ်ရန် စီစဉ်နေသည့် အခြေအ နေတွင်သာ ရှိနေသေးသည်။ ထိုစာချုပ်၌ပင် တော်လှန်ရေးဆိုသည့် အသုံးအနှုန်းကို အစိုးရအနေဖြင့် မကြိုက်၊ မနှစ်သက်ဟုဆို ပေရာ ဤသည်မှာ ပကတိအခြေအနေကို လက်မခံနိုင်သေးသည့် သဘောဖြစ်နေပေသည်။ ယင်းအဆင့်ကို မကျော်လွန်နိုင် သေးသ၍ ရှေ့ဆက် လုပ်ဆောင်သွားမည့် နိုင်ငံရေး ဆွေးနွေးပွဲများမှာလည်း ပိုမို ခက်ခဲဦးမည်ဟု အလွှာအသီးသီးတွင် ဦးစီးလုပ် ဆောင်နေကြသော ကရင့်ခေါင်းဆောင်များက သုံးသပ်၊ ဝေဖန်၊ ပြောဆိုလျှက်ရှိကြသည်။
ကရင်လူမျိုးများနည်းတူ တိုင်းရင်းသားညီအစ်ကို၊ မောင်နှမများ လက်ရှိ ဆင်နွဲနေသည့် တော်လှန်ရေးသည် နိုင်ငံရေး တန်းတူမှု မရှိခဲ့ခြင်းကြောင့် စတင်ခဲ့ရသလို ပြေလည်စေမည့်နည်းလမ်းမှာလည်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူ အခွင့်အရေးရှိသည့် နိုင်ငံ ရေးစနစ်တခု ခိုင်မာစွာ ဖြစ်လာရန် လိုသည်။ တစ်နည်းဆိုရသော် စစ်မှန်သည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ရန် လို အပ်သည်။ လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို သုံးသပ်ရမည်ဆိုလျှင် ဒီမိုကရေစီစံနှုန်းနှင့် မည်သို့မျှ မကိုက်ညီသည့် ဖွဲ့စည်းပုံ၊ အချိန်မရွေး စစ်အာဏာပြန်သိမ်းနိုင်သည့် ဖွဲ့စည်းပုံဖြင့် သွားနေပြီး ပြည်သူများလိုလားသည့် ဖွဲ့စည်းပုံဖြစ်ရေး တောင်း ဆိုမှုများမှာမူ လက်တွေ့မကျသော စိတ်ကူးယဉ်ဆန်ဆန်အဆင့်သာ အုပ်ချုပ်သူများဘက်က သဘောထားသည်။ သို့အတွက် ကြောင့် တိုင်းရင်းသား ညီအစ်ကိုများ လိုလားသည့် ဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်လာရေး ခရီးကြမ်းရှည်ကိုလည်း ဆက်လက် လှမ်းသွားရဦးမည့်သဘော ရှိနေပေရာ ကြုံဆုံလာမည့် အခြေအနေများအပေါ် မူတည်၍ သင့်တော်သည့် ခေတ်ပြောင်း၊ စနစ် ပြောင်း တော်လှန်ရေးခရီးကို ဆက်သွားရဦးမည်ဖြစ်ပါကြောင်း ရှုမြင်လိုက်ရပေသည်။