Home ဆောင်းပါး လွှတ်‌တော်အမတ် ဦး‌အောင်‌သောင်း၊ စာ‌ရေးဆရာ ထင်လင်းဦးနဲ့ ဒီချုပ်ပါတီ ‌ကြေညာချက်

လွှတ်‌တော်အမတ် ဦး‌အောင်‌သောင်း၊ စာ‌ရေးဆရာ ထင်လင်းဦးနဲ့ ဒီချုပ်ပါတီ ‌ကြေညာချက်

1936

(‌မောင်‌ကျော်စွာ)

(၂၀၁၄ ခုနှစ်၊ နိုဝင်ဘာ ၂ဝ ရက်)

“ပြည်သူ့အသံ – လွှတ်‌တော်အသံ၊ ပြည်သူ့ဆန္ဒ-လွှတ်‌တော်ဆန္ဒ ပြည်သူတို့ လိုအပ်ချက် လွှတ်‌တော်က ‌ဖော်‌ဆောင်ရွက်”ဟု မည်သို့ပင် ဟစ်‌အော်‌နေ‌စေကာမူ အရင်းစစ်လိုက်လျှင် လွှတ်‌တော်ဆိုသည်မှာ လွှတ်‌တော် ဥက္ကဋ္ဌကြီး ဦး‌ရွှေမန်းညွန်ပြ‌နေသည့် တီးလုံးတီး ကွက်အတိုင်း လိုက်နာတီးမှုတ်အသုံး‌တော်ခံ‌နေသည့် ဩခက်စထြာတီးဝိုင်းမျှသာဖြစ်သည်။

“ပါတီစွဲ၊ဝါဒစွဲ၊ လူမျိုးစွဲ၊ ပုဂ္ဂိုလ်စွဲ” ကင်းရှင်းရမည်ဟူ‌သော စကားကို ဆီမန်း မန်းသကဲ့သို့ ရွတ်ဖတ်‌ပြောဆို‌လေ့ ရှိ‌သော လွှတ်‌တော်ဥက္ကဋ္ဌကြီးဦး‌ရွှေမန်းသည် “ဦး‌အောင်‌သောင်း” ဆို‌သော ပုဂ္ဂိုလ်တစ်ဦးတစ်‌ယောက်ကို ကာကွယ်ရန်အတွက် လွှတ်‌တော်ကြီးကို အသုံးချခဲ့‌လေပြီ။ တကယ်‌တော့ ဦး‌ရွှေမန်းသည် “ဦး‌အောင်‌သောင်း” အား ပုဂ္ဂိုလ်တစ်ဦးတစ်‌ယောက်အဖြစ်သာ ကာကွယ်ခဲ့ခြင်းမဟုတ်၊ ပါတီစွဲ (ကြံ့ဖွံ့ပါတီအစွဲ)၊ အုပ်စုစွဲ (နဝတ- နအဖ စစ်အုပ်စုအစွဲ)တို့ဖြင့်ပါ ကာကွယ်ခဲ့ခြင်း ဖြစ်‌လေသည်။

ယင်းသို့ “ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ အုပ်စုစွဲ” တို့ဖြင့် ကာကွယ်ခဲ့ကြသည့် “ဦး‌အောင်‌သောင်း ကာကွယ်‌ရေး” မဟာ ပွဲ‌တော်ကြီးထဲတွင် အတိုက်အခံပါတီကြီးဟု ဆိုအပ်‌သော အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်‌တော် ကိုယ်စားလှယ်များကလည်း “အမျိုးသားပြန်လည်သင့်မြတ်‌ရေး” ဆိုင်းဘုတ်‌ထောင်၍ အားတက်သ‌ရော ပါဝင်ဆင်နွှဲခဲ့ကြသည်။

ယင်းသို့ လွှတ်‌တော်ထဲတွင် “ဦး‌အောင်‌သောင်းကာကွယ်‌ရေး” ပူပူ‌နွေး‌နွေးတခဲနက် သ‌ဘောတူ‌ထောက်ခံမဲ ‌ပေးခဲ့ကြ‌သော “အမျိုးသားပြန်လည်သင့်မြတ်‌ရေး”တရားကို အစဉ်လက်ကိုင်ထား‌သော၊ “တာဝန်ယူမှုနှင့် တာဝန်ခံမှု”ကို ဟစ်ဟုပ်သီချင်းဆိုကဲ့သို့ ပွစိပွစိ ရွတ်ဆို‌လေ့ရှိ‌သော ဒီချုပ်ပါတီသည် ထင်လင်းဦး (Wisdom Villa)၏ အချို့‌သော‌ဟော‌ပြောချက်များနှင့်ပတ်သက်၍ ကန့်ကွက်‌ပြောဆိုမှုများ ပျံ့နှံ့ထွက်‌ပေါ်လာသည့်အခါ “စာ‌ရေးဆရာထင်လင်းဦး၏ ‌ဟော‌ပြောချက်များမှာ သူ၏သ‌ဘောထားသာဖြစ်ပြီး၊ အမျိုးသားဒီမိုက‌ရေစီ အဖွဲ့ချုပ် သ‌ဘောထားမဟုတ်‌ကြောင်း” ‌ကြေညာချက်ထုတ်ပြန်၍ လက်‌ရှောင်သွားခဲ့‌လေသည်။

ဒီချုပ်ပါတီ၏ ဤလုပ်ရပ်ကို တရားကျစရာ‌ကောင်းလှသည်ဟု ‌ပြောရမည်‌လော၊ အလွန်လက်‌တွေ့ကျပါ‌ပေသည် ဟု မှတ်ချက်‌ပေးရမည်‌လော သို့တည်းမဟုတ် က‌မောက်ကမနိုင်လွန်းသည်ဟု ဆိုရမည်‌လော မ‌ပြောတတ် ‌တော့ပါ။ တစ်ဦးတစ်‌ယောက်ဖြစ်‌သော “ဦး‌အောင်‌သောင်း”ကာကွယ်‌ရေးအတွက် အားတက်သ‌ရောရှိခဲ့‌သော ဒီချုပ်ပါတီသည် စာ‌ရေးဆရာထင်လင်းဦးအတွက်မူ အဘယ့်‌ကြောင့် ဤမျှ စိမ်းကားလက်‌ရှောင်ရက်ခဲ့ပါ သနည်း။ စာ‌ရေးဆရာထင်လင်းဦးသည် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြား‌ရေးအဖွဲ့ဝင်တစ်ဦး ဖြစ်ပါတယ်။ ဒီချုပ်ပါတီမှ ကြီးမှူးခဲ့‌သော ၂၀၀၈ အ‌ခြေခံဥပ‌ဒေပြင်ဆင်‌ရေး၊ ပုဒ်မ ၄၃၆ ပြင်ဆင်‌ရေး၊ (ပီအာ) ကန့်ကွက်‌ရေးလှုပ်ရှားမှုများတွင် တက်တက်ကြွကြွ‌ဟော‌ပြော‌ရေးသား‌နေသူ တစ်ဦးဖြစ်ပြီး၊ ဒီချုပ်ပါတီမှ ထုတ်‌ဝေ‌သော “ဒီလှိုင်းစာ‌စောင်”၏ လက်သံ‌ပြောင်လှသည့် ပင်တိုင်‌ဆောင်းပါးရှင်တစ်ဦးလည်း ဖြစ်ပါသည်။

ယခုကဲ့သို့ ဒီချုပ်ပါတီ ဗဟိုအလုပ်အမှု‌ဆောင်အဖွဲ့အစည်း‌ဝေးမှပင် တရားဝင်‌ကြေညာချက်ထုတ်ပြန်၍ ရှင်းလင်း ခဲ့မှုသည် စာ‌ရေးဆရာထင်လင်းဦးအ‌ပေါ် ပစ်ပစ်ခါခါ လုပ်ရာ‌ရောက်ပါသည်။ သူ၏ အခြား‌သော ‌ရေးသား‌ဟော ‌ပြောချက်များနှင့်ပတ်သက်၍လည်း ထိခိုက်နစ်နာနိုင်ပါသည်။ အကယ်၍ စာ‌ရေးဆရာထင်လင်းဦး၏ ‌ဟော‌ပြော ချက်အချို့၌ တစုံတရာပြဿနာရှိ‌နေဟု ဆိုလျှင်ပင် စာ‌ရေးဆရာထင်လင်းဦး ကိုယ်တိုင်(စာဖြင့်/နှုတ်ဖြင့်) ‌တောင်းပန်ချက်၊ ဒီချုပ်ပါတီမှ ‌တောင်းပန်ချက် စသည်တို့ ထုတ်ပြန်ရုံမျှ‌လောက်ဖြင့် လုံ‌လောက်နိုင်ပါသည်။ နိုဝင်ဘာလ ၁၈ ရက်‌နေ့စွဲဖြင့် ဒီချုပ်ပါတီမှထုတ်ပြန်ခဲ့‌သော ‌ကြေညာချက်အမှတ် ၁၂/၁၁/၂၀၁၄ သည် စာ‌ရေး ဆရာထင်လင်းဦး အ‌ပေါ် ရက်စက်ပြင်းထန်လွန်းရာကျ လွန်း‌နေပါသည်။

ဤ‌ကြေညာချက်ပါသ‌ဘောထားများသည် “ကိုယ်ဖြစ် ကိုယ်ခံရမည်” ဆိုသည့် သ‌ဘော၊ (မရည်ရွယ်‌သော် လည်း) အညွန့်ချိုးလိုက်သည့် သ‌ဘောဘက်သို့ သက်‌ရောက်‌နေပြီး၊ ရဲရဲ‌တွေး၊ ရဲရဲ‌ပြော၊ ရဲရဲ‌ဟော‌ပြော၊ ‌ရေးသားလိုကြသည့် တက်သစ်စ လူငယ်များ၏ လွတ်လပ်စွာ ‌ရေးသား‌ဟော‌ပြောလိုမှုအတွက် အတားအဆီး သဖွယ်မဖြစ်‌စေသင့်ပါ။

မျှတစွာ‌ပြောဆိုရပါလျှင် စာ‌ရေးဆရာထင်လင်းဦး၏ ‌ဟော‌ပြောချက်နှင့်ပတ်သက်၍ ဒီချုပ်ပါတီသ‌ဘောထား မဟုတ်‌ကြောင်း တရားဝင်‌ကြေညာချက်ထုတ်ပြန်ရှင်းလင်းနိုင်သည်ဆိုလျှင် “ဦး‌အောင်‌သောင်းကာကွယ်‌ရေး” အတွက် ဒီချုပ်ပါတီမှအမတ်များ လွှတ်‌တော်ထဲတွင် အဘယ့်‌ကြောင့် ပါဝင်‌ထောက်ခံရသည်နှင့်ပတ်သက်၍ တိုင်းပြည်နှင့်လူထုထံ တင်ပြရှင်းလင်းချက်‌ပေးရန် ဒီချုပ်ပါတီ၌ တာဝန်ရှိပါသည်။ ရှင်းပြရန်လည်း လိုအပ်ပါသည်။