Home သတင်း KIA ဗိုလ်‌လောင်းသင်တန်း‌ကျောင်း တိုက်ခိုက်မှုအ‌ပေါ် အစိုးရစစ်တပ်ကို UNFC ရှုတ်ချ

KIA ဗိုလ်‌လောင်းသင်တန်း‌ကျောင်း တိုက်ခိုက်မှုအ‌ပေါ် အစိုးရစစ်တပ်ကို UNFC ရှုတ်ချ

2637

နိုဝင်ဘာ ၂၁ ရက်၊ ၂၀၁၄ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကချင်လွတ်‌မြောက်‌ရေးတပ်မ‌တော်(KIA)ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီးရှိ ဗိုလ်‌လောင်းသင်တန်း‌ကျောင်း ကို အစိုးရစစ်တပ်ဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဗိုလ်‌လောင်း ၂၃ဦး‌သေဆုံးပြီး ၂ဝဦး ဒဏ်ရာရရှိခြင်း အ‌ပေါ် ‌ရှေ့ဆက်ငြိမ်းချမ်း‌ရေးတည်‌ဆောက်‌ရေးအတွက် အဟန့်အတားဖြစ်‌စေ‌ကြောင်း ညီညွှတ်‌သောတိုင်းရင်း သားလူမျိုးများဖက်ဒရယ်‌ကောင်စီ(UNFC)မှ နိုဝင်ဘာ ၂ဝရက်‌နေ့က သ‌ဘောထားထုတ်ပြန်ရှုတ်ချလိုက်သည်။

“ယုံကြည်မှုတည်‌ဆောက်ကြိုးပမ်း‌နေတဲ့အချိန်မှာ မ‌မျှော်လင့်ဘဲ တိုက်ခိုက်မှု‌တွေလုပ်တယ်ဆိုတာက‌တော့ ငြိမ်း ချမ်း‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေးမှုကို ထိခိုက်‌စေတယ်။ ညှိနှိုင်း‌ဆောင်ရွက်တဲ့အချိန်မှာ တပ်မ‌တော်ဘက်က အဆင်မြင့် ကိုယ်စားလှယ်‌တွေလည်း အမြဲတမ်းပါတယ်။ အဲဒီ‌တော့ သူတို့ကိုယ်တိုင်က ‌တွေ့ဆုံ‌ဆွေး‌နွေးမှုလုပ်ပြီး တစ်ဖက် က ပြင်ချိန်မှာ ဒီလိုတိုက်ခိုက်မှု‌တွေလုပ်‌တော့ စစ်‌ရေးအရ ဖိအား‌ပေးတဲ့သ‌ဘောမျိုးကို ကျ‌နော်တို့ ‌တွေ့ရပါ တယ်”ဟု UNFC အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ဦးခူဦးရယ်က ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခု တိုက်ခိုက်မှုသည် ပြည်‌ထောင်စုလွှတ်‌တော်နာယက သူရဦး‌ရွှေမန်းက ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေကို လာမည့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲအလွန်ကာတွင်သာ ပြင်ဆင်မှုဖြစ်နိုင်မည်ဟု ထုတ်ပြန်ရှင်းလင်းမှုနှင့်လည်း တိုက်ဆိုင်‌နေသည်မှာ စစ်‌ရေးနိုင်ငံ‌ရေး ပူး‌ပေါင်းကြံစည်မှုတရပ်ဟု ယူဆ‌ကြောင်း UNCF ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

ထို့အပြင် နိုဝင်ဘာ ၁၉ရက်‌နေ့က ကချင်ပြည်နယ် ခယာဘွန် အ‌ခြေစိုက် မြန်မာအစိုးရ ‌ခြေမြန်တပ်ရင်း (ခမရ-၃၈၉) တပ်ဖွဲ့မှ ၁၀၅ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ကာ KIA အရာရှိဗိုလ်သင်တန်း‌ကျောင်းကို ထိမှန်ခဲ့‌ကြောင်း နှင့် ‌သေဆုံးထိခိုက်သူဦး‌ရေကို ကချင်လွတ်‌မြောက်‌ရေး အဖွဲ့(KIO)ဗဟိုမှလည်း အတည်ပြုထုတ်ပြန်ထားသည်။

KIO ၏ ထုတ်ပြန်ချက်တွင် လက်ရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ‌ရေး ဆိုင်ရာညှိနှိုင်း‌ရေးအဖွဲ့(NCCT)နှင့် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေးလုပ်ငန်း‌ကော်မတီ(UPWC)တို့၏ ပြုလုပ်သည့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်ကို ‌ချော‌မွေ့စွာ ‌အောင်မြင်နိုင်‌ရေးအတွက် KIO ဌာနချုပ်နှင့် နီးကပ်စွာရှိ သည့် မြန်မာ့တပ်မ‌တော်တပ်စခန်းများနှင့် လက်နက်ကြီးများဖယ်ရှား‌ပေးရန် ‌တောင်းဆိုထားသည်။

တဆက်တည်းမှာပင် အစိုးရစစ်တပ်၏ ပစ်ခတ်မှုအ‌ပေါ် ‌ကေအဲန်ယူ ဗဟိုအလုပ်အမှု‌ဆောင်တစ်ဦးဖြစ်သူ ပဒို‌စောတာဒိုမူးက “နှစ်‌ပေါင်းများစွာ ဖြစ်လာတဲ့ တိုက်ပွဲ‌တွေ‌ကြောင့် မယုံကြည်မှု‌တွေက‌နေ တိုက်ပွဲက အချိန်မ‌ရွေးပြန်ဖြစ်လာနိုင်တယ်။ အဲလို ဖြစ်လာရင် ငြိမ်းချမ်းစွာ အ‌ဖြေရှာတဲ့ နည်းလမ်းကို နှစ်ဦးနှစ်ဖက်မှာ အာသီသရှိဖို့လိုတယ်။ ပြီး‌တော့ တာဝန်ရှိတဲ့ သူ‌တွေကလည်း မဖြစ်အာင် ဘယ်လိုလုပ်ရမလဲဆိုတာက အ‌လေးထားကြိုတင်စီစဉ်ထားသင့်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

UNFC ကို ၂၀၁၁ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီ၌ စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိအချိန်တွင် KIO, KNPP, NMSP, CNF, SSPP-SSA, PNLO, PSLF, LDU, ANC, WNO, MNDAA ဟူ၍ အဖွဲ့ဝင်အဖွဲ့များနှင့် ဆက်စပ်အဖွဲ့များဖြစ်သည့် ရခိုင် ပြည်လွတ်‌မြောက်‌ရေးပါတီ(ALP)၊ ရခိုင်တပ်မ‌တော်(AA)၊ ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော်(DKBA)၊ ‌ကေအဲန်ယူ/‌ကေအဲန်အယ်လ်‌အေ ငြိမ်းချမ်း‌ရေး‌ကောင်စီ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ‌ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)တို့ဖြင့် ပါဝင်လျှက်ရှိသည်။