Home သတင်း မြဝတီမြို့‌ရေလယ်ကျွန်းတွင် လက်နက်ခဲယမ်းများနှင့် လူ ၃ဦးကို ဖမ်းဆီးရမိ

မြဝတီမြို့‌ရေလယ်ကျွန်းတွင် လက်နက်ခဲယမ်းများနှင့် လူ ၃ဦးကို ဖမ်းဆီးရမိ

3275

‌အောက်တိုဘာ ၂ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ဝေဖြိုးဇာ

မြဝတီမြို့ အမှတ် ၂ရပ်ကွက်၊ ‌ရေလယ်ကျွန်းနံ‌ဘေးရှိ (ငြိမ်းချမ်း‌အောင်ဘုန်းကြီး‌ကျောင်းတိုက်)အနီး ‌ရွှေကျွန်းတွင် ယမန်‌နေ့က မြို့နယ်လုံခြုံ‌ရေး တာဝန်ရှိသူများက ဝင်‌ရောက်ရှာ‌ဖွေ ရှင်းလင်းရာ လက်နက်ခဲယမ်းအချို့နှင့်အတူ လူ ၃ဦးကို ဖမ်းဆီးရမိသည်ဟု အမည်မ‌ဖော်လိုသူ ရဲအရာရှိတစ်ဦးက အတည်ပြု‌ပြောကြားသည်။

အဆိုပါကျွန်းကို နယ်‌မြေခံ အစိုးရစစ်တပ်၊ နယ်ခြား‌စောင့်တပ်၊ စရဖ၊ ရဲ၊ ပြည်သူ့စစ်နှင့် ရပ်ကွက်အုပ်ချုပ်‌ရေးမှူးတို့က ယမန်‌နေ့ ည ၇နာရီခန့်တွင် ဝင်‌ရောက်ရှာ‌ဖွေ ရှင်းလင်းကာ ကို‌ဇော်ထက်နိုင် ၂၁နှစ်၊ ‌အောင်သူ ၄၁နှစ်နှင့် လင်း‌အောင် (ခ) ‌စောဖိုး‌တေတို့ ကို AR-15 (M-16) အတို တစ်လက်နှင့် ၎င်းကျည် ၃၉‌တောင့်၊ ကျည်ကဒ် ၃ချပ်၊ အ‌မေရိကန်လုပ် M1 လက်ပစ်ဗုံး ၁လုံးတို့နှင့် အတူ သိမ်းဆည်ဖမ်းဆီးရမိခဲ့သည်။

“ကျွန်း‌ပေါ်မှာ ‌နေထိုင်သူ‌တွေက ရိုးရိုးသားသား‌တွေပါ။ ဒါ‌ပေမဲ့ အခု ဖမ်းဆီးလိုက်ရသူ‌တွေက လက်နက်ခဲယမ်း‌တွေနဲ့ ကျွန်းမှာ ခိုလှုံ‌နေကြတာမို့ သတင်းအရ သွား‌ရောက်ဖမ်းဆီးခဲ့တာပါ။ ဘယ်အဖွဲ့အစည်းကရယ်လို့‌တော့ သူတို့မ‌ပြောဘူး။ အခု‌တော့ သူတို့ ၃‌ယောက်ကို မြို့မရဲစခန်းမှာ (ပ) ၁၇၈/၂၀၁၄ လက်နက်ဥပ‌ဒေ ပုဒ်မ-၁၉(စ)နဲ့ အမှုဖွင့်ထားပါတယ်”ဟု အဆိုပါရဲအရာရှိက ‌ပြော ဆိုသည်။

မြဝတီမြို့တွင် ‌နေထိုင်သူတစ်ဦးက “‌လောင်းကစား မူးယစ်‌ဆေးဝါးရှိ မရှိ‌လေ‌ကောင်း‌လေ‌ပေါ့။ ပတ်သက်ဆက်နွယ်တဲ့လူ‌တွေကို ကွင်းဆက်‌ဖော်ထုတ်ပြီး ပင်စည်ဖြိုနိုင်‌အောင် ပူး‌ပေါင်း‌ဆောင်ရွက်ရမှာ။ အဓိကက‌တော့ လက်နက်ပုန်း‌တွေ‌ဖော်ထုတ်တာ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုင်းနှင့် မြန်မာ မကြာခဏ ပိုင်နက်အငြင်းပွား‌နေသည့် ‌သောင်ရင်းမြစ်လယ်ရှိ ‌ရေလယ်ကျွန်းတွင် မူးယစ်‌ဆေးဝါးနှင့် လက်နက် ခဲယမ်းများ မကြာခဏ ရှာ‌ဖွေဖမ်းဆီးရမိ‌လေ့ရှိသည်။ ၂၀၁၃ခုနှစ်၊ မတ်လကလည်း ‌ကော့မူးရာအထူး‌ဒေသ ကရင်လူငယ်အဖွဲ့မှ ထို‌နေရာအတွင်းသို့ ဝင်‌ရောက်၍ မူးယစ်‌ဆေးဝါးနှင့် လက်နက်ခဲယမ်းများကို သွား‌ရောက်ဖမ်းဆီးမှုများလည်း ရှိခဲ့သည်။

ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် မြဝတီမြို့တွင် အစိုးရ၏ လက်နက်ကိုင်အဖွဲ့များ၊ ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ အ‌ခြေစိုက် ‌နေကြသည့်အပြင် အမည်မသိ‌သော ဒုစရိုက်အဖွဲ့များလည်း ကျင်လည်လှုပ်ရှားလျှက်ရှိသည်။