ဒီဇင်ဘာ ၂၄ရက်၊ ၂၀၁၄ခုနှစ်။ စောသိန်းမြင့်
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဆုံဆည်းမြိုင်ကျေးရွာ၌ ယမန်နေ့က ကျင်းပသော ၂၇၅၄ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ နှင့် ၂ဝနှစ်ပြည့် (DKBA)နေ့အခမ်းအနားတွင် ချီတက်အလေးပြုကြသည့် ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသားတပ်မတော် (ဒီ ကေဘီအေ) စစ်ကြောင်းများက ကော်သူးလေတပ်မတော်(KAF) ရင်ဘတ်တံဆိပ်ကို စတင် အသုံးပြုလိုက်ပြီဖြစ်သည်။
ကော်သူးလေ တပ်မတော် ရင်ဘတ်တံဆိပ် စတင်အသုံးပြုမှုနှင့်ပတ်သက်၍ ဒီကေဘီအေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်စောမို ရှေးက “KAF ကို လက်ခံလိုက်တဲ့အပေါ်မှာ ဒီကေဘီအေကလည်း ကော်သူးလေပဲပေါ့။ အားလုံးသော ကရင့်တပ်မတော်ဟာ ကော်သူးလေတစ်ခုတည်း ဘုံနာမအောက်မှာ အကုန်ရှိတယ် ဆိုတဲ့သဘောပါ။ လက်မောင်းကျတော့ ဒီကေဘီအေတံဆိပ်ကို တော့ ရှိအုံးမှာပဲ”ဟု ယင်းအခမ်းအနားအပြီးတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
ဒီကေဘီအေအနေဖြင့် KAF ရင်ဘတ်တံဆိပ်ကို စတင်အသုံးပြုနေသော်လည်း KAF တပ်မတော်သည် ကရင်လက်နက်ကိုင်တပ် မတော်အားလုံးကို ကိုယ်စားပြုသွားရမည့် အနေအထားအပေါ် စစ်ရေးခေါင်းဆောင်မှုပိုင်းနှင့် နိုင်ငံရေး ဦးဆောင်မှုပိုင်းဆိုင်ရာ များကိုမူ ဆက်လက် ညှိနှိုင်းရဦးမည်ဖြစ်ကြောင်း ဗိုလ်ချုပ်စောမိုရှေးက ဆက်ပြောသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်များဖြစ်ကြသော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(ကေအဲန်အယ်လ် အေ)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်မတော်(ကေအဲန်ဒီအို)၊ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် (ဒီကေဘီ အေ) ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)တို့က KAF အဖြစ် ပူးပေါင်းလိုက်ကြောင်း ပြီးခဲ့သည့် အောက်တိုဘာလ ၂၃ ရက်နေ့က ကြေညာချက် ထုတ်ပြန်ပြီးနောက် ဒီကေဘီအေအနေဖြင့် KAF တံဆိပ်ကို ယခုလို စတင်အသုံးပြုခြင်းဖြစ်သည်။
ဆုံဆည်းမြိုင်၌ ကျင်းပခဲ့သော ကရင်နှစ်သစ်ကူးနေ့နှင့် ၂ဝပြည့် DKBA နေ့အခမ်အနားသို့ တက်ရောက်ခဲ့သည့် ကရင်အမျိုးသား မန်းမျိုးရန်နိုင်က “တကယ်ဖြစ်သွားရင် ကောင်းတာပေါ့နော်။ ဒါပေမယ့် ခေါင်းဆောင်ပိုင်းကို ပြန်ကြည့်ရမယ်။ စစ်ဦးစီးချုပ်ကို ဘယ်သူ့ကို ထားမလဲ။ နောက်ပြီး အုပ်ချုပ်ရေးပိုင်းဆို အုပ်ချုပ်ရေးပိုင်းပေါ့၊ စစ်ရေးအပိုင်းဆို စစ်ရေးပိုင်းပေါ့။ အဲလိုထားရင် ကောင်းတာပေါ့နော်”ဟု ကေအိုင်စီသို့ ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(ကေအဲန်အယ်လ် အေ)ကမူ ကော်သူးလေတပ်မတော် တံဆိပ်ကို အသုံးပြုမည့် ကိစ္စအပေါ် မူအရ သဘောတူထားခဲ့ကြပြီး လာမည့် ၁၆ကြိမ် မြောက် ကွန်ဂရက်တွင် အတည်ပြုနိုင်ရေးအတွက် ထပ်မံ ဆွေးနွေးဆုံးဖြတ်ကြမည်ဟု သိရသည်။



















