Home သတင်း အပစ်အခတ်ရပ်စဲ‌ရေး ‌ဖော်‌ဆောင်မှုအ‌ပေါ် PSDP အပြည့်အဝ မယုံရဲ‌သေး

အပစ်အခတ်ရပ်စဲ‌ရေး ‌ဖော်‌ဆောင်မှုအ‌ပေါ် PSDP အပြည့်အဝ မယုံရဲ‌သေး

1455

ဩဂုတ် ၁၃ရက်၊ ၂၀၁၄ခုနှစ်၊ နန်း‌ချောင်‌ဖော့

လက်ရှိ သမ္မတဦးသိန်းစိန် ဦး‌ဆောင်‌သော အရပ်သားအစိုးရလက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ‌ဖော်‌ဆောင်‌နေသည့် အပစ်အခတ်ရပ်စဲ‌ရေးအ‌ပေါ် အပြည့်အဝ မယုံကြည်ရဲ‌သေးဟု ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)က ‌ပြောသည်။

ပြည်‌ထောင်စုငြိမ်းချမ်း‌ရေး‌ဖေါ်‌ဆောင်‌ရေးလုပ်ငန်း‌ကော်မတီမှ ဒု-ဥက္ကဌ ဝန်ကြီးဦး‌အောင်မင်း ဦး‌ဆောင်သည့် အစိုးရအဖွဲ့သည် ရန်ကုန်မြို့ရှိ မြန်မာ့ငြိမ်းချမ်း‌ရေးစင်တာတွင် ဩဂုတ် ၁၁ရက်‌နေ့က တစ်နိုင်ငံလုံးရှိ နိုင်ငံ‌ရေးပါတီ(၆၆)ခုအား ‌ခေါ်ယူ‌တွေ့ဆုံပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အစိုးရတို့အကြား ဆက်လုပ်မည့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲနှင့် ပတ်သက်၍ ချပြ‌ဆွေး‌နွေးမှု ပြုလုပ်ပြီး‌နောက် PSDP ဒုဥက္ကဌ မန်း‌အောင်ပြည်စိုးက ထိုသို့ ‌ပြောဆိုခဲ့ခြင်းသည်။

“တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့‌တွေနဲ့ အစိုးရစစ်တပ်တို့အကြား MPC မှတဆင့် အကြိမ်ကြိမ် ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့တယ်။ အပစ် ရပ်စဲ‌ရေးလက်မှတ်ကို ယခုအချိန်ထိ မထိုးနိုင်‌သေးဘဲ နိုင်ငံ‌ရေးပါတီ‌တွေကို ယခုလို ‌ခေါ်ယူ‌တွေ့ဆုံသည့်အ‌ပေါ် စဉ်းစားစရာဖြစ် တယ်။ ‌နောက်တဆင့်သွားမယ့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲကို ကျ‌နော်တို့‌စောင့်ကြည့်ရဦးမယ်။ MPC ကို ကျ‌နော်တို့အ‌နေနဲ့‌တော့ ပြည့် ပြည့်ဝဝ မယုံရဲ‌သေးဘူး။”ဟု မန်း‌အောင်ပြည်စိုးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် လက်ရှိ အပစ်အခတ်ရပ်စဲ‌ရေး ‌ဖော်‌ဆောင်‌နေစဉ် ကာလအတွင်း၌ ပွင့်လင်းမြင်သာမှုရှိသည်ဟု အစိုးရက ‌ပြောဆို‌နေ ‌သော်လည်း ကရင်တမျိုးသားလုံး ‌လေးစားတန်ဖိုးထား‌သော ဩဂုတ် ၁၂ရက်‌နေ့၊ ကရင်အမျိုးသားအာဇာနည်‌နေ့ကို ကရင်ပြည် နယ်၏မြို့‌တော် ဖားအံတွင် ကျင်းပရန် ယခုထိ ခွင့်မပြုခြင်းသည် အစိုးရအား အပြည့်အဝ မယုံရဲစရာ အ‌ေ‌ကြောင်းတစ်ခုဖြစ် ‌ကြောင်းလည်း မန်း‌အောင်ပြည်စိုးက ဖြည့်စွက်‌ပြောဆိုသည်။

ကရင်ပြည်နယ် ဖားအံမြို့ရှိ အမျိုးသား ဒီမိုက‌ရေစီအဖွဲ့ချုပ်(NLD)၏ ဗဟိုအလုပ်အမှု‌ဆောင်တစ်ဦးဖြစ်သူ နန်းခင်‌ထွေးမြင့်က လည်း “ပြည်တွင်းငြိမ်းချမ်း‌ရေးလုပ်‌ဆောင်ရာမှာ အစကတည်းက နိုင်ငံ‌ရေးပါတီများကို ပါဝင်ခွင့်ပြုသင့်ပြီး အခုချိန်မှ ပါဝင်ခွင့် ‌ပေးလိုက်တာ စဉ်းစားစရာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

တဆက်တည်းမှာပင် တစ်နိုင်ငံလုံးရှိ နိုင်ငံ‌ရေးပါတီများကို ပြည်‌ထောင်စုငြိမ်းချမ်း‌ရေး‌ဖေါ်‌ဆောင်‌ရေးလုပ်ငန်း‌ကော်မတီမှ ဒုဥက္ကဌ ဦး‌အောင်မင်း ဦး‌ဆောင်သည့် အစိုးရအဖွဲ့မှ ဩဂုတ် ၁၁ရက်‌နေ့၌ ‌ခေါ်ယူ‌တွေ့ဆုံမှု ပြီး‌နောက် နိုင်ငံ‌ရေးပါတီများဘက်က သ‌ဘောထား ‌ကြေညာချက်တစ်‌စောင် ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်အရ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများ အမြန်ဆုံးဖြစ်‌ပေါ်နိုင်‌ရေးအတွက် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌ရေးလုပ်ငန်း ‌ကော်မတီ(UPWC)၊ တစ်နို်င်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲ‌ရေးညှိနှိုင်း‌ရေးအဖွဲ့ (NCCT)၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် နိုင်ငံ‌ရေးပါတီများ ‌တွေဆုံနိုင်‌ရေးကို အမြန်ဆုံး‌ဆောင်ရွက်‌ပေးပြီး နိုင်ငံလုုံးဆိုင်ရာ အပစ်အခတ်ရပ်စဲ‌ရေးစာချုပ်အား အမြန်ဆုံး လက်မှတ်‌ရေးထိုးကြရန်နှင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးမှု မူ‌ဘောင်များသို့ လုပ်‌ဆောင်သွားရန်ဟူ၍ ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

ဩဂုတ် ၁၁ရက်‌နေ့ ဝန်ကြီး ဦး‌အောင်မင်းဦး‌ဆောင်သည့်အဖွဲ့မှ နိုင်ငံ‌ရေးပါတီ ၆၆ခုကို ‌ခေါ်ယူ‌တွေ့ဆုံသည့် ယင်း‌တွေ့ဆုံပွဲသည် ပထမဆုံးအကြိမ်ဖြစ်ပြီး အစိုးရနှင့် ပါတီကိုယ်စားလှယ်‌ပေါင်း ၁၅၀‌ကျော် တက်‌ရောက်ခဲ့ကြသည်ဟု သိရသည်။