စက်တင်ဘာ ၈ရက်၊ ၂၀၁၄ ခုနှစ်။ စောကျော်ခွီး
ဩစတြေးလျားနိုင်ငံရောက် ကရင်များအနေနဲ့ မိမိရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းကြရန် စက်တင်ဘာ ၆ရက်နေ့၊ နယူးဆောက်သ်ဝေးပြည်နယ် ဆစ်ဒနီမြို့ Lidcombe ရပ်ကွက်၊ Ukarainian Hall ၌ ကျင်းပ သော Karen Triangle Music Band ဖျော်ဖြေပွဲတွင် ဝါရင့်ကရင်အနု ပညာရှင် စောကျော်လိုက်သိန့်က တိုက်တွန်းပြောကြားခဲ့သည်။
“ကရင့်ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေဖြစ်ကြတဲ့ စကား၊ စာပေ၊ ထုံးတမ်းဓလေ့တွေဟာ ကရင်လူမျိုးရဲ့ အသက်သွေးကြော ဖြစ်တယ်။ အဲဒါတွေကို အဖက်ဖက်ကနေ စောင့်ရှောက်ထိန်းသိမ်းကြပါမှ ကရင်လူမျိုး ဆိုတာ အဓွန့်ရှည်လိမ့်မယ်။ ဒါကြောင့် ရိုးရာယဉ်ကျေးမှုကို စောင့်ရှောက်ကြပါလို့ ဩစတြေးလျားရောက် ကရင်တွေကို တိုက်တွန်းတာပါ”ဟု စောကျော်လိုက်သိန့်က ပြောကြားသည်။
ဩစတြေးလျားနိုင်ငံ ဆစ်ဒနီ ကရင်လူမှုအဖွဲ့အစည်း၏ စီစဉ်မှုဖြင့် ဆစ်ဒနီမြို့ Lidcombe ရပ်ကွက်၌ ကရင်အနုပညာရှင် (၁၃)ဦးလိုက်ပါလာသော Karen Triangle Music Band ၏ ဖျော်ဖြေပွဲတွင် စောကျော်လိုက်သိန့်က ထိုသို့ တိုက်တွန်း ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

ကရင်အနုပညာရှင်များဖြစ်ကြသည့် စောကျော်လိုက်သိန့်၊ စောအောင်ဒူး၊ စောအေစီ၊ စောဆိန့်ဖောင်၊ စောဒူးဒူး၊ စောပိပိ၊ စောဆဲနေစေး၊ စောဖြိုးဝေကျော်၊ စောစီးလေး၊ အကြင်နာသောမတ်၊ နန်းနဒီဖေါ့အွာ၊ မီးမီးခဲနှင့် မီးမီးခဲ၏ မိခင် နောဖောဝါး စသည်တို့ ပါဝင်သော ၎င်းဖျော်ဖြေပွဲတွင် ခေတ်ပေါ် ပိုးကရင်နှင့် စကောကရင်သီချင်းများ၊ အဂင်္လိပ်သီချင်းများ၊ မြန်မာသီချင်းများအပြင် အငြိမ့်အက စသည့်တို့ဖြင့် ဖျော်ဖြေခဲ့ကြသည်။
ဖျော်ဖြေပွဲအခမ်းအနားတက်ရောက်ခဲ့သည့် ဩစတြေးလျားရောက် နော်သူးလေဖန်းက “မိမိတို့ရဲ့ ရိုးရာအနု ပညာကို အမြတ်တနိုး ထိန်းသိမ်းကြတဲ့ ပြည်တွင်းက ကရင်အနုပညာရှင်တွေကို ဒီလိုနေရာမျိုးမှာ ပြန်တွေ့ရတာ အင်မတန် ဝမ်းသာကြည်နူးဖြစ်မိတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ ဖျော်ဖြေပွဲတွင် မြန်မာနိုင်ငံမှ ဩစတြေးလျားနိုင်ငံသို့ ပြောင်းရွှေ့အခြေချသည့် ကရင်ဒုက္ခသည်များ၊ ကရင်လူမှုအဖွဲ့အစည်းမှ ကိုယ်စားလှယ်များ၊ ဩစတြေးလျားနိုင်ငံသားများ၊ ကရင်နီ၊ မွန်၊ ရှမ်း(သျှမ်း)နှင့် ကချင် စသည့် တိုင်းရင်းသားလူမျိုများ စုစုပေါင်း (၄၀၀)ကျော် တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
အပူအအေးမမျှသည့် ဩစတြေးလျားနိုင်ငံတွင် ကရင်အနုပညာရှင်များသည် ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံ၍ အဖျားအနာမရှိ ချောချောမွေ့မွေ့လိုက်လံဖျော်ဖြေခဲ့နိုင်ခဲ့ကြသလို ပရိဿတ်များ၏ အားပေးအားမြှောက်မှု နှင့် ကြိုဆိုမှုများကို ရရှိခဲ့ကြသည်ဟု ဖျော်ဖြေပွဲတက်ရောက်လာသူ ပရိဿတ်များက ဆိုသည်။
Karen Triangle Music Band ကို ဩစတြေးလျားနိုင်ငံ အနောက်ဖက်ခြမ်းပြည်နယ် ပါ့သ်မြို့ ကရင်လူမှု အဖွဲ့အစည်း၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဩဂုတ် ၈ရက်နေ့က ရောက်ရှိလာပြီးနောက် ဖျော်ဖြေမှုများ စတင် ကာ ဗစ်တိုးရီးယားပြည်နယ် မဲလ်ဘမ်းမြို့ ဖျော်ဖြေမှု ၅နေရာအပါအဝင် ကွင်းစလန်းပြည်နယ် ဘရစ်စဘင်း မြို့၊ ကန်ဘာရာနှင့် နယူးဆောသ့်ဝေးပြည်နယ် ဆစ်ဒနီမြို့ကြီးများတွင် ဖျော်ဖြေပွဲ (၈)ခု ကျင်းပခဲ့သည်။
တဆက်တည်းမှာပင် Karen Triangle Music Band အဖွဲ့သည် စက်တင်ဘာ ၈ ရက်နေ့တွင် ဩစတြေး လျားနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဆစ်ဒနီလေဆိပ်မှ မလေးရှားနိုင်ငံ ကွာလမ်လာပူသို့ ပြန်ကြပြီး ထိုမှတဆင့် မိခင်မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။
ဩစတြေးလျားနိုင်ငံတွင် ယခင်က ကရင်အနုပညာအဖွဲ့များဖြစ်သည့် ကလိုကွယ်နှင့် ဒူးလေးလေ အမည်ရှိ အနုပညာ အဖွဲ့ ၂ဖွဲ့တို့ လာရောက်ဖျော်ဖြေခဲ့ပြီးဖြစ်ကြောင်း ဩစတြေးလျားရောက် ကရင်လူမှုအဖွဲ့အစည်း များက ပြောသည်။



















