မတ် ၁၇ရက်၊ ၂၀၁၄ခုနှစ်။ စောခါးစူးညား
ယခု မတ်လကုန်ပိုင်းတွင် ကောက်ယူမည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ခံမှုကို အချိန်ရွှေ့ဆိုင်းပေးရန် ပြည်ပနိုင်ငံ ၁၁ခုမှ ကရင်လူမှုအဖွဲ့အစည်း ၂၈ဖွဲ့က ပူးပေါင်း၍ ယမန်နေ့(မတ်လ ၁၄ရက်နေ့)တွင် ကြေညာချက်ထုတ်ကာ ကုလသမဂ္ဂ လူဦး ရေရန်ပုံငွေ (United Nations Population Fund-UNPF နှင့် သက်ဆိုင်ရာအစိုးရထံများသို့ တောင်းဆိုလိုက်သည်။
ယင်းထုတ်ပြန်ချက်၏ ပြောခွင့်ရသူ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီမြို့မှ နော်မရဒါးဂေဖောက “အခု ကောက်ခံသွားဖို့ သန်းခေါင် စာရင်းဟာ မြန်မာအစိုးရက သူ့ဆန္ဒနဲ့ တိုင်းရင်းသားလူမျိုးစုတွေရဲ့နာမည်ကို သတ်မှတ်တယ်။ ဒါကို ကျမတို့ လက်မခံနိုင်ဘူး။ ဒါ ကြောင့် အချိန်ရွှေ့ဆိုင်းဖို့ တောင်းဆိုတာဖြစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
သန်းခေါင်စာရင်းသည် အရေးကြီးသည့် ကိစ္စဖြစ်သည့်အတွက် ကောက်ခံမည်ဆိုပါက အချိန်များထပ်ယူ၍ သက်ဆိုင်ရာ တိုင်း ရင်းသားများ၏ သဘောထားယူပြီးမှသာ ကောက်ခံသင့်ကြောင်းကို ထောက်ပြလိုခြင်းဖြစ်ပြီး လက်ရှိ ကောက်ခံမည့် သန်းခေါင် စာရင်းကုဒ်ထဲတွင် ကရင်လူမျိုးကို တစ်ခုတည်းသာ ထည့်သင့်သော်လည်း မျိုးနွယ်စု အများအပြားထည့်သွင်းစေခြင်းမှာ ကရင် လူမျိုး၏ လူဦးရေ အရေအတွက်နှင့် စည်းလုံးညီညွှတ်မှုများကို ထိခိုက်ကြောင်းနှင့် ကရင်မဟုတ်သည့် အခြားတိုင်းရင်းသားအ ချို့လည်း မြန်မာအစိုးရ၏ လူမျိုးစုသတ်မှတ်ချက်ကို လက်မခံကြကြောင်း သူမက ဆက်လက်ပြောဆိုသည်။
ကေအဲန်ယူ တောင်ငူခရိုင်ဥက္ကဌ ပဒိုစောအယ်ဝါးက “ဒီသန်းခေါင်စာရင်းကောက်တာက အလုပ်မဖြစ်ဘူး။ ကျနော်တို့ဒေသမှာ အိုင်ဒီပီတွေကို စာရင်းကောက်မယ်ဆို လူနေတဲတစ်လုံးနဲ့တစ်လုံးက အဝေးကြီးသွားရတယ်။ နောက်ပြီး စာရင်းသွားကောက်တဲ့ အချိန် အိမ်ရှင်တွေမရှိဘဲ တောတောင်ထဲမှာ သွားအလုပ်လုပ်နေရင် ဘယ်လိုစာရင်းကောက်မလဲ။ အဲဒါတွေပါ စဉ်းစားရင် မဖြစ် သင့်သေးဘူးလို့ ပြောချင်တယ်”ဟု ဆိုသည်။
ပြည်ပရောက် ကရင်လူမှုအဖွဲ့အစည်းများ၏ ကြေညာချက်၌လည်း ယခုကောက်ခံမည့် သန်းခေါင်စာရင်းထဲတွင် ထောင်ပေါင်း များစွာသော ပြည်တွင်းဌာနေမဲ့ဒုက္ခသည်(IDP)များနှင့် ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ ကရင်ဒုက္ခသည်များအား စာရင်းထည့် သွင်းမထားမည်ကို စိုးရိမ်ကြောင်း ဖော်ပြပါရှိသည်။
ပြည်ပရောက် ကရင်လူမှုအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ကရင်အမျိုးသမီးအစည်းအရုံး(KWO) အထွေထွေ အတွင်းရေးမှူး နော်ကညောဖောက “ဒီထုတ်ပြန်ချက်အပေါ် ကျမတို့ ထောက်ခံပါတယ်။ ဘာဖြစ်လဲဆိုရင် ဒီသန်းခေါင်စာရင်း ကိစ္စဟာ ကရင်မှ မဟုတ်ဘူး။ အခြားတိုင်းရင်းသားကလည်း သဘောမတူတာရှိတယ်။ အခုကောက်ယူမဲ့ သန်းခေါင်စာရင်းဟာ ကရင်ဒေသထဲမှာပဲကြည့်ရင် တချို့နယ်က လူထုတွေဟာ ဘာမှမသိကြသေးတာကို တွေ့ရတယ်။ ဒါကြောင့် အချိန်ထပ်ယူပြီးမှ ကောက်ခံဖို့လိုတယ်”ဟု ပြောသည်။
အလားတူ မြန်မာအစိုးရ၏ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ခံမှုကိစ္စမှာ လက်ရှိ နိုင်ငံရေး အခြေအနေအပေါ်မူတည်၍ ရွှေ့ဆိုင်းသင့်ကြောင်း ထိုင်း-မြန်မာနယ်စပ်၌ ဖေဖေါ်ဝါရီ ၂၄မှ ၂၆ရက်နေ့အထိ ပြုလုပ်ခဲ့သော KWO ဗဟိုအမြဲတမ်းကော်မတီ၏ နှစ်ပတ်လည် အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။
သို့သော် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီးဦးခင်ရီက သန်းခေါင်စာရင်းကောက်ခံမည့်နေ့ရက်ကို ပြောင်းရွှေ့၍ မရတော့ကြောင်း ဇန်နဝါရီလကုန်ပိုင်းက တိုင်းရင်းသတင်းဌာနများမှ အလုပ်သင်သတင်းထောက်များနှင့် နေပြည် တော်၌ တွေ့ဆုံရာတွင် ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံ၌ မတ်လ ၃ဝရက်နေ့တွင် စတင်ကောက်ခံတော့မည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို အချိန်ရွှေ့ဆိုင်းရန် တောင်း ဆိုခဲ့သည့် ကရင်အဖွဲ့များမှာ အဂင်္လန်၊ အမေရိကန်၊ ကနေဒါ၊ ဆွီဒင်၊ နယူးဇီလန်၊ အိုင်ယာလန်၊ ဖင်လန်၊ နော်ဝေး၊ ဩစတြေး လျား၊ ဒိန်းမတ်နှင့် ချက်ခ် စသည့်နိုင်ငံများမှ ကရင်အဖွဲ့အစည်းများဖြစ်ကြသည်။