M.ထက်ခေါင်
(၁)
လစဉ်ထုတ်စာစောင်များတွင် ကေအိုင်စီကထုတ်ဝေသော ကရင်သတင်းစဉ်မှာ အခြားစာစောင်များနှင့်မတူတမူ ကွဲပြားနေသော စာစောင်ဖြစ်သည်။ ပြည်တွင်းပြည် ပစာစောင်မဂ္ဂဇင်း အများအပြားမှာ ထုတ်ဝေသည့်လသို့မဟုတ် ရက်သတ္တပတ်များမတိုင်ခင် ရက်ပိုင်းအတွင်း၌ပင်ဆိုင်ပေါ် ရောက်နေတတ် ကြသည်။ ဇန္နဝါရီလအတွက်ထုတ်ဝေသော မဂ္ဂဇင်းကိုလွန်ခဲ့သော ဒီဇင်ဘာလကုန်ပိုင်း၂၈-၂၉ရက်နေ့ များမှစ၍ဆိုင်ပေါ်ရောက်ကာ စာဖတ်သူတို့လက်ထဲမှာ တွေ့ရတတ်သည်။
ကရင်သတင်းစဉ်ကတော့ ပုံစံတမျိုးဖြစ်သည်။ ဇန္နဝါရီလအတွက်ထွက်ရှိမည့် စာစောင်မှာ ဇန္နဝါရီလအတွင်း ဖြစ်ပျက်သည့်အကြောင်းကိစ္စများ ဖော်ပြပါရှိသည့်အတွက် ဇန္နဝါရီလကုန်ပိုင်းရောက်မှ တလလုံးစုဆောင်းထားသောသတင်းများကို တည်းဖြတ်၊ပြင်ဆင်ကာ ပုံနှိပ်တိုက်သို့ပို့ရသည်။ စာစောင်က ဖေဖော်ဝါရီလ၁ဝရက်ကျော်မှ လူထု လက်ထဲရောက်သည်။ ထိုအခါကျမှဇန္နဝါရီလ၄-၅ရက်နေ့များက ဖြစ်ပွားခဲ့သော သတင်းများကိုပါ ဖတ်ကြရသဖြင့် စာဖတ်သူတို့အနေဖြင့် ဒိတ်အောက်သည့် သတင်းများ ကိုဖတ်ရသလိုဖြစ်သွားသည်။ အင်တာနက်အီးမေးလ် အသုံးပြုနိုင်ကြသူတွေအတွက်ကတော့ သိပ်ပြီး ပြဿနာမရှိ။ ကေအိုင်စီအွန်လိုင်းစာမျက်နှာများပေါ်တွင် သတင်းများကိုအချိန်နှင့် တပြေးညီ ဖတ်ကြရသည်။
ပြောစရာအနည်းငယ်ရှိသည်မှာ အွန်လိုင်းတွင်ဖော်ပြသည့်ဆောင်းပါးဖြစ်သည်။ ဆောင်းပါးမှာ ကေအိုင်စီ ဝက်ဘ်ဆိုက်မရှိခင်ကတည်းက၊ လစဉ်ထုတ်ကရင်သတင်းစဉ် စာစောင်အတွက် ရေးသား လာခဲ့ခြင်းဖြစ်ရာ၊ တလအတွင်းထူးခြားသောသတင်းများကို စောင့်စားဖတ်ရှုရင်း စာစောင် အပြင်အဆင်လုပ်မည့် လကုန်ပိုင်းရောက်ခါမှ ရေးသားပေးပို့ရသောကြောင့် ထိုဆောင်းပါးကိုအွန်လိုင်း၌ ဖော်ပြသည့်အခါဆောင်းပါးအတွင်း ပါရှိသည့်အချို့သောသတင်း သုံးသပ်ဝေဖန်မှုများမှာ ရက်လွန်ပုပ်သိုး နောက်ကျနေသော သုံးသပ်ဝေဖန်မှုများဖြစ်သွားတတ်သည်။
ယခုလစောစောပိုင်းက ထွက်ပေါ်လာသောလက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက် သည့်စုံစမ်းရေးကော်မရှင် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်၏ အစီရင်ခံစာကိုဖတ်ရှုပြီးနောက်၊ ဝေဖန်ရေးသား ထောက်ပြကြသောဆောင်းပါးများနှင့် အင်တာဗျူးများ၊သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက် သူများ၊ လူ့အခွင့်အရေးကာကွယ်ကူညီမှုပြုသူများ၊ အောက်စဖို့တက္ကသိုလ်မှ ပညာရှင်များ၏ပြင်းထန် သောဝေဖန်ပြစ်တင်ချက်များ အပါအဝင် စီးပွားရေးနိုင်ငံရေး လေ့လာသုံးသပ်သူများ၏ သဘောထား အမြင်များမှာ လွန်ခဲ့သောရက်သတ္တပတ်များကတည်းက အွန်လိုင်းရုပ်သံမီဒီယာများတွင် ထွက်ရှိခဲ့ပြီဖြစ်ရာ၊ ဤအကြောင်းအရာနှင့် ပတ်သက်၍ဝေဖန်မှုရေးသားမှုများမှာလည်း ကေအိုင်စီအတွက်ထုံးစံအတိုင်း နောက်ကျနေမည်ဖြစ်သည်။ မည်သို့ပင်ရှိစေကာမူသတင်းအကြောင်းအရာနှင့် သုံးသပ်ဝေဖန်ချက်များမှာ သမိုင်းကြောင်းကိုအထောက်အကူပြုသော မှတ်တမ်းမှတ်ရာ များဖြစ်သည့် အတွက်၊ ဒေသခံများသာမက ပြည်တွင်းပြည်ပ ဗမာပြည်သားအများစုကျေနပ်မှုမရှိသော ဒေါ်အောင်ဆန်းစုကြည်၏ အကြံပြုချက် များအပေါ်ကျနော့်ပတ်ဝန်းကျင်၏ ရပ်တည်ချက်ကိုအနည်းငယ်မျှ ဖော်ပြရမည်ဖြစ်လေသည်။
ပြီးခဲ့သောတစ်လနှစ်လခန့်က ကာတွန်းဟန်လေးရေးဆွဲသော ကာတွန်းတစ်ကွက်ကိုမျက်စေ့ထဲမှာ မြင်ယောင်သည်။ ခဲဖြင့်အပေါက်ခံနေရသော ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံကားချပ်ကို အကာအကွယ် ယူထားသည့်အရပ်ဝတ် အရေခြုံပုဂ္ဂိုလ်နှင့် ယူနီဖောင်းဝတ်စစ်အုပ်စုတို့နှစ်ဦးက “ဒို့ဆင်ထားတဲ့ အကွက် ထဲတော့ဝင်လာပြီ” ဆိုပြီးကျေနပ်သဘောကျစွာ ကြိတ်ရယ်နေကြပုံဖြစ်သည်။ စစ်အုပ်စုသည် ဒေါ်အောင် ဆန်းစုကြည်ကို လုပ်ရပ်အမှားတွေလုပ်စေကာလူထုနှင့် ရန်တိုက်ပေးနေခဲ့ခြင်းဖြစ်၏။ သူမအပေါ် စေတနာ ရှေ့ထားဝေဖန်ထောက်ပြရေးသားကြသူများကို ၎င်းတို့အရိုးအရင်းကျွေးကာ လက်သပ်မွေးထားသည့် သူလျှိုဒလံများမှတဆင့် သူမဘက်ကရပ်တည်သယောင်၊ သူမကိုအထိအပါးမခံနိုင်သယောင် ကွန်မဲင့် မမည်သောဆဲရေးစာများဖြင့် ပုတ်ခတ်ထိုးနှက်ခဲ့သည်။ လူထုခေါင်းဆောင်တဦးအနေဖြင့် မိတ်ဆွေ စစ်မိတ်ဆွေတုခွဲခြားသိမြင်မှုရှိရန်နှင့် ကိုယ်တိုင်မိတ်ဆွေကောင်းဖြစ်ရေး အလေးထားဆောင်ရွက်တတ်ဖို့ လိုမည်ဖြစ်သည်။
အခွင့်ထူးခံဦးပိုင်ကုမ္ပဏီ၏ လက်ဝါးကြီးအုပ်ချုပ်ကိုင်မှုများကို ပြည်သူလူထုအတော်များများ ပင်သိရှိလာကြပြီဖြစ်သည်။ ဝင်ငွေကောင်းသောလုပ်ငန်းမှန်သမျှကို ၎င်းတို့စစ်အုပ်စုကောင်းစားရေး အတွက် ဦးပိုင်ကချုပ်ကိုင်ထား၏။ ကျောက်မျက်ရတနာနှင့် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်း၊ သတ္တု တူးဖော်ရေးလုပ်ငန်း၊ သစ်လုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ ကြယ်ငါးပွင့်သဘေင်္ာကော်ပိုရေးရှင်း၊ ကုန်သေတ္တာ စခန်း၊ သံမဏိစက်ရုံ၊ဘီယာစက်ရုံ၊ အာမီရမ်စက်ရုံ၊ စီးကရက်စက်ရုံ၊ သစ်အချောကိုင်လုပ်ငန်း၊ စားအုန်းဆီ တင်သွင်းမှု၊ ကားတင်သွင်းမှု၊ တယ်လီဖုန်းလုပ်ငန်း၊ မော်တော်ယာဉ်အစိတ်အပိုင်း တင်သွင်းရေးလုပ်ငန်း၊ ဆည်နှင့်တံတားတည်ဆောက်ရေးပစ္စည်း တင်သွင်းသည့် လုပ်ငန်း၊ ဂေါတန်ကျောက်တူးဖော်ရေးလုပ်ငန်း စသည့်သေချာပေါက်အမြတ်အစွန်း ထွက်မည့်လုပ်ငန်းများကိုပြိုင်ဘက်မရှိ လုပ်ပိုင်ခွင့်ရထားပြီးအမြတ်ခွန် ကင်းလွတ်ခွင့်ပါပေးထားကြောင်းသိရသည်။
ကြေးနီစီမံကိန်းကိုယခင်သတ္ထုတွင်း ဝန်ကြီးဌာနနှင့်လုပ်ဆောင်ခဲ့စဉ်က ပြဿနာကြီးကြီးမားမား မပေါ်ခဲ့သော်လည်း ဦးပိုင်နှင့်ဝမ်ပေါင်လက်နက် ထုတ်လုပ်ရေးကုမ္ပဏီတို့ လုပ်သောအခါ မရိုးမဖြောင့် လုပ်ရပ်တွေပေါ်လာသည်။ စာရင်းအရလယ်မြေဧက၇၈၀ဝ အသိမ်းခံရသည်ဆိုသော်လည်း တကယ် အသိမ်းခံရသည့်မြေကဧက တစ်သောင်းကျော်ရှိသည်။ ၃နှစ်စာသီးနှံအတွက် လျော်ကြေးပေးပြီး၊ ၃နှစ်သာ လုပ်မည့်ဟန်ဖြင့်ဒေသခံလူထုကို တပတ်ရိုက်သည်။ ပြီးတော့မှအနှစ်၆ဝလုပ်မည့်ကိစ္စကို သိလာရသည်။ အနှစ်၆ဝဆိုသည်မှာ နည်းနည်းနောနောမဟုတ်။ ဒါကိုဒေါ်အောင်ဆန်းစုကြည်က ရေရှည်စီမီကိန်း မဟုတ်ဘူးဟုဆိုသည်။ လယ်ယာမြေတွေဆုံးရှုံး၊ ရွာတွေရွှေ့ပြောင်းခိုင်း၊ စာသင်ကျောင်းတွေ၊ ဘုန်းတော် ကြီးကျောင်းတွေဖျက်ခိုင်း၊ ကြေးနီစီမံကိန်းမှ စနစ်မကျသောစွန့်ပစ်မြေတွေနှင့် ဆာဖျူရစ်အက်ဆစ်တွေ ကြောင့် သဘာဝပတ်ဝန်းကျင်ပါ ထိခိုက်ပျက်စီးပြီး၊ ရောဂါဘယအသစ်အဆန်းတွေ ဝင်ကာ အရွယ် မတိုင်ခင်သေဆုံးကြရ၊ မြေယာ အဆီအနှစ်တွေပျက်စီး၊ ရေတွင်းရေကန်တွေသောက်သုံးမရဖြစ်၊ နေစရာမဲ့ စားစရာမဲ့ဘဝမျိုးရောက်လာရသည့်အတွက် စီမံကိန်းကိုဆက်မလုပ်တော့ဖို့ရန် လူထုကဆန္ဒပြတောင်းဆို လာခဲ့ကြသည်။
ဝမ်ပေါင်ကုမ္ပဏီက ငှားထားသောလုံထိန်းပုလိပ်များက သခင်အားရကျွန်ပါးဝလုပ်ကာ ဆန္ဒပြသူ များကိုကားဖြင့် လိုက်တိုက်ခဲ့ကြပြီး၊ စစ်အုပ်စုလက်ကိုင်တုတ်ပုလိပ်များကလည်း ၎င်းတို့အနေအစား ချောင်ရန်အတွက် ဘနဖူးကိုသိုက်တူးခဲ့ကြသည်။ အများပြည်သူအရေး မေတ္တာထား ဝင်ရောက် တောင်းဆို ပေးသောသံဃာတော်များနှင့် ဒေသခံရွာသူရွာသားအချို့ မီးလောင်ဗုံးဒဏ်သင့်ခဲ့ကြရသည်။
(၂)
လက်ပံတောင်းတောင်စီမံကိန်းကိစ္စနှင့် ပတ်သက်သောဒေါ်အောင်ဆန်းစုကြည်၏ အကြံပြုချက်မှာ ဘိုးစဉ်ဘောင်ဆက်မိဘလက်ငုတ်ငြုတ်၊ ကြက်သွန်၊ဘယဆေးပင်၊ ဟင်းသီးဟင်းရွက်၊ ပဲစင်းငုံ၊ နှမ်း၊ ဝါ၊ ထန်းစိုက်ပျိုးလုပ်ကိုင်ရပ်တည် လာခဲ့ကြသောတောင်သူတွေနှင့် ၎င်းတို့၏သားသမီးများ၊ အဆက်အနွယ် များကိုမြေယာတဧကအတွက် ကျပ်ဆယ်သိန်းဆယ့်ငါးသိန်းဆိုသော လျော်ကြေးငွေမဖြစ်စလောက် ပေးကာ၊ မိမိတို့မလိုလားသောတရုတ်ကုမ္ပဏီ၏ လခစားအခိုင်းအစေများဖြစ်အောင်၊ နေရပ်ဒေသကို စွန့်ခွာလျက်မြို့ပေါ်တက်ပြီး စက်ရုံအလုပ်ရုံတွေမှာမလောက်မင လစာကလေးများဖြင့်တပါးသူ၏ အခိုင်း အစေခံကျွန်ဘဝမှာ ချို့ချို့တဲ့တဲ့နေကြရအောင်၊ နေ့လုပ်နေ့စားကျပမ်းသမားတွေဖြစ်အောင်၊ အိမ်နီးချင်း နိုင်ငံများသို့တရားမဝင် နည်းလမ်းများဖြင့်သွားရောက်ကာ၊ အိမ်ဖော်အလုပ်၊ အိပ်ဖော်အလုပ်များ လုပ်စေ ရအောင်တွန်းပို့လိုက်သော ဆုံးဖြတ်ချက်သာဖြစ်၏။ နာဂစ်ကြောင့်ဖာဖြစ်ကြရသည့်မြစ်ဝကျွန်းပေါ်၏ သမီး ပျိုအတော်များများထဲမှ တယောက်တလေမျှကိုပင် ဒေါ်အောင်ဆန်းစုကြည် ကူညီစောင့်ရှောက်မှု မပြုနိုင် သေး။ ဒါဒို့ပြည်၊ ဒါဒို့မြေ၊ဒို့ပိုင်တဲ့မြေဟူသော သဘောထားရှိသော၊ မိမိအလုပ်ကိုမိမိသဘောနှင့် မိမိလုပ်တတ်ပြီးတပါးသူ၏ နဖားကြိုးအထိုးခံအခိုင်းအစေဘဝ၌ မနေလိုသော၊ သခင်မျိုးဟေ့ ဒို့ဗမာ ဟူသည့်စိတ်ဓာတ်ရှိသော ဒေသခံများကို စစ်အုပ်စုနှင့် တိုင်းတပါးလက်အောက်ခံ ဘဝမြေမဲ့ယာမဲ့၊ မရှိဆင်းရဲသား၊ နင်းပြားကျေးကျွန်အဖြစ်သို့ ရောက်စေသည့်ဆုံးဖြတ်ချက်ကို အဘယ့်ကြောင့်ပြုရသနည်း။
အကြံပြုချက်မှာမည်သို့လုပ်သင့်သည် မည်သို့မလုပ်သင့်ဟူ၍ အကြံပြုတိုက်တွန်းချက်များသာ ဖြစ်သင့်ကြောင်း၊ ကိုယ်ကဝင်၍ဆုံးဖြတ်ချက်ပေးလိုက်သည့် သဘောမျိုးမဖြစ်သင့်ကြောင်း၊ အရေခြုံ သမ္မတသိန်းစိန်တို့စစ်အုပ်စုကသာ အကြံပြုချက်အပေါ်စဉ်းစားပြီး၊ လုပ်သင့်မလုပ်သင့် ဆုံးဖြတ်ကြ ရမည်ဖြစ်ကြောင်း။ ဒေါ်စုအနေဖြင့်ဝင်ပြီးခေါင်းခံစရာမလို။ စစ်အုပ်စုဘက်ကနေ ရပ်တည်ပြစရာ မလိုကြောင်း၊ ဓားခုတ်ရာဝင်ရောက်လက်မလျှိုသင့်ကြောင်း အများပြည်သူလေးစားယုံကြည်သော ပုဂ္ဂိုလ်များက ပြောဆိုလာကြသည်။
ဒေသခံအမျိုးသမီးကြီးငယ်တို့၏ မျက်ရည်များ၊ငိုရှိုက်သံများနှင့် မချိတင်ကဲဖွင့်ဟပြောဆိုမှုများကို ကားပြူတင်းပေါက်ဘောင်တွင် လက်ဖမိုးပေါ်မေးထောက်ပြီး ငိုင်တွေကြည့်ပြရုံဖြင့် ဒေါ်အောင်ဆန်းစုကြည် ကိုလူထုအပေါ်စာနာစိတ်ထားပြီး လူထုဘက်ကရပ်တည်လာတော့မည်ဟု မျှော်လင့်၍မရ။
ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်ကောင်းကျိုးအတွက်စုံစမ်းရေး ကော်မရှင်မှာတာဝန်ယူ လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ တိုင်းပြည်လူထု သိက္ခာရှိဖို့၊ နိုင်ငံကြီးသား ပီသဖို့ခုလိုဆုံးဖြတ်ရကြောင်း ပြောသည်။ ကမ္ဘာ့အလယ်မခန့်လေးစားအစော်ကား ခံနေရသောတိုင်းပြည်လူထု အဖို့မည်သည့် သိက္ခာတွေ ရှိနေဦးမည်နည်း။
ဗုံးတွင်မီးလောင်မှုအားကောင်းစေသည့် ဖော့စဖောရပ်မီးစုန်းဓာတ်ပါကြောင်း အစီရင်ခံစာ၌ မလွဲမကင်းသာဝန်ခံထားပြီး မီးလောင်ဗုံးကို မီးခိုးဗုံးဟူ၍ဇွတ်မှိတ် ပြောဆိုနေသည်မှာလည်း မိမိ အပေါ်ယုံကြည်အားကိုးနေသော လူထုကိုမျက်နှာပြောင်ပြောင်ဖြင့် အရှက်ကင်းမဲ့စွာ စော်ကားပြောဆို နေသလိုဖြစ်၏။
စစ်ပွဲများ၌ပင်အသုံးပြုခွင့်ပိတ်ပင်ထားသော ဖော့စဖောရပ်ဗုံးဖြင့် နံနက်နှစ်နာရီသုံးနာရီအချိန်၊ ကျိန်းစက်နေသောဆန္ဒပြသံဃာ တော်များနှင့်ဒေသခံလူထုကို၊ မီးလောင်အားကောင်းစေရန်အတွက် မီးသတ်ပိုက်ဖြင့်ရေတွေ အရင်ဖြန်းပက်ပေးပြီးမှ မီးလောင်ဗုံးဖြင့်အစီအစဉ်ရှိရှိ စနစ်တကျပစ်ခတ် သည့်ကိစ္စကိုလည်း၊ မည်သူမည်ဝါကခိုင်းစေ၍ မည်သူမည်ဝါတွေက လုပ်ဆောင်ကြကြောင်း ဖော်ထုတ် အရေးယူပေးရန်အကြံပြုချက် အစီရင်ခံစာ၌မပါရှိ။ ရဲတွေအနေနဲ့ဒီလိုလုပ်ရင် ဒီလိုဖြစ်မယ်ဆိုတာကို မသိပဲလုပ်မိခဲ့တာဟုဒေါ်စုဆို၏။ အကယ်၍ဤသို့မသိနားမလည်မှုဖြင့် လုပ်ခဲ့မိသည့်တိုင်ရေဖြန်းပြီး စတင် ပစ်ခတ်သည့် ပထမတစ်ချက်နှစ်ချက်မှာပင် မီးတွေတောက်လောင်ကာ မချိမဆန့်ခံရကြောင်း တွေ့မြင်သိရှိပြီး၊ ရပ်တန့်နိုင်ကြမည်ဖြစ်သည်။ ရပ်တန့်မှုမရှိပဲဆက်လက်ပစ်ခတ်သောကြောင့်သာ ဤမျှလောက်လောင်ကျွမ်း ထိခိုက်ရခြင်းဖြစ်၍ ဒေါ်အောင်ဆန်းစုကြည်ဆင်ခြေပေးသော စကားမှာ မိုးကြိုးသွားကိုထန်းလက်နှင့် ကာသလိုမလုံခြုံသော လီဆယ်ခြင်းသာဖြစ်နေလေသည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မအူပင်အပိုင်မလက်တိုမှာ ပုလိပ်တွေကိုတုတ်ရိုက်နည်းသင်တန်းပေးပြီး မြေသိမ်းခံ ဆန္ဒပြလယ်သမားများအား ယောကျင်္ားမိန်းမမရှောင်ရိုက်နှက်သည့် ဗီဒီယိုဖိုင်ကိုပြန်လည် ရှာဖွေဖွင့်ကြည့်ဖို့ရန်သင့်သည်။ မည်သည့်ခေတ်အခါကမျှလူထု မေတ္တာမခံယူခဲ့ဘူးသောပုလိပ်တို့၏ လက်ရှိအနေအထားကို ပိုမိုသိရှိနိုင်မည်ဖြစ်သည်။
လက်ပံတောင်းကိစ္စတရုတ်ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုပျက်သွားသည့်တိုင် အခြားနိုင်ငံတွေနှင့် ပျက်လိမ့်မည်မဟုတ်။ အများပြည်သူကိုထိခိုက်နစ်နာစေမည့် စီမံကိန်းဟူသမျှမလုပ်သော တိုင်းပြည်ကို ယုံကြည်စွာ ရင်းနှီးမြှုပ်နှံကြမည့် ဒီမိုကရေစီနိုင်ငံတွေရှိနေ၏။
စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့၍ မလုပ်ဆောင်မီကတည်းကပင် အဖြေကထွက်နေပြီးသားဖြစ်၍၊ စုံစမ်းစစ်ဆေးမှုများ ကိုယ်ဖိရင်ဖိမလုပ်၊ပြည်ပခရီးတွေထွက်၊ ဘိတ်ထားဝယ်ကိုသွား၊ ဆန္ဒပြပွဲတွေကို ခေါင်းရှောင်ကာ၊ မယောင်ရာဆီလူးလုပ်ရပ်များဖြင့် အချိန်ဆွဲပြီး၊ ဒီလိုဘဲလုပ်လာလိမ့်မည်ဖြစ်ကြောင်း ကြိုတင်သိထားကြသူများအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ မပီပြင်မသပ်ရပ်သော ဖုံးကွယ် ပြောဆိုချက်များအပေါ် တအံ့တဩဖြစ်ကြရသည်။ ဒီလောက်အချိန်တွေ ယူထားပြီးခါမှ လိမ်တာကို ပီပြင်အောင်မလိမ်နိုင်တာကတော့ ညံ့ဖျင်းရာကျသည်ဟု မိတ်ဆွေအချို့ကဆို၏။ သူမကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့သည်ဆိုသော စကားမှလွဲ၍အများလက်ခံလာအောင် အကျိုးသင့်အကြောင်းသင့် ရှင်းလင်းပြောကြားမှုများမလုပ်နိုင်ပဲ မီးလောင်ဗုံးကိုမီးခိုးဗုံးဟု ဇွတ်တင်းခံပြောဆိုမှုမျိုးတွေဖြစ်သည်။
လူထုအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ အာဏာရှင်ဆန်သောအပြောအဆို မျက်နှာနေ မျက်နှာထားများကို ဗီဒီယိုသတင်းများ၌ တွေ့လာခဲ့ရသည်မှာ အတော်ကလေးကြာလာပြီဖြစ်၏။ စစ်အုပ်စုကိုဒီမိုကရေစီလမ်းကြောင်းသို့ ဆွဲခေါ်တွဲခေါ်လုပ်ရင်း၊ စစ်အုပ်စုကဒီမိုကရေစီရေး လမ်းကြောင်း သို့လိုက်ပါမလာပဲ ဒေါ်အောင်ဆန်းစုကြည်သာ အာဏာရှင်လမ်းကြောင်းသို့ လိုက်ပါသွားနေပုံရလေသည်။
မိမိအဖွဲ့ကို မိမိလေးစားမှုမရှိပဲ လူရှေ့သူရှေ့ဇာတ်စင်ပေါ်မှာ ငေါက်ငမ်းတတ်သည့်အဖြစ်ကို လက်ပံတောင်းတောင်ဆန္ဒပြသံဃာတော်များနှင့် ဒေသခံလူထုမီးလောင် ဗုံးအပစ်ခံရပြီး နောက်တနေ့ မှာပင်ဟောပြောပွဲလုပ်သော ဇာတ်စင်ပေါ်၌တွေ့ခဲ့ရ၏။ “နိုင်ငံရေးလုပ်တယ်ဆိုတာ အချစ်ခံဖို့ မဟုတ်ဘူး။ အချစ်ခံချင်လို့ရှိရင်ဇာတ်က။ ကျမတို့မှာဇာတ်ကဖို့အချိန်မရှိဘူး” ဟူ၍လည်းသတင်းသမားများကြားမှာ ဒေါ်အောင်ဆန်းစုကြည်ဆိုပြန်၏။ တကယ်ကဇာတ်ကဖို့အချိန်ရှိသည့်တိုင် ပရိသတ်ရှေ့ဇာတ်စင်ပေါ်တွင် ကိုယ့်လုပ်ဖော်ကိုင်ဖက်များကို ကိုယ့်အောက်လက်ငယ်သားများပမာ ငေါက်ငမ်းပြောဆိုနေသည့် ဇာတ်မျိုး၊“ ပရိသတ်ကိုဒေါသဖြစ်တာမဟုတ်ပါဘူး။ ကျမတို့အဖွဲ့ကလူတွေကိုပါ” ဟုပြောဆိုတတ်သော ဇာတ်မျိုးကိုမည်သူကမျှ ငှားလိုကြမည်မဟုတ်။
နောက်တက်လာမည့် ဒီမိုကရေစီအစိုးရလက်ထက်တွေကျမှ တကယ်တမ်း လူထုကောင်းစား ရေးအတွက်လုပ်ရမည့်ကိစ္စများကို လက်ရှိစစ်အုပ်စု၏ အရေခြုံအစိုးရလက်ထက်တွင်ပင် လုပ်ဖို့ရန်မသင့်။ စစ်အုပ်စု၏လုပ်ရပ်အမှားများကို အခွင့်ကောင်းယူပြီးလူထုအားဖြင့် တိုက်ဖျက်ရမည့်အစား၊ စစ်အုပ်စု ဘက်မှနေ၍လူထုဆန္ဒကို မျက်ကွယ်ပြုကျောခိုင်းခြင်းမှာ သူမနှင့်စစ်အုပ်စုတို့မည်သည့် အတိုင်း အတာအထိသဘောတူညီမှုများရရှိနေပြီး၊ ဘယ်လောက်အထိထဲထဲဝင်ဝင်ပေါင်း ဖော်နေကြပြီလဲဆို သည်ကို တွက်ဆနိုင်ကြမည်ဖြစ်ကြောင်း၊ ရှေ့လျှောက်ဒေါ်အောင်ဆန်းစုကြည်၏ ခြေလှမ်းများကို တိုင်းရင်းသားပြည်သူလူထုအနေဖြင့် အထူးပင်သတိထား စောင့်ကြည့်ရတော့မည်ဖြစ်ကြောင်း မိတ်ဆွေ အချို့ကပြောသည်။
လူထုကအားကိုးယုံကြည်၍ ခေါင်းဆောင်တင်ခဲ့သူသည်လူထုအပေါ် အကြိမ်ကြိမ်သစ္စာဖောက် ခဲ့သည်မှာ ယခုတကြိမ်တွင် အဆိုးဆုံးဖြစ်၏။
(၃)
မိတ္ထီလာတွင်မိမိတို့ဝယ်ခဲ့ရာ ရွှေဆိုင်သို့်ရွှေလက်စွပ်ပြန်လာရောင်းသော မြန်မာအဖိုးကြီးအဖွားကြီး ဇနီးမောင်နှံကိုရွှေဆိုင်ရှင် ကုလားကညစ်ကာ၊ လက်စွပ်မှတ်ကျောက်တင်ခိုက် လက်စွပ်ကွင်း ကြိုးသွားသည့်အတွက် အထည်ပျက်ဈေးပဲပေးနိုင်မည်ဟု ဆိုသဖြင့်စကားအချေအတင်များ ကြရာမှ ကုလားများဝိုင်းရိုက်သောကြောင့် အဖိုးကြီးအဖွားကြီးဆေးရုံ တင်လိုက်ရသည်။ ထိုကိစ္စအပေါ် မခံမရပ် နိုင်ဖြစ်ပြီးမွတ်စလင်ကုလားတွေနှင့် မကျေမလည်ဖြစ်ကာ၊ သံဃာတော်တပါး ဓားခုတ်ခံရသည့်နောက်ပိုင်း ဘာသာရေးအဓိကရုဏ်း အသွင်ပေါ်ပေါက်ကြီးထွားလာခဲ့သည်။ မွတ်စလင်တွေ၏ နေအိမ်များ၊ ဆိုင်များ၊ ပလီများကိုမီးရှို့သည်။ မျက်မြင်သက်သေများ၏အဆိုအရဦးပဉ်ဖင်း (သကင်္န်းဝတ်) တပါးနှင့်မြို့ခံ မဟုတ်သောလူတစုက လိုက်လံရှို့ကြခြင်းဖြစ်သည်ဟု သိရသည်။ မီးရှို့ဖျက်ဆီးသတ်ဖြတ်သည့် အရေး အခင်းဖြစ်ရာမှာ ပုလိပ်တွေကဒီအတိုင်း ရပ်ကြည့်နေကြကြောင်းလည်း ကြားရသည်။
မိထ္ထီလာမှအစပြုခဲ့သော အဓိကရုဏ်းမှာသာစည်၊ ရမည်းသင်း၊ ဝမ်းတွင်းမြို့နယ်များနှင့် ပဲခူးတိုင်း၊ ဇီးကုန်း၊ နတ္တလင်း၊ အုတ်ဖို၊ မင်းလှ၊ ကြို့ပင်ကောက်တို့အထိ ပျံ့နှံ့သွားကာ၊ ရန်ကုန်လိုနေရာမှာ ပင်လူမျိုးရေးအဓိကရုဏ်းဖန်တီး၊ ဆူပူ၊ ဖျက်ဆီးကြရန်သွေးထိုးလှုံ့ဆော်မှုများ ရှိလာသည်။ ရွှေဝါရောင်အရေးအခင်းတွင် ပါဝင်ခဲ့ကြသော သံဃာတော်များနှင့် ဗမာပြည်သားအများစုကတော့ ဤကိစ္စမှာစစ်အုပ်စု၏ ဖန်တီးလုပ်ကြံမှုသာဖြစ်ကြောင်း သိထားကြပြီး၊ အလိမ်ခံထိမည့်အဖြစ်အပျက် အတွင်းမပါဝင်ကြ။ ဤကိစ္စမျိုးမှာမဆလ၊ နဝတခေတ်များမှသည်ယနေ့ထိ စစ်အုပ်စုသက်တမ်း တလျှောက်လုံး မရိုးနိုင်အောင်ကျင့်သုံး လာခဲ့သောနည်းလမ်းဟောင်းကြီး ဖြစ်သည့်အပြင် မကြာသေးမီ လများကပင် ရခိုင်ပြည်နယ်ထဲဘာသာရေးအရ လှုံ့ဆော်ဖန်တီးသတ်ဖြတ်ခဲ့သေးသောကြောင့် လူထုက စစ်အုပ်စု၏ လက်ချက်မှန်းသိထားကြပြီးဖြစ်လေသည်။ မြို့ငယ်များတွင် တနေရာပြီးတနေရာ ပျံ့ပွား သွားသည်မှာ ၎င်းတို့လွှတ်ထားသော လက်ပါးစေများကကားများဖြင့် လိုက်လံမီးရှို့ဖျက်ဆီး သတ်ဖြတ် ခဲ့ခြင်းသာဖြစ်၏။ နေထိုင်ရာမြို့မှ ထွက်ပြေးသော မွတ်စလင်များရှိသော်လည်း မပြေးနိုင်ကြသည့် မွတ်စလင်မိသားစုများ၊ အိုးအိမ်ဖျက်ဆီးခံရသည့်ဒုက္ခသည်များကို မြို့ခံတွေက စောင့်ရှောက်ကာကွယ် ပေးထားကြသည်။
စစ်အုပ်စုအနေဖြင့် ဆူပူမှုဖြစ်အောင်ဖန်တီးသည့် အဓိကအကြောင်းအချက်မှာ မြို့ရွာများတွင် လုယက်သတ်ဖြတ်မှုများဖြင့် မငြိမ်မသက်လုံခြုံမှုကင်းမဲ့ပြီး၊ ပုဒ်မ၁၄၄ထုတ်ရသည့် အခြေအနေ ဖြစ်ပေါ်လာအောင်၊ မာရှယ်လောစစ်ဥပဒေအောက်စစ်အုပ်စုအပေါ် အားကိုးလာအောင် လုပ်ခြင်းသာ ဖြစ်၏။ ဒေါ်အောင်ဆန်းစုကြည်၏ လက်ပံတောင်းအစီရင်ခံစာအပေါ် မကျေမနပ်အုံကြွ ဆန္ဒပြလာကြမည့် လူထုကို၊ ရွှေဆိုင်ကုလားနှင့် မြန်မာလင်မယားပြဿနာဖြစ်သည့် အခွင့်အရေးပေါ် ခိုက်ဘာသာရေး အဓိကရုဏ်းအဖြစ် ဖန်တီးပြီးအာရုံပြောင်းလမ်းလွှဲပေးလိုက်ခြင်းသာ ဖြစ်လေသည်။
(၄)
နှစ်ဘက်တွေ့ဆုံဆွေးနွေးနေစဉ်အတွင်းမှာပင် ကချင်ပြည်နယ်၊ ရှမ်းပြည်မြောက်ပိုင်းနှင့် ပလောင် အဖွဲ့တို့နယ်မြေမှာပါ တိုက်ပွဲတွေထပ်ဖြစ်ကြောင်း ကြားရသည်။ တိုင်းရင်းသားတို့အပေါ် စေတနာသဘော ထား မှန်ကန်ရိုးဖြောင့်မှုမရှိသော စစ်အုပ်စု၏ကတိကဝတ်ကို ယုံစား၍မရ။ အခြားသော အပစ်အခတ် ရပ်စဲရေး တဝက်တပျက်သဘောတူထားသည့် တိုင်းရင်းသားဒေသများ၌ပါ ဆက်လက်ဖြစ်ပွားလာမည့် အလားအလာရှိနေသည်။ ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေပြန်ဖြစ်လာသည်မှာ ပန်ဝါဘက်၌ဖြစ်သည်။ ပန်ဝါသည်စခုန်တိန့်ယိန်း (Zahkung Ting Ying)ကြီးစိုးခဲ့ရာ ဒေသဖြစ်ပြီးမကြာသေးမီ နှစ်များအတွင်း ကေအိုင်အေက ထိုနေရာရှိဘိန်းခင်းများကို သွားရောက်ဖျက်ဆီးပစ်ခဲ့သည်။
ကချင်မှာလူငယ်တွေ၈၀%ကျော် မူးယစ်ဆေးစွဲနေကြသည့် ဗီဒီယိုသတင်းကို ဗီအိုအေက ထုတ်လွှင့်သည်။ ကချင်လူငယ်ထုကိုဆေးစွဲသူတွေ ဖြစ်အောင်ကချင်လူငယ်တို့၏ အနာဂတ် ပျောက်ပျက်အောင်၊ စစ်ရေး၊ နိုင်ငံရေး၊ အမျိုးသားထုဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေး၊ လွတ်လပ်ရေးများကို စိတ်မဝင်စားနိုင်တော့အောင် စစ်အုပ်စုကအစီအစဉ်ရှိရှိ လုပ်ဆောင်ခဲ့ခြင်းဖြစ်၏။ ဆေးစွဲခဲ့သော လူငယ်အချို့က ဘာသာတရား၏ ရှေ့ဆောင်မှုဖြင့်ထိုဘဝဆိုးမှ ရုန်းထွက်ရန်ကြိုးစားရင်း ၎င်းတို့လို ဆေးစွဲနေကြသော လူငယ်များအား ဆေးစွဲမှုမှလွတ်မြောက်ရေး တွဲခေါ်နေကြပုံများကိုမြင်တွေ့ရသည်မှာ ကချင်ပြည်သူတို့အတွက် ဝမ်းမြောက်အားတက်ဖွယ်ဖြစ်သည်။
ကချင်လူငယ်တွေကိုဆေးစွဲအောင် လုပ်နေသူများထဲတွင် စခုန်တိန့်ယိန်းမှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တဦးအဖြစ်လွှတ်တော် အစည်းအဝေးများမှာ တက်ရောက်နေရာယူထားသူဖြစ်သည်။ ယခင်က ကေအိုင်အေနှင့် ကောဗကပနှင့်ပါလက်တွဲခဲ့ဘူးသူဖြစ်ပြီး၊ ၎င်းတို့အဖွဲ့စစ်အုပ်စုနှင့်ငြိမ်းချမ်းရေး ယူလိုက်ပြီးသည့်နောက် New Democratic Army- Kachin (NDA-K) အဖွဲ့ကိုဒေသခံ ပြည်သူ့စစ် အဖွဲ့အဖြစ်တာဝန်ယူဆောင်ရွက်ကာ၊ ၂၀၁ဝမှစ၍နယ်ခြားစောင့်တပ် အသွင်ပြောင်းခဲ့သူဖြစ်သည်။ ကေအိုင်အေကိုလည်းပြန်လည်တိုက်ခိုက်ခဲ့၏။ ဘိန်းစိုက်ပျိုးခြင်းကိုပန်ဝါနှင့် ကန်ပိုင်တီဒေသအနှံ့အပြား အကြီးအကျယ်လုပ်ကာဘိန်းဖြူနှင့် ရာဘဆေးပြားများ ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိပြီး လက်နက်ငယ် ထုတ်လုပ်သည့် စက်ရုံလည်းထောင်ထားသည်။ ကမ္ဘာ့မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွင် ဗမာပြည်က ဒုတိယအများဆုံးဖြစ်နေသည်မှာ စခုန်တိန့်ယိန်း၏ဆောင်ရွက်မှုမကင်း။
လွှတ်တော်ထဲမှာတရားဥပဒေအထက်ကရှိနေသော စစ်အုပ်စုဝင်များ၊ လက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်များ၊ မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းချကြသူများ၊ လက်နက်စက်ရုံများ တည်ထောင်၍ နိုင်ငံတကာအကြမ်းဖက်အဖွဲ့အစည်းအချို့သို့ လက်နက်မှောင်ခိုလုပ်နေသူများ၊ အာဏာပိုင်အဖွဲ့အစည်း များနှင့် ပေါင်းကာတရားမဝင်စီးပွားရေးလုပ်နေကြသူများ၊ လူထုအိမ်မြေလယ်ယာတွေကို မလိမ့်တပတ် ကောအတင်းအဓမ္မပါသိမ်းယူထားကြသူများ၊ စစ်အုပ်စုတို့၏အချစ်တော်ခရိုနီများစသည့် မာဖီးယား ဂိုဏ်းခေါင်းဆောင်အများအပြား ပါဝင်လျက်ရှိကြောင်း အွန်လိုင်းကချင်သတင်းတစ်ခုတွင် ဖတ်ရှုရသည်။
ပြည်သူ့အကျိုးစိတ်ကောင်းစေတနာဖြင့် ဆောင်ရွက်လိုသော လွှတ်တော်ကိုယ်စားလှယ် အစစ် အမှန်မှာ လက်ချိုးရေတွက်၍ ရလောက်အောင်နည်းပါးပြီး စစ်အုပ်စုနှင့်ပုလင်းတူဗူးဆို့ အပေါင်းပါများ လွှမ်းမိုးထားသောလွှတ်တော်ထဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍမှေးမှိန်နေရသည်မှာ အဆန်းမဟုတ်ချေ။
(၅)
ပြီးစီးလုပြီဖြစ်သောကျောက်ဖြူကူမင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် ဖောက်လုပ် နေဆဲဖြစ်သောကျောက်ဖြူ-ယူနန်အမြန်ရထားလိုင်းကိစ္စ၊ မာဘယ်လ်ကျောက်များထွက်သည့် ရခိုင် ပြည်နယ်မှ နေပူတောင်ကို ဗီယက်နမ်နှင့်မြန်မာကုမ္ပဏီတခုတို့ လုပ်ကိုင်မည့်ကိစ္စ၊ ဘဂင်္ါလီ ရိုဟင်ဂျာများကိုသေချာစွာ စစ်ဆေးစီစစ်မှုမရှိပဲ အိမ်ဆောက်ခွင့်ပေးသည့်ကိစ္စ စသည့် ပွင့်လင်းမြင်သာမှုမရှိ၊ လက်သင့်ရာစားတော်ခေါ်ပြီး လုပ်ချင်သလိုလုပ်နေကြသည့်ကိစ္စများလိုပင် ကရင်နှင့် ကရင်နီပြည်နယ်များတွင်လည်း ပွင့်လင်းမြင်သာမှုမရှိသော ဒေသတွင်း စီးပွားရေး လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။ ကရင်နှင့်ကရင်နီနယ်အတွင်းတပ်တွေတိုးပို့ ၊ နေရာတွေတိုး၍ယူ၊ စစ်စခန်းတွေ အခိုင်အခန့်ဆောက်ပြီး၊ တပ်တွေကအရာရာချုပ်ကိုင်နိုင်ရေးတာ စူထားကြသည်။
ကရင်နီပြည်နယ်မှာ ရေလှောင်တာတမံများဆောက်လုပ်ပြီး လျှပ်စစ်မီဂါဝပ်ရာထောင်ချီ၍ ထုတ်လုပ်ရယူနေကြသည့်တိုင် ဒေသတွင်းလျှပ်စစ်ဓာတ်အား အချို့ခွဲဝေဖြန့်ဖြူးပေးမည့်အစီအစဉ် လုံးဝမရှိ။ အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်များတွင် ပါရှိသည့်ဒေသတွင်းစီးပွားရေး လုပ်ဆောင်မှုများနှင့် စီမံကိန်းများ ပွင့်လင်းမြင်သာမှုရှိရန်ဆိုသော အချက်ကိုမျက်ကွယ်ပြုလျက်၊ ခဲမဖြူဓာတ်သတ္တုများ ထွက်ရှိ သယ်ယူနေရာလုပ်ငန်းခွင်အနီးသို့ လည်းဒေသခံများကိုလုံးဝပေးမဝင်။
ကရင်ပြည်နယ်ထဲမှာလည်း ထိုနည်း၎င်းဖြစ်၏။ သထုံ၊ ကွင်းကလေးဒေသမှာထိုင်းကုမ္ပဏီ၊ ဟောင်ကောင် တရုတ်ကုမ္ပဏီနှင့်မြန်မာကုမ္ပဏီများ ရွှေတူးဖော်ရေးလုပ်ငန်းတွေ လုပ်နေကြသည်။ ကုမ္ပဏီတခုလုပ်ကွက်မြေ၅ဧကစီ သတ်မှတ်ထားသော်လည်း လုပ်ကိုင်ခွင့်အချိန်ကာလကို ကန့်သတ် ထားတာမတွေ့။ တရုတ်ကုမ္ပဏီ ကိုတော့မြေ၅ဧကအပြီးအပိုင် ရောင်းလိုက်သည်ဟုဆိုသည်။ သယ်ယူပို့ဆောင်ရေးအတွက် လမ်းဖောက်ရာတွင်ရွာလမ်းမှ အုန်းပင်များဖြိုလှဲခံရပြီး၊ ရာဘာခြံများကို ဖြတ်ကာ ကားလမ်းဖောက်လုပ်မှုများနှင့် ပတ်သက်၍လည်း လျော်ကြေးကိစ္စတစုံ တရာပြောဆိုခြင်းမရှိချေ။ ဒေသခံလူထုမှာနစ်နာပြီးရင်းနစ်နာရင်းဖြစ်ကြရသည်။
ယမန်နေ့က ဗမာနိုင်ငံစစ်အုပ်စု၏ တပ်မတော်နေ့အခမ်းအနားတွင် စစ်ဦးစီးချုပ်ကမြန်မာ့ တပ်မတော်သည်ဘယ်တုန်းကမှ စစ်ရာဇဝတ်မှုများကျူးလွန်ခြင်းမရှိကြောင်း၊ ဂျနီဗာကွန်ဗဲင်းရှင်းကို လေးစားလိုက်နာပြီး ၊လူမျိုးတုံးစစ်ဆင်မှုများကိုလည်း ဘယ်တုန်းကမှမလုပ်ခဲ့ကြောင်း ငါ့စကား နွားရလီဆယ်ပြောကြားသွားသည်ကို အွန်လိုင်းသတင်းမှာတွေ့လိုက်ရသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် တော်လှန်သောအဖွဲ့အစည်းများအနေဖြင့် မိမိတို့စုဆောင်းထားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုမှတ်တမ်းများ၊ ရန်သူ့ထိုးစစ်မှတ်တမ်းများ၊ “နောင်တချိန်မှာ ကရင်ကို ပြတိုက်ထဲမှာ ကြည့်ရမယ်” ဆိုသောစကားများ၊“ အစိတ်သားတောင်မချန်နဲ့” ဟူသည့်အမိန့်များကို ပြန်လည် ထုတ်နှုတ်ကိုးကားကာ၊ စစ်ဦးစီးချုပ်လေ့လာနိုင်ရေး မေတ္တာလက်ဆောင်ပေးပို့ဖို့ရန် လိုမည်ဖြစ်လေသည်။
မိမိအမှားကိုမိမိဖုံးကွယ်တတ်မှု၊ ငါသိငါတတ်ငါသာနပ်ဟုခံယူပြီး အခြားသူများအပေါ် အထင်သေးလွှမ်းမိုးချုပ်ကိုင်လိုမှု၊ အခြားသူတို့၏ရပ်တည်ချက်နှင့်ခံစားချက်၊ စိတ်စေတနာများကို နားလည်မပေးနိုင်မှု၊ အခြားသူများ၏ရပိုင်ခွင့်အခွင့်အရေးများအပေါ် အလေးမထားတတ်မှု၊ လှည့်ဖြားဖျက်ဆီးတတ်မှုစသည့် သဘောထားများ၊ ကမ္ဘာ့လူ့ယဉ်ကျေးမှုဘောင်မဝင်သော ပုံစံများဖြင့် ဒီမိုကရေစီလမ်းကြောင်းသို့ သွား၍မဖြစ်နိုင်ချေ။ ဗမာပြည်သူတို့အနှစ်နှစ်အလလ မျှော်လင့် စောင့်စားခဲ့ကြသော ဒီမိုကရေစီမှာယခုအချိန်တွင် ဘယ်နားဘယ်ဆီရောက်နေလေပြီမသိ။
M. ထက်ခေါင်