(လကင်္ာဒီပ)
မပြေးသော်လည်း ကန်ရာရှိ
သတိနဲ့ သင်ခန်းစာ
ထော့မဲပါသားတွေ အမောဖောက်
တောခြောက် သဘောမပေါက်တဲ့ မေးခွန်း
ရယ်ရွှန်းလဲ့လဲ့ အရူးလုပ်ခံရပြီ
ကျည်ဆံနဲ့ ဒေါ်လာ မျက်လှည့်ပြပွဲ။
ဆန်အိုးတိုးမယ်အထင်
ကရင်ပါတီထောင် နိုင်ငံရေးလုပ်မတဲ့လား
ခရီးကားမသေး
သွေးနဲ့ရေးခဲ့ ခရီးကြမ်း
ကြက်ကန်းမျက်ကန်းတွေကြောင့် ခက်ပါပေါ့။
အယုံလွယ်တဲ့အမိုက်မှား
သောကများခဲ့ရတဲ့ခန္ဓာ
မြေဇာလို မကြေညာချင်တဲ့ဘဝ
ဒေါန ဇွဲကပင် သံလွင်ရေ
ကော်သူးလေမှာ ထွန်းကားနေပြီလား
လာဘ်များထိုးသူ လာဘ်များယူသူ
ပေးယူကြည်ဖြူနေတဲ့ ယဉ်ကျေးမှု
မျက်ကွယ်ပြုခဲ့ကြ ပန်းတိုင်
စိတ်မခိုင် ယိုင်လဲကြတဲ့ အမှောင်လမ်း။
ဆွေးမြေ့တဲ့ ကျောင်းအိုဆောင်
အရောင်အဝါနတ္ထိ
နောင်ဘဝအထိ နောင်တရှိပါ့ဦးမလား
မပြတ်သား တနပ်စားကိုယ်တော်ကြီး
ငိုက်မြည်းတာလား အကြိုက်တွေ့တာလား
ကျောင်းတံခါးတွေလည်း ယိုင်နဲ့နဲ့
အကွပ်မဲ့တဲ့ကြမ်း
ပရမ်းပတာဘဝတွေ
ငိုနေယိုနေ သောကတွေ တဝေဝေ။
အခြေခံလူထုဆိုတာ
ညာလို့မကောင်းတဲ့အရာ
မကြေညာ မြေပါပျောက်ခဲ့ရဘဝတွေ
သူခိုးတွေ သခင်ဖြစ်ချင်တဲ့လုပ်ရပ်နှယ်
ဧည့်သည်က အိမ်ရှင်ကိုမောင်းချတဲ့ဇတ်လမ်း
ဓါးရိုးကမ်းချင်တဲ့သူကလည်း ရှိသေး
လေးစားမှု လေးနက်မှုမရှိတဲ့ ဆက်ဆံရေး
ညီညွတ်ရေးဆိုတာလည်း ရေပေါ်အရုပ်ရေးသလို။
ဆာလောင်တဲ့ငိုသံများ
ခံစားခက် တက်ခေါက်သံများ
သွေးများ ချွေးများ မျက်ရည်များ
စီးဆင်းသွားကြ မြစ်တစင်းလို
လိုချင်တာတွေ မျှော်လင့်ချက်တွေပြည့်ဖို့
နင်တို့ ငါတို့ဖောက်ထွက်ကြဖို့ လိုပြီမို့။
(ဇွန်လ ၁၆ရက်၊ ၂၀၁၃ခုနှစ်)