Home သတင်း ‌ကော့ကရိတ်မြို့နယ်အတွင်း ဒီ‌ကေဘီ‌အေနှင့် အစိုးရတပ် ပစ်ခတ်မှုထပ်မံဖြစ်ပွား

‌ကော့ကရိတ်မြို့နယ်အတွင်း ဒီ‌ကေဘီ‌အေနှင့် အစိုးရတပ် ပစ်ခတ်မှုထပ်မံဖြစ်ပွား

2235

‌အောက်တိုဘာ ၁ဝရက်၊ ၂၀၁၄ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် ‌ကော့ကရိတ်မြို့နယ်အတွင်းရှိ ‌ကောင်းမှုရွာအနီးတွင် ယ‌နေ့နံနက် ၁ဝနာရီမှစ၍ ၁၁နာရီခွဲအထိ ဒီမိုက‌ရေစီအ ကျိုးပြုကရင့်တပ်မ‌တော်(ဒီ‌ကေဘီ‌အေ) ကလို့ထူးဝါးဗျူဟာမှ တပ်ဖွဲ့ဝင်များနှင့် မြန်မာအစိုးရစစ်တပ် စစ်ကွပ်ကဲ‌ရေးဌာနချုပ် (စကခ-၁၂) လက်‌အောက်ခံ တပ်ဖွဲ့ဝင်များအကြား ပစ်ခတ်မှု ဖြစ်ပွား‌နေသည်ဟု ဒီ‌ကေဘီ‌အေ ‌ကော့ကရိတ်ဆက်ဆံ‌ရေးရုံးက ‌ပြောသည်။

ဒီ‌ကေဘီ‌အေ ‌ကော့ကရိတ်ဆက်ဆံ‌ရေးတာဝန်ခံ ဗိုလ်မှူး‌စောသရဲနီက “သူတို့(အစိုးရစစ်တပ်)ဘက်က စပစ်တာပါ။ အခု‌နေ့လည် ‌ရောက်တဲ့အထိ ပစ်‌နေကြတုန်းပဲ။ တိုက်ပွဲအ‌ခြေအ‌နေနဲ့ ပတ်သက်ပြီး အ‌သေးစိတ်သိရဖို့ ကျ‌နော်တို့ ဆက်လက်စုံစမ်းသွားမယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

အဆိုပါ‌ဒေသရှိ ‌ဒေသခံတစ်ဦးဖြစ်သူ မန်းသိန်း‌ဇော်ကလည်း ယခုဖြစ်ပွားသည့် နှစ်ဖက်ပစ်ခတ်မှုတွင် ‌ကော့ကရိတ်မြို့နယ် တတန်ကူးရွာ‌မြောက်ဖက် ‌ကောင်းမှုရွာအနီး ပျားပင်ရွာတွင် လက်နက်ကြီး ၄လုံး ကျသွား‌ကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိမှုကိုမူ မသိရ‌သေး‌ကြောင်း ‌ကေအိုင်စီသို့ ‌ပြောသည်။

ယမန်‌နေ့ ‌အောက်တိုဘာ ၉ရက်‌နေ့ကလည်း ‌ကော့ကရိတ်မြို့နယ်အတွင်း ရွာတန်းရှည်မှ ကမိုင်ကုန်းသို့ သွား‌နေသည့် ဒီ‌ကေ ဘီ‌အေ တပ်သားနှစ်ဦးနှင့် ရွာတန်းရှည်ရွာသားတစ်ဦး စုစု‌ပေါင်း (၃)ဦးတို့ကို အစိုးရစစ်တပ်က လမ်းခုလတ်တစ်‌နေရာတွင် ဖမ်း ဆီးထိန်းသိမ်းထားသည်ဟု သိရသည်။

ထို့အပြင် ‌ကော့ကရိတ်မြို့နယ်အတွင်းသို့ ယမန်‌နေ့က အစိုးရစစ်တပ် (စကခ-၁၂)လက်‌အောက်ခံ တပ်ရင်း ၄ရင်း ဝင်‌ရောက်လာ သည်ဟု သတင်းရရှိ‌ကြောင်း ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ‌ကော့ကရိတ်မြို့နယ် ဥက္ကဌ ပဒို‌စော‌မောထူးက ‌ပြောဆို သည်။

တိုက်ပွဲများနှင့် ပတ်သက်၍ ကရင်ပြည်နယ် နယ်စပ်‌ရေးရာလုံခြုံ‌ရေးဝန်ကြီး ဗိုလ်မှူးကြီး‌အောင်လွင်က “တချို့က ငြိမ်းချမ်း‌ရေး လမ်းစဉ်မှာရှိတဲ့ အပစ်ရပ်‌ရေးကို ချိုး‌ဖောက်တဲ့ဥစ္စာ‌လေး‌တွေ ရှိချင်ရှိလိမ့်မယ်။ တပ်မ‌တော်က‌တော့ ငြိမ်းချမ်း‌ရေးမှာ သူလည်း ပါဝင်‌နေပါတယ်ဆိုတာ သူထုတ်‌ပြောပြီးသား။ အမှန်ကလည်း တပ်မ‌တော်ကလည်း ဒါကိုအ‌ကောင်အထည်လည်း ‌ဖော်‌နေပါ တယ်။ အချိန်အတိုင်းအတာတစ်ခုမှာ မိဘက ဆုံးမလို့ သားဆိုးက လိမ္မာတယ်ဆိုရင် ဒါပြဿနာပြီးသွားပြီး‌ပေါ့‌နော်”ဟု ‌ကေအိုင် စီ၏ ‌မေးမြန်းချက်ကို စက်တင်ဘာလကုန်ပိုင်းက တုန့်ပြန်‌ဖြေဆိုခဲ့သည်။

အစိုးရတပ် စကခ(၁၂) လက်‌အောက်ခံ ‌ခြေလျင်တပ်ရင်း(ခလရ-၂၃၀) သည် စက်တင်ဘာလ ၂၇ရက်‌နေ့က ‌မြောက်ကြာအင်း ဘက်သို့ တပ်ကား ၁၂စီးနှင့် ဝင်‌ရောက်လာကာ ဒီ‌ကေဘီ‌အေ ကလို့ထူး‌ဘောဗျူဟာ လက်‌အောက်ခံ ကလို့ထူးဝါးတပ်ခွဲ (၃) ဗိုလ်မှူးစိန်မြင့်၏‌နေအိမ်ကို ဝင်‌ရောက်စစ်‌ဆေးပြီး‌နောက်တွင် ပစ်ခတ်မှု စတင်ဖြစ်ပွားခဲ့သည်။

ထို့‌နောက် စက်တင်ဘာ ၂၉ရက် ‌နေ့ မနက် ၁၁နာရီခန့်တွင် ဒါ‌လောင်း‌တောင်‌ခြေ၌ ဒီ‌ကေဘီ‌အေ ကလို့ထူးဝါး တပ်ခွဲ(၃)အဖွဲ့နှင့် လက်နက်ကြီးငယ်ဖြင့် မိနစ် ၂ဝခန့် ပစ်ခတ်ခဲ့ကြ‌သေးသည်။ ထိုပစ်ခတ်မှုများ‌ကြောင့် ၎င်း‌ဒေသရှိ ‌လောင်းကိုင်၊ သမိန်ဒွတ်၊ ဝင်း ကနဲ့၊ ထီဝူးသံ‌ကျေးရွာများမှ ‌ဒေသခံများ စိုးရိမ်မှုများရှိ‌နေကြသလို အစိုးရတပ်က သမိန်ဒွတ်နှင့် ဖားကျရွာတွင် အင်အား ၁၀ဝ ခန့်၊ ‌မြောက်ကြာအင်းဘက်တွင် ၁၀ဝခန့် တပ်လှန့်ထားရှိပြီး ရွာသူကြီးအချို့နှင့် ‌ဒေသခံရွာသားအချို့ကို ရွာတွင် ငြိမ်းချမ်း‌ရေးအဖွဲ့ အစည်းတွင် အလုပ်လုပ်သူ ရှိမရှိ အစိုးရတပ်က ‌မေးမြန်းခဲ့‌သေး‌ကြောင်း သိရသည်။

အလားတူ စက်တင်ဘာ ၁၆ရက်‌နေ့က မွန်ပြည်နယ်၊ ကျိုက်မ‌ရော မြို့နယ်အတွင်းတွင်လည်း‌ကောင်း အစိုးရ၏ အ‌ရှေ့‌တောင် တိုင်းစစ်ဌာနချုပ် လက်‌အောက်ခံတပ်များက ဒီ‌ကေဘီ‌အေ တပ်ရင်း (၂၀၈)ကို တရစပ် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့‌သေး‌ကြောင်း ဒီ‌ကေဘီ‌အေဘက်က ‌ပြောဆိုသည်။

ယ‌နေ့ အစိုးရတပ်နှင့် ဖြစ်ပွားသည့် ဒီ‌ကေဘီ‌အေတပ်မှာ ဗိုလ်မှူး‌စော‌ကျော်သက် ဦးစီးသည့် ကလို့ထူးဝါးဗျူဟာဖြစ်ပြီး ၎င်းတို့ လှုပ်ရှားရာ ‌ကော့ကရိတ်မြို့အလွန် ‌အောက်ဘိုတဲမ‌ရောက်ခင် ‌ကောင်းမှု‌ကျေးရွာအနီးရှိ လမ်းပိတ်ထားသည့်အတွက် မြဝတီသို့ သွားမည့်ကားများမှာ ယ‌နေ့ ‌နေ့လည်ပိုင်းတွင် ‌ကော့ကရိတ်မြို့ဘက်မှ မထွက်ခွာနိုင်ဘဲ ဖြစ်‌နေသည်ဟု ကားသမားများက ‌ပြော ဆို‌နေကြသည်။