လောအယ်စိုး
ရေခြား၊ မြေခြားပြီး အမိမြန်မာနိုင်ငံနဲ့ မိုင်ပေါင်းခြောက်ထောင်ကျော်လောက်ကို ကွာဝေးသော တစ်ပါးမြေကို ရောက်ရှိနေသော အချိန်မှာ ကျနော် မွေးရပ်မြေပြည်နယ်ကို တမ်းတမိတာ နေ့စဉ်ပါ။ တစ်ခါတစ်ရံ အညာဒေသရဲ့ နံနက်ခင်းလို အနံ့တွေ၊ နားထဲမှာ လက်ဖက်ရည်ဆိုင် စားပွဲထိုးကလေးတွေရဲ့ အော်ဟစ်ပြောဆိုပြီး စားဖွယ်ရာများကို မှာနေသောအသံမျိုး၊ ဘတ်စ်ကားဂိတ်မှာ လူ တွေစုပြီး ကားကိုစောင့်နေတဲ့ မြင်ကွင်းမျိုး၊ သံလွင်မြစ်ကမ်းနံဘေးက တိုင်းရင်းသားတွေရဲ့ ညနေချမ်း၊ ပုဂံမြို့ဟောင်းရဲ့ စေတီအ ဆူဆူတွေ အာရုံမှာ ပေါ်ပေါ်လာတတ်ပါတယ်။
မိမိရဲ့ ဇာတိမြေကို လွမ်းဆွတ်တတ်ခြင်းဟာ လူသားတွေရဲ့ ခံစားမှုအမျိုးမျိုးတွေထဲက လေးနက်လှသော နက်ရှိုင်းလှသော ခံစား မှုတစ်ခုပါ။ ကမ္ဘာ့အဆင်းရဲဆုံး၊ ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးစာရင်းထဲမှာ ကျနော့်တိုင်းပြည်က ပါဝင်ပေမယ့် သူစိမ်းဧည့်သည် တွေကို နွေးထွေးစွာ ကြိုဆိုတတ်သော၊ အချင်းချင်း ကူညီယိုင်းပင်းမှု၊ သုခ ဒုက္ခတို့ကို ဝေမျှခံစားတတ်သော နေရာမှာတော့ ကျနော်တို့ မြန်မာနိုင်ငံကလူတွေ ကမ္ဘာ့ထိပ်တန်းနှလုံးသားအဆင့်မှာ ပါဝင်တယ်လို့ ကျနော် ယုံကြည်ပါတယ်။
ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံကြွယ်ဝသော၊ တိုးတက်ပါပေ့ဆိုသော နိုင်ငံကြီးတွေရဲ့ မြို့ပြတွေမှာ သိန်းချီသော သန်းချီသော လူတွေရဲ့အ လယ် အထီးကျန်မှုရဲ့ ရက်စက်ခြင်းကို ခံစားနေရသော လူသားတွေ အများကြီးပါပဲ။ ယဉ်ကျေးမှုတွေလို ဖြစ်သွားနေသော သက် ကြီးရွယ်အိုတွေကို လူအိုရုံမှာ ထားတတ်တဲ့ဓလေ့နဲ့ ကျနော်တို့နိုင်ငံရဲ့ လူကြီးသူမတွေကို တန်ဘိုးထားတတ်တဲ့ ဓလေ့တွေဟာ ဘယ်လူ့အဖွဲ့အစည်းက ပိုပြီး လူသားဆန်နိုင်မလဲလို့ မေးစရာတွေ ရှိပါတယ်။
မှန်ပါတယ်။ နေရာတိုင်းမှာ အကောင်းဘက်ရှိသလို အားနည်းချက်တွေလည်း ဒွန်တွဲပြီးတော့ ပါဝင်နေတတ်ပါတယ်။ စီမံခန့်ခွဲမှု စနစ်ကျခြင်း၊ လူချွန်လူမွန်များကို ပျိုးထောင်သည့် ပညာရေး၊ လူထု၏ယုံကြည်မှုနှင့် အားကိုးအားထားပြုနိုင်သော ကျန်းမာရေး ကဏ္ဍ၊ လွတ်လပ်စွာ ထုတ်ဖော်ရေးသားပြောဆိုမှုတို့ ဆိတ်သုဉ်းနေသည်မှာ မြန်မာနိုင်ငံတွင် နှစ်ပေါင်း ငါးဆယ်ကျော်သွားပေပြီ။
နိုင်ငံ့သားကောင်းများကို တက္ကသိုလ်ပရဝုဏ်အတွင်း ရက်စက်စွာ သေနတ်တွေနဲ့ ပစ်သတ်ခြင်း၊ နှစ်ရှည်ကျများ အကျဉ်းထောင် ထဲ ထိန်းသိမ်းချုပ်နှောင်ထားခံရခြင်း၊ ရင်သွေးတွေ ပျောက်ဆုံးနေတဲ့ မိခင်များရဲ့ ရှိုက်သံတွေ ကျနော်တို့နိုင်ငံမှာ ယနေ့တိုင် ရှိ နေဆဲ၊ ကြားနေရဆဲပါ။
ဒီလို အခြေအနေတွေ ရှိနေတာတောင်မှ ၁၉၈၈ခုနှစ် လူထုအရေးအခင်းကြီးနဲ့ ၂၀၀၇ခုနှစ် ဗုဒ္ဓသားတော်များ ဦးဆောင်သော ရွှေဝါရောင်တော်လှန်ရေးကြီးတွေက ကျနော့်မွေးရပ်နိုင်ငံရဲ့ သူရဲကောင်းပီသသော အညတြများ၏ စွန့်လွှတ်စွန့်စားတတ်သော စိတ်ဓာတ်တွေကို ကမ္ဘာ့သမိုင်းမှာ မှတ်ကျောက်အတင်ခံနိုင်ခဲ့ပါတယ်။
ရန်ကုန်တက္ကသိုလ်ကြီးကို တမ်းတမိတယ်။ တစ်မျှော်တစ်ခေါ် စပါးခင်းများကို မြင်ယောင်မိတယ်။ ကျေးလက်တွေရဲ့ လမ်းဘေး ရေချမ်းစင်တွေကို ကျနော် သတိရမိပါတယ်။ ဘယ်လောက်ပဲ စနစ်ဆိုးအောက်မှာ ရောက်နေပါစေ၊ အနာဂတ်ကို ကျနော်တို့ပိုင် တယ်။ တိုင်းပြည်ရဲ့ ပုခုံးပြောင်းတာဝန်မို့ ကျနော်တို့ ယူရဲရမယ်။ အသစ်သော သမိုင်းစာမျက်နှာတွေကို ဖန်တီးပစ်ရမယ်။ စစ်မှန် သော ချစ်ခြင်းမေတ္တာအားဖြင့် လူငယ်များရဲ့အရှေ့မှာ ကာဆီးနေတဲ့ တံတိုင်းနံရံတွေကို ကျနော်တို့ အားမာန်များဖြင့် တစ်စစီဖြစ် အောင် ဖြိုဖျက်ပစ်ရမယ်။
ဒါတွေက အမိမြေကို ကျနော် လွမ်းဆွတ်မိရင်းနဲ့ တစ်ထပ်တည်း ခံယူမိသော သံဓိဌာန်တစ်ခုပါ။