ဩဂုတ်လ ၁ဝရက်၊ ၂၀၁၃ ခုနှစ်။ စောထွန်းလင်း (ကေအိုင်စီ)
ရန်ကုန်မြို့၌ ရောက်ရှိနေသည့် ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုအလုပ်အမှုဆောင်ကော်မတီ အဖွဲ့ဝင် ပဒိုစောသမိန် ထွန်းသည် ယမန်နေ့ မွန်းလွဲ ၂နာရီတွင် ရန်ကုန်မြို ့သဃင်္န်းကျွန်းမြို့နယ်၊ ၁၆/၁ ရပ်ကွက်၊ သုမဂင်္လာလမ်းရှိ ၈၈မျိုးဆက် (ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ရုံးသို ့ပထမဦးဆုံးအကြိမ် သွားရောက်ပြီး ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ ့ဆုံရာတွင် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ ၂၅နှစ်ပြည့် အခမ်းအနားတွင် ဆုံးဖြတ်ခဲ့သည်များကို လက်တွေ ့အ ကောင်အထည်ဖော်နိုင်ရန် ဆက်လက်ကြိုးစားလုပ်ဆောင်သွားရန် တိုက်တွန်းဆွေးနွေးပြောကြားခဲ့ကြောင်း ဗဟိုကော်မတီဝင် ပဒိုစောသမိန်ထွန်းက ကေအိုင်စီသို့ ပြောကြားသည်။
၎င်းက “ဒီနေ့ကတော့ ၈၈ရုံးကို သွားရောက်လည်ပတ်ပြီး ၈၈ကျောင်းသားခေါင်းဆောင်တွေကို တွေ့ဆုံတာပါ။ ထွေထွေထူးထူး တော့ မဆွေးနွေးပါဘူး။ ၈၈လေးလုံး ငွေရတုအခမ်းအနားမှာ အများသဘောတူ ဆုံးဖြတ်ခဲ့တဲ့အချက်တွေကို ဒီအတိုင်းထားလို့ မရဘူး။ ရှေ့ဆက်ပြီး အကောင်အထည်ဖော်နိုင်အောင် တိုက်တွန်းပြောကြားခဲ့တယ်”ဟု ပြောဆိုသည်။
ပဒိုစောသမိန်ထွန်းသည် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များဖြစ်ကြသည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုပြုံးချို နှင့် ကိုဂျင်မီတို့ကို ၎င်းတွေ့ဆုံပွဲတွင် တွေ့ဆုံစကားပြောခဲ့ခြင်းဖြစ်သည်။
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုပြုံးချိုက ကေအဲန်ယူ တာဝန်ရှိသူတစ်ဦးအနေဖြင့် မိမိတို့ရုံးသို့ ပထမဦးဆုံးအကြိမ် လာရောက်ခြင်းဖြစ်ကြောင်း၊ ယခု တွေ့ဆုံမှုသည် အလွတ်သဘောတွေ့ဆုံဆွေးနွေးခြင်းသာဖြစ်ကြောင်းနှင့် နောင်တွင်လည်း ချိတ်ဆက်လက်တွဲ လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ကေအိုင်စီသို့ ပြောကြားသည်။

“ကေအဲန်ယူက ကျနော်တို့ဆီကို အခုလို လာရောက်တဲ့အတွက် ဝမ်းသာတယ်။ နောင်လည်း ကျနော်တို ့ စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ် လက်တွဲသွားဖို့ ဖြစ်ပါတယ်”ဟု ကိုပြုံးချိုက ပြောသည်။
ယခုဩဂုတ်လ ၆ရက်မှ ၈ရက်နေ့အထိ ရန်ကုန်မြို့၌ ကျင်းပသည့် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ ၂၅နှစ်ပြည့် ငွေရတု အခမ်းအနားသို့ ၈၈ကျောင်းသားခေါင်းဆောင်များ၏ ဖိတ်ကြားချက်အရ ပဒိုစောသမိန်ထွန်းနှင့် ကေအဲန်ယူ တပ်မဟာ(၆)၊ ဒူးပ လာယာခရိုင် အတွင်းရေးမှူး ပဒိုစောလစ္စတန်တို့က ကေအဲန်ယူ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့ကြသည်။


















