Home သတင်း ကရင်ပြည်နယ်မှ ပညာ‌ရေးဝန်ထမ်း ၁၅ဦး သန်း‌ခေါင်စာရင်းအထူးနည်းပြသင်တန်းတက်မည်

ကရင်ပြည်နယ်မှ ပညာ‌ရေးဝန်ထမ်း ၁၅ဦး သန်း‌ခေါင်စာရင်းအထူးနည်းပြသင်တန်းတက်မည်

1996

‌ဖေ‌ဖော်ဝါရီ ၁၃ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့

ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနသာင်္ရီတိုင်း‌ဒေသကြီးများအတွက် ‌မော်လမြိုင်မြို့တွင် ပြုလုပ်မည့် သန်း‌ခေါင်စာရင်း အထူး နည်းပြသင်တန်းကို ကရင်ပြည်နယ်မှ ပညာ‌ရေးဝန်ထမ်း ၁၅ဦး တက်‌ရောက်ရမည်ဖြစ်‌ကြောင်း ကရင်ပြည်နယ် လူဝင်မှုကြီးကြပ် ‌ရေးဦးစီးဌာန လက်‌ထောက်ညွန်ကြား‌ရေးမှူး ဦး‌စောတင့်လွင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“‌မော်လမြိုင်မှာ သွားတက်ရမယ့် အထူးနည်းပြသင်တန်းက ကရင်ပြည်နယ်က‌နေပြီး‌တော့ နည်းပြ ၁၅‌ယောက် သွားတက်ရ မယ်။ အဲဒီ ၁၅‌ယောက်မှာ ဦးတို့‌ရွေးချယ်ထားတာက‌တော့ အားလုံးက ပညာ‌ရေးဝန်ထမ်းဖြစ်တယ်။ လဝကတစ်‌ယောက် ပါမယ်”ဟု ဦး‌စောတင့်လွင်က ‌ပြောသည်။

အဆိုပါသင်တန်းကို ‌ဖေ‌ဖော်ဝါရီလ ၂၄ရက်မှစတင်၍ ငါးရက်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး ၎င်းသင်တန်းတက်‌ရောက်သည့် ပြည် နယ်နှင့် တိုင်းအထူးနည်းပြများအ‌နေဖြင့် ကရင်ပြည်နယ် ဖားအံခရိုင်၊ ဖာပွန်ခရိုင်၊ ‌ကော့ကရိတ်ခရိုင်၊ မြဝတီခရိုင်တို့မှ ခရိုင် အဆင့် နည်းပြသင်တန်းများကို မတ်လအတွင်း ထပ်ဆင့် ပြန်လည်ပို့ချ‌ပေးရမည်ဖြစ်‌ကြောင်း ဦး‌စောတင့်လွင်က ဆက်‌ပြော သည်။

တနိုင်ငံလုံး သန်း‌ခေါင်စာရင်း‌ကောက်ယူမည့် သင်တန်းကို အဆင့်‌လေးဆင့် ခွဲခြားထားပြီး ဗဟိုနည်းပြသင်တန်း၊ ပြည်နယ်နှင့် တိုင်း အထူးနည်းပြသင်တန်း၊ ခရိုင်အဆင့်နည်းပြသင်တန်း၊ စာရင်းစစ် စာရင်း‌ကောက်မြို့နယ်သင်တန်းတို့ဖြစ်‌ကြောင်း လူဝင်မှု ကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြား‌ရေးမှူးချုပ် ဦးမြင့်ကြိုင်က ‌ပြောသည်။

မတ်လ ၁၇ရက်တွင် ပြုလုပ်မည့် ဗဟိုနည်းပြသင်တန်းကို နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များနှင့် UNFPA တို့မှ လာ‌ရောက်သင် ကြားပို့ချ‌ပေးမည်ဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအရ လူဝင်မှု ကြီးကြပ်‌ရေး(လဝက)နှင့် ပြည်သူ့အင်အားဌာန (ပသအ)တို့မှ သင်တန်းသား ၃၇ဦးက တက်‌ရောက်သွားမည်ဖြစ်သည်။

သင်တန်း၌ သန်း‌ခေါင်စာရင်း‌ကောက်ရာတွင် တိကျမှန်ကန်သည့် စာရင်းရရှိနိုင်ရန် မည်သို့‌ကောက်ယူရမည်၊ ပြည်သူများအား ‌မေးခွန်းများကို အလွယ်တကူ နားလည် မှန်ကန်စွာ ‌ဖြေနိုင်‌ရေး မည်သို့လုပ်‌ဆောင်ရမည် စသည်တို့ကို သင်တန်းများ ပြန်လည်ပို့ ချနိုင်ရန် သင်ကြား‌ပေးမည်ဖြစ်‌ကြောင်း သိရသည်။

ကရင်ပြည်နယ်တွင် သန်း‌ခေါင်စာရင်း‌ကောက်ကွက်‌ပေါင်း ၂၀၀၀‌ကျော်ရှိပြီး ၎င်း‌ကောက်ကွက်အတွက် ပညာ‌ရေးဝန်ထမ်း ၃၀၀၀‌ကျော် အသုံးပြုသွားမည်ဖြစ်ပြီး ပြည်နယ်နှင့်တိုင်း အထူးနည်းပြသင်တန်းတစ်ခုလျှင် ဗဟိုနည်းပြသင်တန်း တက်‌ရောက် သည့် သင်တန်းသူ/သားများထဲမှ နည်းပြသုံးဦးစီဖြင့် ပြန်လည်ပို့ချ‌ပေးရမည်ဖြစ်သည်။

သို့‌သော် အထူးနည်းပြသင်တန်း တက်‌ရောက်မည့် ပညာ‌ရေးဝန်ထမ်းများ၏ စာရင်းများကို ပညာ‌ရေးဌာနမှ လဝကဌာနသို့ ယခု အချိန်ထိ ‌ပေးပို့ခြင်းမရှိ‌သေး‌ကြောင်း သိရသည်။