Home သတင်း ‌ဝေါ်‌လေ‌ဒေသတွင် ကရင် အမျိုးသမီးတစ်ဦး ‌မြေမြှုပ် မိုင်းနင်းမိ

‌ဝေါ်‌လေ‌ဒေသတွင် ကရင် အမျိုးသမီးတစ်ဦး ‌မြေမြှုပ် မိုင်းနင်းမိ

3077
ဇူလိုင်လ ၉ရက်၊ ၂၀၁၃ခုနှစ်။ (‌ကေအိုင်စီ)

landmine
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ‌ဝေါ်‌လေ‌ဒေသ အတွင်းရှိ ထီးကျားမဲ‌ကျေးရွာမှ ကရင်အမျိုးသမီးတစ်ဦးဖြစ်သည့် ‌နော်မပိန် ၄၁နှစ် သည် ပြီးခဲ့သည့်အပတ်က ‌မြေမြှုပ်မိုင်း နင်းမိ၍ ဘယ်ဖက်‌ခြေ‌ထောက် ပြတ်သွား ခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် ‌မေလ ၂ရက်‌နေ့က ထီးကျားမဲ‌ကျေးရွာသူ အဆိုပါ အမျိုးသမီးသည် ‌နေအိမ်ပြုပြင်ရန် တူ‌တော်စပ်သူ နှစ်ဦးနှင့်အတူ ‌တောထဲသို့ ဝါးသွားခုတ်ရာ ‌နေ့လည် ၁၂နာရီအချိန်တွင် ‌မြေမြှုပ်မိုင်း နင်းမိမှန်ခဲ့ခြင်းဖြစ်သည်။

‌နော်မပိန်က “ကျမ ဝါးခုတ်ထားတာ ပြန်လာ‌တော့မယ်။ ခုတ်ထားတဲ့ ကျန်ဝါးသုံး‌ချောင်းကို သွားဆွဲမယ်လုပ်‌တော့ တူ‌လေးကို သွားဆွဲခိုင်း‌သေးတယ်။ တူ‌လေးက မအားလို့ ကျမပဲ သွားဆွဲ‌တော့ ‌မြေမြှုပ်မိုင်းက ကျမကို ထိ‌တော့တာပဲ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ ‌မြေမြှုပ်မိုင်း ထိမှန်ပြီးသည်နှင့် တပြိုင်နက် ‌နော်မပိန်ကို ထီးကျားမဲရွာသို့ ပြန်ပို့ပြီး ထိုမှတဆင့် သူမအား ကားဖြင့် ထိုင်း နိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲ‌ဆောက်မြို့‌ဆေးရုံကြီးသို့ ပို့‌ဆောင်ကာ ‌ဆေးကုသမှုခံယူလျှက်ရှိသည်။

‌နော်မပိန် ‌မြေမြှုပ်မိုင်းနင်းမိသည့် ‌နေရာသည် ကန့်သတ်နယ်‌မြေအဖြစ် သွားလာမှု မလုပ်ကြရန် ထို‌ဒေသရှိ ကရင်လက်နက်ကိုင် တပ်ဖွဲ့များက သတိ‌ပေးထားသည့် ‌နေရာဖြစ်ပြီး အပစ်အရပ်စဲ‌ရေး မတိုင်မီကာလ၌ မကြာခဏ တိုက်ပွဲဖြစ်ပွားခဲ့သည့်‌နေရာ ဖြစ် သည်။

“ကျမမိုင်းထိတဲ့ ‌နေရာက ကန့်သတ်နယ်‌မြေဖြစ်‌ပေမယ့် ကားလမ်း‌တွေ ‌ပေါက်ကုန်ပြီဆို‌တော့ ဘာမှ မဖြစ်‌လောက်ဘူးဆိုပြီး သွားခဲ့တာ မိုင်းနင်းမိသွားတယ်။ ဒီလိုဖြစ်တာ ဘယ်သူ့ကိုမှ အပြစ်မတင်ပါဘူး။ ကိုယ့်ကံကြမ္မာလို့ပဲ သ‌ဘောထားတယ်”ဟု သူမ က ထပ်မံ ‌ပြောဆိုသည်။

သူမ ‌မြေမြှုပ်မိုင်း နင်းမိပြီး‌နောက် မိနစ်အနည်းငယ်အကြာတွင် အနီးအနားတဝိုက်ရှိ ‌နောက်ထပ် ‌မြေမြှုပ်မိုင်းတစ်လုံး ‌ပေါက်ကွဲ သံ ကြားခဲ့ရ‌သော်လည်း ကျွဲ၊ နွား စသည့်တိရစ္ဆာန်များ နင်းမိသည်သာ ဖြစ်နိုင်‌ကြောင်း ‌နော်မပိန်က ခန့်မှန်း‌ပြောဆိုသည်။ ယခု နှစ်အတွင်း သူမ မိုင်းနင်းမိသည့် ‌တောထဲတွင် အရပ်သားတစ်ဦးနှင့် ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော် (DKBA) တပ်ဖွဲ့ဝင် တစ်ဦးတို့လည်း မိုင်းထိမှန်ခဲ့သည်ဟု ‌ဒေသခံရွာသားများက ‌ပြောဆို‌နေကြသည်။

‌ဝေါ်‌လေ‌ဒေသအတွင်းတွင် မြန်မာအစိုးရစစ်တပ်အပါအဝင် ကရင်အမျိုးသားအစည်းအရုံး(KNU) လက်‌အောက် ခံ တပ်ဖွဲ့များနှင့် DKBA တပ်ဖွဲ့များ သွားလာလှုပ်ရှားလျှက်ရှိသည်။ လက်ရှိတွင် မဲ‌ဆောက်‌ဆေးရုံကြီး၌ ‌ဆေးကုသမှု ခံယူ‌နေသည့် ‌နော်မပိန်ကို ခင်ပွန်းဖြစ်သူက လူနာ‌စောင့်အဖြစ် လာ‌ရောက်‌စောင့်‌ရှောက်‌ပေးလျှက်ရှိသည်။