Home သတင်း ကရင်နှစ်သစ်ကူး‌နေ့အခမ်းအနားတွင် စစ်‌ရေးပြ ပါဝင်‌တော့မည်မဟုတ်

ကရင်နှစ်သစ်ကူး‌နေ့အခမ်းအနားတွင် စစ်‌ရေးပြ ပါဝင်‌တော့မည်မဟုတ်

1602

ဒီဇင်ဘာ ၁၇ ရက်၊ ၂၀၁၃ ခုနှစ်။ စဖန်း‌ရှောင်း

ကရင်ပြည်နယ် မြဝတီမြို့နယ်၊ ‌ရွှေကုက္ကိုမြိုင်၌ ၂၀၁၄ခုနှစ်၊ ဇန်နဝါရီလ ၁ရက်‌နေ့တွင် ကျင်းပမည့် ကရင်နှစ်သစ်ကူး‌နေ့ အခမ်းအနားအတွင်း မှုလကစီစဉ်ထားသည့် ကရင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များမှ ပါဝင်စစ်‌ရေးပြသမည့် အစီအစဉ်ကို ထည့်သွင်းကျင်းပသွားမည် မဟုတ်‌တော့‌ကြောင်း သိရသည်။

နှစ်သစ်ကူးကျင်းပ‌ရေး‌ကော်မတီ နာယက တစ်ဦးဖြစ်သူ ကရင်ပြည်နယ်နယ်ခြား‌စောင့်တပ်(BGF) အမှတ်(၃)၊ တိုက်နယ်မှူး ဗိုလ်မှူးကြီး‌စောချစ်သူက “ဒီလိုနှစ်သစ်ကူး‌နေ့အခမ်းအနားမှာ လူထု‌တွေအ‌ရှေ့ လက်နက်‌တွေနဲ့ စစ်‌ရေးပြတာ မသင့်‌တော်ဘူးထင်လို့ အ‌ရေး‌ပေါ် အစည်းအ‌ဝေး‌ခေါ်ပြီး ဆုံးဖြတ်လိုက်တာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့အကြား ငြိမ်းချမ်း‌ရေးတည်‌ဆောက်‌နေသည့်အချိန်တွင် ယခုလို ကရင်လူမျိုးများ၏ ‌နေ့ထူး‌နေ့မြတ်ဖြစ်သည့် နှစ်သစ်ကူး‌နေ့အခမ်းအနားအတွင်း လူထု‌ရှေ့တွင် လက်နက်ကိုင် စစ်‌ရေးပြခြင်းသည် မသင့်‌တော်‌ကြောင်း ကရင်နှစ်သစ်ကူးကျင်းပ‌ရေး‌ကော်မတီမှ ဒီဇင်ဘာ ၅ ရက်‌နေ့တွင် အ‌ရေးအ ‌ပေါ်အစည်းအ‌ဝေး‌ခေါ်ယူပြီး ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု သူက ဆက်‌ပြောသည်။

ကရင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ (ကရင်ပြည်နယ်) နယ်ခြား ‌စောင့်တပ်(BGF)၊ ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ KNU/KNLA( PC)၊ ‌ဟောင်သ‌ရောငြိမ်းချမ်း‌ရေးအဖွဲ့(KPF)တို့မှ စစ်‌ကြောင်းတ‌ကြောင်းလျှင် စစ်သည် ၁၀ဝ နူန်းဖြင့် ချီတက်ကာ စစ်‌ရေးပြကြမည်ဟု ကရင်လက်နက်ကိုင်အဖွဲ့ များဖြင့် ဖွဲ့စည်းထားသည့် နှစ်သစ်ကူးကျင်းပ‌ရေး‌ကော်မတီအ‌နေဖြင့် ယခင်က စီစဉ်ထားခဲ့ခြင်းဖြစ်သည်။

ကရင်အမျိုးသားအစည်းအရုံး KNUမှ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ‌စော‌ဂျော်နီက “စစ်‌ရေးပြအခမ်းအနားဆိုတာက ကရင်‌တော်လှန်‌ရေး‌နေ့တို့၊ အာဇာနည်‌နေ့တို့မှာပဲ ထည့်သွင်းကျင်းပတာဖြစ်တယ်။ နှစ်သစ်ကူး‌နေ့နဲ့‌တော့ သက်ဆိုင်မှုမရှိပါဘူး။ ဒါ‌ကြောင့် ‌ကော်မတီက‌နေ ဒါကို မလုပ်‌တော့ဘဲ ဆုံးဖြတ်အတည်ပြုလိုက်တာဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ်အတွင်းရှိ မြဝတီ၊ ‌ကော့ကရိတ်၊ လှိုင်းဘွဲ၊ ဖားအံနှင့် ကြာအင်းဆိပ်ကြီး စသည့် မြို့နယ် (၅) မြို့နယ်တို့ စု‌ပေါင်းကာ ကရင်နှစ်သစ်ကူးပွဲ‌တော်ကို စစ်‌ရေးပြနှင့်အတူ ကျင်းပသွားရန် နိုဝင်ဘာ ၁၅ ရက်‌နေ့က ပြုလုပ်သည့် နှစ်သစ်ကူးကျင်းပ‌ရေး‌ကော်မတီ၏ အစည်းအ‌ဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ကရင်နှစ်သစ်ကူးပွဲ‌တော် ကျင်းပနိုင်ရန် အဆိုပါ ‌ကော်မတီက မြန်မာကျပ်‌ငွေ သိန်း(၅)‌ထောင်ခန့် လျာထားပြီး အမျိုးသားအလံ‌တော်တင်အခမ်းအနား၊ ယဉ်‌ကျေးမှု‌ဖျော်‌ဖြေပွဲများ၊ ကရင်‌ခေါင်း‌ဆောင်များ‌တွေ့ ဆုံ‌ဆွေး‌နွေးပွဲ၊ လူငယ်များ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲများအပြင် ရိုးရာလက်‌ဝှေ့ပြိုင်ပွဲများနှင့် အခြားအားကစားပွဲများကို လည်း ထည့်သွင်းကျင်းပမည်ဟု သိရသည်။