Home သတင်း KUPC ၏ ငြိမ်းချမ်း‌ရေးဆိုင်ရာ လူထု‌တွေ့ဆုံပွဲကို သံဖြူဇရပ်၌ ကျင်းပမည်

KUPC ၏ ငြိမ်းချမ်း‌ရေးဆိုင်ရာ လူထု‌တွေ့ဆုံပွဲကို သံဖြူဇရပ်၌ ကျင်းပမည်

2273

နိုဝင်ဘာ ၇ရက်၊ ၂၀၁၃ခုနှစ်။ နန်း‌ချောင်‌ဖော့

ကရင်အမျိုးသား စည်းလုံးညီညွှတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေး‌ကော်မတီ(KUPC)မှ ကြီးမှူးပြီး ကရင်အမျိုးသား စည်းလုံးညီညွတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေးဆိုင်ရာ လူထု‌တွေ့ဆုံပွဲကို နိုဝင်ဘာ(၉)ရက်‌နေ့၌ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ ဝဲခမိဘုန်း‌တော်ကြီး‌ကျောင်းတွင် ကျင်းပမည်ဟု သိရှိရသည်။

၎င်းလူထု‌တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံအတွင်း လက်ရှိ‌ဖော်‌ဆောင်‌နေသည့် စည်းလုံး‌ရေးနှင့် ငြိမ်းချမ်း‌ရေးဖြစ်စဉ်ကို ရှင်းပြသွားမည်ဖြစ်ပြီး ပြည်သူလူထုအ‌နေနှင့် မည်သို့လက်တွဲပူး‌ပေါင်းသွားမည်ကို ‌ဆွေး‌နွေးသွားမည်ဟု ပွဲဖြစ်‌မြောက်‌ရေး‌ကော်မတီဝင်တစ်ဦးဖြစ်သူ ‌နော်ဆာထူးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကရင်လူမျိုးလို့ ‌ပြောတဲ့အခါမှာ ကရင်ပြည်နယ်မကပဲ ကျမတို့မွန်ပြည်နယ်မှာလည်း ကရင်အများစုရှိတဲ့အခါမှာ တစ်‌ယောက်နဲ့တစ်‌ယောက် လက်တွဲပြီး စည်းလုံး‌ရေးနဲ့ ငြိမ်းချမ်း‌ရေးကို ဘယ်လို‌ဖော်‌ဆောင်ကြမလဲ၊ ပိုပြီး‌တော့ လက်တွဲပူး‌ပေါင်းနိုင်မယ့် အရာ‌လေး‌တွေ ဘယ်လိုရှိနိုင်မလဲ၊ ဒါမျိုး‌တွေအတွက် ပိုပြီး‌တော့ ရည်ရွယ်ပါတယ်” ဟု ‌နော်ဆာထူးက ‌ပြောသည်။

ဆက်လက်၍ လက်ရှိငြိမ်းချမ်း‌ရေး‌ဖောင်‌ဆောင်မှုတွင် ကရင်လက်နက်ကိုင်အဖွဲ့များ၏ လုပ်‌ဆောင်မှုတို့နှင့် ပတ်သက်၍ ‌အောက်‌ခြေလူထုများအ‌နေဖြင့် သိချင်စရာရှိပါက ယခုပြုလုပ်မည့် ‌တွေ့ဆုံပွဲတွင် ‌မေးမြန်းနိုင်သလို အမြင်သ‌ဘောများကိုလည်း တင်ပြ‌ဆွေး‌နွေးနိုင်သည်ဟု ‌နော်ဆာထူးက ဆက်‌ပြောသည်။

အဆိုပါ‌တွေ့ဆုံပွဲသို့ ကရင်ဘာသာ‌ရေးအဖွဲ့အစည်းများ၊ ကရင်လက်နက်ကိုင်များ၊ လူမှု‌ရေးအဖွဲ့အစည်းများ၊ လွှတ်‌တော်ကိုယ်စားလှယ်များ၊ ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီးများ၊ အစိုးရဘက်မှ မွန်ပြည်နယ်ဝန်ကြီးများ ဖြစ်သည့် လူမှု‌ရေးဝန်ကြီးနှင့် သစ်‌တော‌ရေးရာဝန်ကြီးတို့ တက်‌ရောက်ရန်ရှိသလို မွန်ပြည်နယ်ရှိ ကရင်လူမျိူးများ ‌နေထိုင်သည့် မြို ့နယ် (၁၀)ခုစလုံးကိုလည်း ဖိတ်ကြားထားသည်ဟု သိရသည်။

ကရင်တမျိုးသားလုံး စည်းလုံးညီညွတ်‌ရေး၊ ငြိမ်းချမ်း‌ပျော်ရွှင်‌ရေးနှင့် ကရင့်အနာဂါတ်လှပ‌ရေးအတွက် ရည်ရွယ် ၍ ယခုလို လူထု‌တွေ့ဆုံပွဲကို ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနသာင်္ရီတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ရှိ မြို့အချို့တွင် ကျင်းပပြီးစီးခဲ့ပြီး မွန်ပြည်နယ်အ‌နေဖြင့် သထုံမြို့၌ ပထမအကြိမ် ကျင်းပပြီး‌နောက် ဒုတိယ အကြိမ်အဖြစ် သံဖြူဇရပ်မြို့တွင် ပြန်လည်ကျင်းပခြင်းဖြစ်သည်။

KUPC ၏ ကရင်‌ရေးရာ‌ကော်မတီ တွဲဖက်အတွင်း‌ရေးမှူး ဦး‌စော‌ကျော်စွာက “အရင်ဆုံး ကရင်အမျိုးသား စည်းလုံးဖို့ အခုလို လူထု‌တွေ့ဆုံပွဲ လုပ်သွားမယ်။ စည်းလုံးတာနဲ့ တပြိုင်ထဲ စစ်မှန်တဲ့ငြိမ်းချမ်း‌ရေးကို ကျ‌နော်တို့က ဝိုင်းဝန်းပြီး‌တော့ ပံ့ပိုး‌ပေးမယ်။ အဲဒါကိုရလာတဲ့အခါ သာယာတဲ့ ကရင့်အမျိုးသားအနာဂါတ်ကို ဝိုင်းဝန်းပြီး ဖန်တီး‌ပေးမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်အမျိုးသားစည်းလုံး‌ရေးနှင့် ငြိမ်းချမ်း‌ရေးဆိုင်ရာ လူထု‌တွေ့ဆုံပွဲကို သံဖြူဇရပ်မြို့တွင် ကျင်းပပြီး‌နောက် ဧရာဝတီတိုင်းသို့ သွား‌ရောက်ကျင်းပသွားမည်ဟု KUPC ဆိုသည်။ ယခင်လ ‌အောက်တိုဘာ ၂၆ရက်‌နေ့က လည်း အလားတူ လူထု‌တွေ့ဆုံပွဲကို ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ကျင်းပခဲ့‌သေးသည်။