Home သတင်း ထိုင်းစစ်တပ်အာဏာသိမ်းပြီး‌နောက် မဲ‌ဆောက်တွင် ပထမဆုံးအကြိမ် တရားမဝင်အလုပ်သမားများကို ဖမ်းဆီး

ထိုင်းစစ်တပ်အာဏာသိမ်းပြီး‌နောက် မဲ‌ဆောက်တွင် ပထမဆုံးအကြိမ် တရားမဝင်အလုပ်သမားများကို ဖမ်းဆီး

1469

ဇွန်လ ၄ ရက်၊ ၂၀၁၄ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ထိုင်းနိုင်ငံတွင် ‌မေ ၂၂ ရက်‌နေ့က ထိုင်းစစ်အာဏာ သိမ်းယူပြီး‌နောက်ပိုင်း မဲ‌ဆောက်မြို့တွင် တရားမဝင် ‌ရွှေ့‌ပြောင်းမြန်မာအလုပ်သမားများကို ဇွန်လ ၃ ရက်‌နေ့မှစ၍ စစ်တပ်အာဏာပိုင်၊ လူဝင်မှုကြီးကြပ်‌ရေးနှင့် နယ်ခြားလုံခြုံ‌ရေး‌စောင့်တပ်များပူး‌ပေါင်းပြီး ပထမဦးဆုံးအကြိမ် ဖမ်းဆီးမှုပြုလုပ်‌နေ‌ကြောင်း သိရသည်။

မဲ‌ဆောက်မြို့ရှိ တရားမဝင်အလုပ်သမား ၁၆၀‌ကျော်ကို ထိုင်းစစ်အာဏာပိုင်များက ဝင်‌ရောက်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းမတိုင်ခင် တစ်ပတ်အလိုတွင် မဲ‌ဆောက်မြို့၊ အ‌ရှေ့ဘက်ခြမ်း ‌ကျေးရွာအချို့မှာလည်း ဖမ်းဆီးမှုအချို့ရှိခဲ့သည်ဟု ‌ရွှေ့‌ပြောင်းမြန်မာအလုပ်သမားအ‌ရေး လိုက်လံ‌ဆောင်ရွက်‌ပေး‌နေသည့် မြန်မာပြည် သားများပူးတွဲလှုပ်ရှား‌ရေး‌ကော်မတီ(JACBA) ဥက္ကဌ ဦးမိုးကြိုးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“အခု အ‌ထောက်အထားမရှိလို့ ဖမ်းတာကို အပြစ်မဆိုလိုဘူး။ အ‌ထောက်အထားရှိဖို့ မလုပ်‌ပေးတဲ့ သူတို့ရဲ့ လုပ်ငန်းစဉ်‌တွေပြီး‌တော့ အ‌ထောက်အထား‌တွေကို ကုန်ကျစရိတ်သက်သက်သာသာနဲ့ လွယ်လွယ်ကူကူ ရ‌အောင် မလုပ်‌ပေးတဲ့ အစိုးရ‌တွေ ‌ပြောရမယ်ဆိုရင် ထိုင်းအစိုးရ‌ကော မြန်မာအစိုးရ‌ကော တာဝန်ရှိတယ်။ ပြီး‌တော့သူတို့ လုပ်ငန်းရှင်‌တွေကိုလည်း တာဝန်ရှိတယ်”ဟု ဦးမိုးကြိုးက ‌ပြောသည်။

အဖမ်းဆီးခံရသူ အလုပ်သမားမျာကို ဥပ‌ဒေအရ ‌ထောင်ထဲတွင် ၁၅ ရက်မှ ၄၅ ရက်အထိ ဖမ်းဆီးချုပ်‌နှောင် ထားနိုင်‌သော်လည်း ယင်းသို့ ပြုလုပ်ခြင်းမရှိဘဲ နာရီပိုင်းအတွင်းသာ စစ်‌ဆေးပြီး ‌သောင်ရင်းမြစ် တဖက်ကမ်း မြန်မာနိုင်ငံ မြဝတီမြို့သို့ ချက်ခြင်းပြန်ပို့‌ပေးသည့်အတွက် ထိုင်းစစ်တပ်အစိုးရသည် အလုပ်သမားများအ‌ပေါ် လူသားချင်းစာနာ‌ထောက် ထားခြင်းရှိသည်ကို ‌တွေ့ရ‌ကြောင်း ၎င်းက ဆက်‌ပြောသည်။

ယမန်‌နေ့က ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံရပြီး မြဝတီဘက်သို့ ပြန်လည် ပို့‌ဆောင်ခံသည့် ‌ရွှေ့‌ပြောင်း မြန်မာအလုပ်သမားများထဲတွင် လူကြီးအပြင် က‌လေးငယ်များပါဝင်ကာ ၎င်းတို့ကို ကားဖြင့် ပို့‌ဆောင်ခဲ့ခြင်း ဖြစ်သည်။

‌ရွှေ့‌ပြောင်းမြန်မာအလုပ်သမားတစ်ဦးဖြစ်သူ ‌စောလှိုင်ထူးက “အခုလို ဖမ်းဆီးခြင်းလုပ်တာကို ကိုယ့်မှာ မှတ်ပုံ တင်ရှိ‌ပေမယ့်လည်း နိုင်ငံ‌ရေးမတည်ငြိမ်တာကို‌တော့ အလုပ်လုပ်ရတာလဲ စိတ်မ‌အေးရဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုင်းနိုင်ငံတွင် စစ်တပ် အာဏာမသိမ်းမီအချိန်က ထိုင်း-မြန်မာနယ်စပ် ‌သောင်ရင်းမြစ်‌ပေါ်ရှိ မဲ‌ဆောက်-မြဝတီ ချစ်ကြည်‌ရေးတံတားကိုသာ ဖြတ်သန်းသွားလာခွင့်ပြုထားပြီး ယခင် နားလည်မှုဖြင့် ဖွင့်ထားသည့် ‌လှေဂိတ်များကို ယခုထိ ပိတ်ထားသဖြင့် ‌ရွှေ့‌ပြောင်းမြန်မာအလုပ်သမားများအတွက် အသွားအလာ အခက်ကြုံ‌တွေ့‌နေရသည်ဟု သိရသည်။

မဲ‌ဆောက်‌ဒေသတွင် မြန်မာနိုင်ငံသား ‌ရွှေ့‌ပြောင်း အလုပ်သမား ဦး‌ရေ ၂ သိန်း‌ကျော် ရှိပြီး ထိုအထဲတွင် တရားဝင် အ‌ထောက်အထားရှိသူ ဦး‌ရေ ၃ ‌သောင်း‌ကျော်သာရှိ‌ကြောင်း မဲ‌ဆောက်ရှိ မြန်မာအလုပ်သမား အ‌ရေး ‌ဆောင်ရွက်‌နေသည့်အဖွဲ့များက ဆိုသည်။