မေလ ၂၃ရက်နေ့တွင် ကျရောက်သည့် ကရင်လူငယ်အစည်းအရုံး (ကေဝိုင်အို) ၏ ၂၅နှစ်ပြည့် ငွေရတုအခမ်းအနားကို ကရင် ပြည်နယ်၊ ကေအဲန်ယူ တပ်မဟာ (၇)နယ်မြေ လော်ခီးလာတွင် ကျင်းပခဲ့ရာတွင် နာမည်ကြီး ကရင်အဆိုတော်များ ကဗျာဘွဲ့မှူး (ခ) နော်စေးမူဖော၊ ညီမ မီးမီးခဲနှင့် စမောလယ်နှင့် အခြားကရင်အဆိုတော်များ လာရောက်ဖျော်ဖြေခဲ့ကြသည့်အနက် ကဗျာဘွဲ့ မှူးကို တွေ့ဆုံမေးမြန်းထားခြင်း ဖြစ်သည်။
ကေအိုင်စီ – အခုလို ကေဝိုင်အိုနေ့မှာ လာရောက်ဖျော်ဖြေတဲ့အတွက် ဘယ်လိုခံစားရပါသလဲ။
ကဗျာ – အရမ်းပျော်ပါတယ်။ အရမ်းဂုဏ်ယူပါတယ်။ ငွေရတုပေါ့နော်။ ငွေရတုတိုင်ခဲ့ပြီးဆိုတော့ ပျော်ပါတယ်။ အခု ဒီကိုလာတာ ပထမဦးဆုံးအကြိမ် ရောက်လာတာပေါ့နော်။ အရင်က ဒီနေရာကို လာဖို့ဆိုတာ မလွယ်ဘူးလေ။ အခုလို လာလို့ရတဲ့အချိန်မှာ ဒီကို ပထမဦးဆုံး ရောက်လာတာဖြစ်တယ်။ ဖိတ်တဲ့လူကြီးတွေကလည်း ကျမတို့ လာနိုင်မယ်လို့ မထင်ခဲ့ဘူးပေါ့နော်။ ဒါပေမယ့် ကျမတို့က ရောက်အောင်လာခဲ့တယ်။ ကိုယ့်ကရင်လူငယ်လေးတွေကို လာအားပေးချင်တဲ့အတွက်ရောက်အောင် လာခဲ့တာ ဖြစ် တယ်ပေါ့နော်။
ကေအိုင်စီ – နောက်တခု သိချင်တာကပေါ့နော်။ အစ်မရဲ့ အနုပညာလှုပ်ရှားမှုလေးတွေ ပြောပြလို့ ရမလားရှင့်။
ကဗျာ – အနုပညာလှုပ်ရှားမှုကတော့ အရင်ကလို စတိတ်ရှိုးတွေ မသွားဖြစ်တော့ဘူး။ လူမှုရေးကိစ္စတွေဘက်ကို အဓိက ပြန်ပြီး တော့ လုပ်နေတာတယ်။ အခုလိုမျိုး ကျမတို့ ကရင်လူမျိုးတွေ ကရင်ပြည်နယ်ဘက်မှာ လိုအပ်နေတဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီလိုရင် ကျမတို့ သွားကြတယ်။ ကျမတို့လူမျိုးတွေကို ပြန်အားပေးချင်တာလည်းပါတယ်။ ကိုယ်တတ်နိုင်တဲ့ဘက်က နေ အများကြီး မပါဝင်နိုင်တောင်မှ အုပ်တစ်ချပ် သဲတစ်ပွင့်အနေနဲ ့ ပါဝင်သွားမယ်ပေါ့နော်။
ကေအိုင်စီ – အခွေထုပ်ဖို့ရော ပြန်လုပ်နေတာ ရှိသလား။
ကဗျာ – လောလောဆယ်တော့ တစ်ကိုယ်တော်ပေါ့နော်။ ၁၅နှစ်ပြည့်တုန်းက အခွေရိုက်ထားတာရှိတယ်။ နောက် ၂လလောက် တော့ ထွက်ဖို့ ရည်ရွယ်ထားတယ်။ ကရင်သီချင်းခွေတော့ “ဝေါ်လဲအဂေး” ဆိုပြီးတော့ အခွေတစ်ခွေ ထွက်ထားတာရှိတယ်။ အခု စထွက်နေပြီ။ you tube ပေါ် တစ်ပုဒ်တလေတော့ စတင်နေပြီ။ တေးရေးဆရာ သောမတ်(စ်) ရေးထားတဲ့ သီချင်းတွေပေါ့ နော်။ အဲ့ အခွေထဲမှာဆိုရင် ကိုချစ်စမ်းမောင်လည်း ကူဆိုထားတယ်။ မီးမီးခဲလည်း ဆိုထားတယ်။ အမိုးလည်းဆိုတယ်။ အားလုံး ကျမတို့ မိသားစု ဝိုင်းဆိုထားတာရှိတယ်။ အဲဒီအခွေက တကယ်လည်း အဓိပ္ပါယ်ရှိပါတယ်။
ကေအိုင်စီ – အရင်က တစ်ကိုယ်တော် ကရင်သီချင်းတွေဆိုတာ မရှိခဲ့ဘူးဆိုတော့ အခု ကရင်သီချင်းခွေထုတ်တဲ့ ရည်ရွယ်ချက် ကိုလည်း ပြောပြပေးပါဦး။
ကဗျာ – တခါမှလည်း ကရင်အခွေ မထုတ်ဖူးဘူး။ တစ်ပုဒ်စ နှစ်ပုဒ်စတော့ဆိုတာ ရှိတာပေါ့နော်။ ကိုယ်က ကရင်လည်းဖြစ်တော့ ကရင်သီချင်းခွေလေး တစ်ခွေတော့ ကြိုးစားပြီးတော့ ထုတ်မယ်ဆိုတဲ့အခါကျတော့ စိတ်ထဲမှာ တကယ်လည်း ဆိုချင်တဲ့ စိတ် ဖြစ်လာတော့ အခွေထုတ်လိုက်တာပေါ့နော်။ တချို့ ကရင်နေရာတွေကျတော့ မြန်မာလို နားမလည်တာရှိတယ်။ ကျမ အမေရိ ကားသွားတုန်းကဆို အဲ့ဒီမှာ ကရင်တွေလည်း မြန်မာလို သိပ်နားမလည်တာရှိတယ်။ အဲ့တော့ ကရင်လို အခွေထုတ်မယ်လို ့ ရည်ရွယ်ပြီးတော့ အခု အခွေထွက်တာဖြစ်တယ်။ ဂုဏ်လည်းယူတယ်ပေါ့နော်။
ကေအိုင်စီ – အဲ့ဒီအခွေမှာ ဘယ်လိုသီချင်းတွေပါလဲ။
ကဗျာ – အခွေထဲမှာတော့ အချစ်သီချင်းတွေပါတယ်။ အမျိုးသားရေးနဲ့ဆိုင်တဲ့ သီချင်းတစ်ပုဒ်ပါတယ်။ ဝေါ်လဲအဂေး(မဂင်္လာ နံနက်ခင်း)ဆိုတဲ့ သီချင်းပေါ့နော်။ ကော်သူးလေမှာ တဖြည်းဖြည်းချင်း ငြိမ်းချမ်းရေးလမ်းစလေး ပေါ်လာပြီးပေါ့နော်။ အားလုံး ငြိမ်းချမ်းကြတော့မယ်။ အဆင်ပြေသွားတော့မယ် ဆိုတဲ့အကြောင်းပေါ့။ တေးရေးဆရာ သောမတ်စ် ရေးပေးထားတာပေါ့နော်။
ပျားရည်နဲ့ နို့ စီးဆင်းတဲ့ ခါနန်ပြည်ကိုရောက်တော့မယ်ဆိုတဲ့ အဲလိုမျိုး အကြောင်းအရာလေးပေါ့။
ကေအိုင်စီ – အခုလို ကေဝိုင်အို ၂၅နှစ်ပြည့်ငွေရတုမှာပေါ့နော်။ ကရင်လူငယ်လေးတွေကို ဘာတွေများပြောချင်သေးလဲပေါ့နော်။
ကဗျာ – အခု ဒီမှာရှိတဲ့ လူငယ်လေးတွေကို အရမ်းကြိုးစားကြပါတယ်။ ကိုယ်က သူတို့ကိုကြည့်ပြီးတော့ ဂုဏ်ယူပါတယ်။ တကယ်ပဲ အနစ်နာခံပြီးတော့ ဒီလိုနေထိုင်ပြီးတော့ အလုပ်လုပ်နေတာ တွေ့ရတာကိုပေါ့။ တချို့ဆို မေးကြည့်တော့ ဒီရောက်နေ တာ ဆယ်နှစ်ကျော်တဲ့လူငယ်တွေလည်း တွေ့ရတယ်။ ကိုယ့်လူမျိုးအတွက် အလုပ်လုပ်နေတာကို တွေ့တော့ ဝမ်းလည်းသာ တယ်။ အရမ်းလည်း အားကျတယ်။ ကျမတို့တောင်မှ သူတို့ကို ပြန်ပြီးတော့ အတုယူနေရတာ ဖြစ်ပါတယ်။ ဒီကိုရောက်လာတာ အရမ်းလည်း ပျော်တယ်လို ့ ပြောချင်ပါတယ်။