ဩဂုတ်လ ၂၅ရက်၊ ၂၀၁၃ခုနှစ်။ စောညွှန့်သောင်း (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ဖားအံမြို ့အထင် ကရ တောင်ကလေး ဘုန်းတော်ကြီးကျောင်း တွင် မွေးမြူထားသည့် နွားနောက် နွားများကို ထိန်းကျောင်းပေးနေသည့် နွားကျောင်းသားအား ဩဂုတ်လ ၂၄ရက်နေ့က ထိခိုက်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှာ ယင်းနွားနောက်များကို ထိန်းကျောင်းပေးနေသည့် တောင်ကလေးကျေးရွာနေ ဦးသာနိုင် ၄၃နှစ်သည် ဩဂုတ် ၂၃ရက်နေ့တွင် နွားကျောင်းသွားရာမှ ညပိုင်း၌ နေအိမ်သို့ ပြန်လည်မရောက်ရှိခြင်းကြောင့် မိသားစုဝင်များက လိုက်လံရှာဖွေရာ ဩဂုတ် ၂၄ရက်နေ ့နံနက်ပိုင်းတွင် ဦးသာနိုင်၏အလောင်းကို တောင်ကလေးရွာနှင့် စံပန်နုံရွာအကြားရှိ တောထဲတွင် နွားဝှေ့ထားသည်ဟု ယူဆရသည့်ဒဏ်ရာများဖြင့် သေဆုံးနေကို တွေ ့ရကြောင်း တောင်ကလေးကျေးရွာ အုပ်ချုပ်ရေးမှူး ဒေါ်ခင်သက်မာ ဝင်းက အတည်ပြု ပြောဆိုသည်။
“နွားတွေကတော့ တောင်ကလေးဆရာတော်ရဲ ့နွားတွေပါ။ ဘုန်းကြီးကျောင်းမှာပဲ မွေးထားတယ်။ ညနေတိုင်းဆိုရင် နွားတွေနဲ့ သူ ပြန်လာနေကျပါ။ မနေ့ကညနေမှာတော့ နွားတွေပဲ ဘုန်းကြီးကျောင်းကို ပြန်လာတယ်။ နွားကျောင်းသားက အိမ်မပြန်လာ တော့ နံနက်လိုက်ရှာကြည့်တော့ နွားဝှေ့ထားတဲ့ ဒဏ်ရာတွေနဲ့ သေနေတယ်။”ဟု ဒေါ်ခင်သက်မာဝင်းက ပြောသည်။
ယင်းနောက် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ပြီး ရဲများက သေဆုံးသူ၏အလောင်းကို ဖားအံပြည်သူ့ဆေးရုံသို့ ပို့ဆောင်လိုက် သော်လည်း မည်သည့်အကြောင်းကြောင့် သေဆုံးသည်ကိုမူ ဆရာဝန်မှတ်ချက် ရယူသွားမည်ဖြစ်ကြောင်းနှင့် လတ်တလော ယူဆချက်အရ နွားဝှေ့သည့်ဒဏ်ရာဖြင့် သေဆုံးသည်ဟု ယူဆထားကြောင်း နယ်ထိန်းရဲ ဦးမျိုးကျော်ညွှန့်က ဆိုသည်။
ယင်းနွားနောက်များသည့် ပြီးခဲ့သည့် လပိုင်းကလည်း ဘုန်းတော်ကြီးတစ်ပါးအား ဝှေ့ခဲ့ဖူးပြီး အသက်အန္တရာယ် စိုးရိမ်ရသည်အ ထိ ဒဏ်ရာပြင်းထန်ခဲ့ရသည်။ ၎င်းနွားနောက်များမှာ တောင်ကလေးဆရာတော် အရှင်ပညာသာမိအား ကချင်ပြည်က လာရောက်လှူဒါန်းထားခြင်းဖြစ်သည်။
ဖားအံမြို့အရှေ့ဘက်ခြမ်းရှိ တောင်ကလေးဘုန်းတော်ကြီးကျောင်းတွင် စုစုပေါင်း နွားနောက်သုံးကောင်ရှိပြီး အခြားတော တိရိစ္ဆာန်များလည်း မွေးမြူထားသည်။


















