Home သတင်း ‌ပေါ့ဆမီး‌ကြောင့် မယ်လစခန်း အိမ်‌ခြေ ၅ဝ ပျက်စီး‌ကြောင်း ထပ်မံအတည်ပြု

‌ပေါ့ဆမီး‌ကြောင့် မယ်လစခန်း အိမ်‌ခြေ ၅ဝ ပျက်စီး‌ကြောင်း ထပ်မံအတည်ပြု

1651

မတ် ၂၅ရက်၊ ၂၀၁၄ခုနှစ်။ ‌ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ထာ့‌ဆောင်ယန်းမြို့နယ်အတွင်းရှိ မယ်လဒုက္ခသည်စခန်း၊ ဇုံဘီအမှတ်(၄)ရပ်ကွက်တွင် မတ် ၂၄ရက်‌နေ့၊ ည ၉နာရီခွဲအချိန်က ‌ပေါ့ဆမီး‌ကြောင့် မီး‌လောင်မှုဖြစ်ပွားခဲ့ရာ အိမ်‌ခြေ ၅ဝ ပျက်စီးသွား‌ကြောင်း မယ်လစခန်းဥက္ကဌ ‌စော‌အောနက်စ်က ယ‌နေ့ ထပ်မံ အတည်ပြု ‌ပြောကြားလိုက်သည်။

“မီး‌လောင်မှု စဖြစ်တာက ရပ်ကွက်(၄)က က‌လေးငယ်ရှိတဲ့ အမျိုးသမီးအိမ်တစ်အိမ်ကပါ။ က‌လေးထငိုလို့ ဖ‌ယောင်းတိုင် မီးထွန်းထားတာကို မီးမသတ်မိဘဲ အိပ်‌ပျော်သွားတဲ့အတွက် မီး‌လောင်သွားတာလို့ ကျ‌နော်တို့ စုံစမ်းစစ်‌ဆေးချက်အရ သိရ တယ်။ အခုဖြစ်တာ အိမ် ၁၉လုံးမီး‌လောင်၊ ၃၁လုံးက မီး‌လောင်မှာစိုးလို့ ဖျက်လိုက်ရတဲ့ အိမ်‌တွေပါ”ဟု ‌စော‌အောနက်စ်က ‌ကေအိုင်စီသို့ ‌ပြောသည်။

မီး‌လောင်မှုအ‌ပေါ် မည်သူတစ်ဦးတစ်‌ယောက်မျှ ထိခိုက်ဒဏ်ရာရရှိမှုများမရှိ‌သော်လည်း အိမ်‌မွေးဝက် ၄‌ကောင် ‌သေဆုံးသွား ‌ကြောင်းနှင့် မယ်လစခန်းရှိ ကရင်အမျိုးသမီးအစည်းအရုံး(KWO)ရုံးတစ်လုံး မီး‌လောင်သွား‌ကြောင်းလည်း မယ်လစခန်း တာဝန် ရှိသူများက ဆိုသည်။

မယ်လစခန်းတွင် မီးသတိပြု‌ရေးအတွက် စခန်းအတွင်းရှိ ဒုက္ခသည်များသိရှိ‌စေရန် ‌နေ့စဉ် အသံချဲ့စက်(Loud Speaker)ဖြင့် အသိ‌ပေး‌ပြောဆိုမှု ပြုလုပ်‌နေသည့်ကြားမှ ယခုလို မီး‌လောင်မှု ဖြစ်ပွား‌နေသည့်အတွက် မီး‌ဘေးကင်း‌ဝေး‌ရေးနှင့် ပတ်သက်၍ ယခင်ထက်ပို၍ စည်းကမ်းတင်းကြပ်မှုများ ပြုလုပ်သွားရန်ရှိ‌ကြောင်းလည်း ‌စော‌အောနက်စ်က ဖြည့်စွက်‌ပြောဆိုသည်။

ယခုဖြစ်ပွားသည့် မီး‌လောင်မှု‌ကြောင့် မီး‌ဘေးသင့် ဒုက္ခသည်ဦး‌ရေ ၂၈၆ဦးရှိပြီး ၎င်းတို့သည် နီးစပ်ရာ‌ဆွေမျိုးများနှင့် အသိမိတ် ‌ဆွေအိမ်များတွင် ယာယီ ခိုလှုံ‌နေထိုင်‌နေရကာ အစားအစာ၊ အိုး၊ ခွက်၊ ပန်းကန်၊ အဝတ်အထည်များ စသည်တို့ အ‌ရေး‌ပေါ် လိုအပ်‌နေသည်ဟု သိရသည်။

မီး‌လောင်မှု ဖြစ်ပွားသည့်‌နေရာသို့ စခန်းအတွင်းရှိ တာဝန်ရှိသူများက မတ် ၂၅ရက်‌နေ့(ယ‌နေ့)မနက်တွင် လာ‌ရောက်စစ်‌ဆေးမှု များ ရှိ‌သော်လည်း မည်သူတစ်ဦးတစ်‌ယောက်ကိုမျှ ဝင်‌ရောက်ခွင့်မပြု‌သေးသလို မီး‌လောင်၊ ပျက်စီးသွားသည့် အိမ်‌ခြေများ ပြန် လည်ထူ‌ထောင်ရန်အတွက် စခန်းတာဝန်ရှိသူများ အပါအဝင် နယ်စပ်ဒုက္ခသည်များကို စားနပ်ရိက္ခာ ကူညီ‌ပေး‌နေသည့် The Border Consortium – TBC ၊ အခြားအစိုးရမဟုတ်‌သောအဖွဲ့အစည်း(NGO) အချို့နှင့် သက်ဆိုင်ရာ‌ဒေသရှိ ထိုင်းအာဏာပိုင် များက မယ်လစခန်းရုံးခန်းတွင် စည်း‌ဝေး‌နေကြသည်ဟု မယ်လဒုက္ခသည်တစ်ဦးဖြစ်သူ ‌စောည‌မွှေးက ယခုလို ‌ပြောသည်။

‌စောည‌မွှေးက “မီး‌လောင်တဲ့‌နေရာကို ‌လော‌လောဆယ် ဘယ်သူ့ကိုမှ ဝင်ခွင့်မပြု‌သေးဘူး။ သန့်ရှင်း‌ရေးလည်း မလုပ်ရ‌သေးဘူး။ အခု မီး‌လောင်မှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ‌တွေ အစည်းအ‌ဝေးထိုင်‌နေကြတုန်းပဲလို့ သိရပါတယ်”ဟု ဆိုသည်။

ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့‌မြောက်ဘက် ကီလိုမီတာ ၆၀‌ကျော် အကွာအ‌ဝေးရှိ ဒုက္ခသည်ဦး‌ရေ ‌လေး‌သောင်းငါး‌ထောင်(၄၅,၀၀၀) ဦး‌ကျော် ‌နေထိုင်လျှက်ရှိ‌သော မယ်လဒုက္ခသည်စခန်းတွင် ပြီးခဲ့သည့် ၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလကလည်း ဇုံစီ အမှတ် (၃)ရပ် ကွက်တွင် မီး‌လောင်မှုဖြစ်ပွားခဲ့ရာ အိမ်‌ခြေ ၁၀၀‌ကျော် ပျက်စီးသွားခဲ့သည်။