Home သတင်း ဖားအံမြို့နယ်ရှိ အစိုးရစာသင်‌ကျောင်း ၉ဝ ‌ကျော်တွင် ကရင်စာ‌ပေ စတင်သင်ကြား

ဖားအံမြို့နယ်ရှိ အစိုးရစာသင်‌ကျောင်း ၉ဝ ‌ကျော်တွင် ကရင်စာ‌ပေ စတင်သင်ကြား

3977

စက်တင်ဘာ ၃ရက်၊ ၂၀၁၄ ခုနှစ်၊ နန်း‌ချောင်‌ဖော့

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်ရှိ အစိုးရစာသင်‌ကျောင်း‌ပေါင်း ၄၄၉‌ကျောင်းအနက် ၉၄‌ကျောင်းမှာ ကရင်စာ‌ပေကို ဩဂုတ်လမှစ ၍ စတင် သင်ကြား‌နေပြီဖြစ်‌ကြောင်း ဖားအံမြို့နယ် ပညာ‌ရေးမှူးဖြစ်သူ ဦး‌ကျော်ဝင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

“တိုင်းရင်းသားစာ‌ပေက ကျ‌နော်တို့ ကရင်ပြည်နယ်တစ်ခုတည်း မဟုတ်ဘူး။ လွှတ်‌တော်မှာ ပြည်နယ်နှင့် တိုင်းအလိုက်‌ပေါ့။ တိုင်းရင်းသားစာ‌ပေသင်ကြားခွင့်ပြုဖို့ တင်ပြကြတယ်။ တင်ပြကြပြီး‌တော့ ပညာ‌ရေးဌာနကလည်း ဒီတိုင်းရင်းသားစာ‌ပေ သင် ကြားနိုင်ဖို့ ပြဋ္ဌာန်းစာအုပ်‌တွေ ‌ရေးဆွဲတာ‌ပေါ့‌နော်။ ‌ရေးဆွဲပြီး‌တော့ အခုလို သင်ကြားမှုအပိုင်း စတင်လာတာ ဖြစ်ပါတယ်”ဟု ဦး‌ကျော်ဝင်းက ‌ပြောသည်။

ထိုသို့ သင်ကြားရာ၌ ဖားအံမြို့နယ်အတွင်းရှိ အ‌ရှေ့ပိုးကရင်စာ‌ပေကို အထက်တန်း‌ကျောင်း ၂‌ကျောင်း၊ အထက်တန်း‌ကျောင်းခွဲ ၄‌ကျောင်း၊ အလယ်တန်း‌ကျောင်းခွဲ ၇‌ကျောင်း၊ အမက(မူလွန်) ၅‌ကျောင်းနှင့် မူလတန်း‌ကျောင်း ၆၆‌ကျောင်းတို့တွင် ဆရာ၊ ဆရာမ ၁၅၇ဦးဖြင့် သင်ကြား‌ပေး‌နေပြီး စ‌ကောကရင်စာ‌ပေကို အလယ်တန်း‌ကျောင်းခွဲ ၂‌ကျောင်း၊ အမက(မူလွန်) ၅‌ကျောင်း နှင့် မူလတန်း‌ကျောင်း ၃‌ကျောင်းတို့တွင် ဆရာ၊ ဆရာမ ၂၂ဦးဖြင့် သင်ကြား‌နေခြင်းဖြစ်သည်။

ထို့အပြင် လက်ရှိဖားအံမြို့နယ်မှ အစိုးရစာသင်‌ကျောင်းများတွင် ပိုးကရင်၊ စ‌ကောကရင်အပြင် ပအိုဝ်းနှင့် မွန်တိုင်းရင်းသားစာ‌ပေ တို့ကိုလည်း သင်ကြားလျှက်ရှိသည်။ သို့‌သော် ကရင်ပြည်နယ်အတွင်း အစိုးရ စာသင်‌ကျောင်းများတွင် တိုင်းရင်းသားများ စုံလင် သည့်အတွက်‌ကြောင့် အချို့‌ကျောင်းများတွင် ကရင်စာ‌ပေ၊ မွန်စာ‌ပေနှင့် ပအိုဝ်းစာ‌ပေသီးသန့် မသင်ကြားနိုင်‌သေး‌ကြောင်း သိရ သည်။

ဖားအံမြို့နယ်အတွင်း မုက္ကဒိ‌ကျေးရွာတွင် အ‌ရှေ့ပိုးကရင်စာ‌ပေ သင်ကြား‌နေသည့် မုက္ကဒိ အထက်တန်း ‌ကျောင်းခွဲ ‌ကျောင်းအုပ် ဆရာကြီး ဦးသန်းထိုက်ဦးက “အခု ကျ‌နော်တို့‌ကျောင်းမှာ သင်‌နေတာက နှစ်တန်းက‌နေ ‌ခြောက်တန်းအထိဟာ အ‌ရှေ့ပိုးကရင် စာ သူငယ်တန်းအဆင့်ပဲ သင်ကြား‌နေတယ်။ အတန်းပိုင် ဆရာမနှစ်‌ယောက်က သင်ကြား‌ပေးတာပါ။ စာသင်ချိန်က‌တော့ ဖွံ့ဖြိုး ‌ရေးအချိန်တို့မှာ သင်‌ပေးတယ်။ ‌ကျောင်းချိန်မှာပဲ ဖြစ်တယ်‌ပေါ့။ အမှန်က ‌ကျောင်းပြင်ပချိန်မှာ သင်ရမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိတွင် တိုင်းရင်းသားစာ‌ပေကို ဖားအံမြို့နယ်အ‌နေနှင့် အစိုးရစာသင်‌ကျောင်းများတွင် မူလတန်းအဆင့် တတိယတန်းအထိ ပြဋ္ဌာန်းစာအုပ်များ ဖြန့်‌ဝေသင်ကြား‌နေပြီး ‌ကျောင်း၌ သင်ကြားပို့ချ‌ပေးမည့် ဆရာ၊ ဆရာမများ မရှိပါက တိုင်းရင်းသားစာ‌ပေကို သင်ကြားနိုင်မည့် ဆရာ၊ ဆရာမ‌ခေါ်ယူနိုင်ပြီး ၎င်းတို့အတွက် ‌ထောက်ပံ့‌ကြေးအဖြစ် တစ်လလျှင် ကျပ်သုံး‌သောင်း ပံ့ပိုး‌ပေးသွား မည်ဟု ဖားအံမြို့နယ်ပညာ‌ရေးမှူး ဦး‌ကျော်ဝင်းက ‌ပြောဆိုသည်။

အစိုးရ‌ကျောင်းများတွင် တိုင်းရင်းသားစာ‌ပေသင်ကြားခွင့်နှင့် ပတ်သက်၍ ၂၀၁၃ ခုနှစ်က ပြုလုပ်ခဲ့သည့် နဝမအကြိမ်‌မြောက် ပြည်နယ်လွှတ်‌တော်နှင့် အမျိုးသားလွှတ်‌တော်နှစ်ရပ်စလုံးတွင် ပြဋ္ဌာန်းထားခဲ့သည်။ လက်ရှိတွင် ပဲခူးတိုင်း‌ဒေသကြီး၊ ‌ညောင် ‌လေးပင်မြို့နယ်ရှိ အစိုးရစာသင်‌ကျောင်း ၂၆‌ကျောင်းတွင် စ‌ကောကရင်စာ‌ပေကို သင်ကြားလျှက်ရှိ‌ကြောင်း သိရသည်။