Home သတင်း ကရင်နီဒုက္ခသည်စခန်း မီး‌လောင်မှု ကြီးကျယ်

ကရင်နီဒုက္ခသည်စခန်း မီး‌လောင်မှု ကြီးကျယ်

1616
မတ်လ ၂၃ရက်၊ ၂၀၁၃ခုနှစ်။ (‌ကေအိုင်စီ)

ထိုင်းနိုင်ငံ မဲ့‌ဟောင်‌ဆောင်ခရိုင်ရှိ အမှတ်(၂) ကရင်နီ ဒုက္ခသည်စခန်းတွင် မတ်လ ၂၂ရက်‌နေ့၊ မွန်းလွဲ ၃နာရီခန့်က မီး‌လောင်မှု ဖြစ်ပွားရာ ဒုက္ခသည်‌ပေါင်း နှစ်‌ထောင်‌ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့သည်ဟု ကရင်ဒုက္ခသည်‌ကော်မတီ အဖွဲ့ဝင်တစ်ဦးက အတည်ပြု‌ပြောဆိုသည်။

အဆိုပါစခန်း၏ ရပ်ကွက် (၁)မှစ၍ စခန်းတခုလုံးနီးပါး ‌လောင်ကျွမ်းခဲ့သည့် မီး‌လောင်မှု‌ကြောင့် အမျိုးသမီးနှင့် က‌လေး အပါအဝင် လူ ၃ဝဦးမှာ ထိခိုက်‌သေဆုံးခဲ့ရသည်ဟု သိရသည်။

“စဖြစ်တာကို အတိအကျ မသိရ‌သေးဘူး။ ဆန်ဂို‌ဒေါင်က စ‌လောင်သလို၊ ‌တောမီး‌လောင်သလို ခန့်မှန်း‌နေကြတယ်။ အခုလို ဆိုးဆိုးဝါးဝါး မီး‌လောင်တာ၊ လူ‌သေတာမျိုး မရှိခဲ့ဘူး။ ‌နောက်ပြီး မီးက ဒီမနက်ကျမှ ငြိမ်းသွားတာ”ဟု မယ်‌ဟောင်‌ဆောင် အ‌ခြေစိုက် ကန္တာရဝတီတိုင်းမ် သတင်းဌာန အယ်ဒီတာ တာ‌ဂေချိုင်းက ‌ပြောသည်။

လက်ရှိအချိန်တွင် ကရင်နီဒုက္ခသည်‌ကော်မတီ ဥက္ကဌနှင့် ဝန်ထမ်းများ၊ စခန်းဆိုင်ရာ ထိုင်းလုံခြုံ‌ရေးအဖွဲ့နှင့် TBBC မှ ဝန်ထမ်းများက ၎င်းစခန်းအတွင်း လိုအပ်သည့် အ‌ရေး‌ပေါ် ကူညီမှုများကို ‌ဆောင်ရွက်လျှက်ရှိသည်ဟု သိရသည်။

၎င်းကရင်နီဒုက္ခသည်စခန်းတွင် လူဦး‌ရေ ၃၀၀၀‌ကျော်သာ ရှိရာ အိုးအိမ်မဲ့သူများမှာ စခန်းတခုလုံးနီးပါး ရှိသလို ဒဏ်ရာရသူများကို ယမန်‌နေ့ညကတည်းက မယ်‌ဟောင်‌ဆောင်‌ဆေးရုံသို့ ပို့‌ဆောင်ထားပြီးဖြစ်‌ကြောင်း သိရသည်။

ယမန်နှစ်ကလည်း အမှတ်(၁) ကရင်နီဒုက္ခသည်စခန်းအပြင် တာ့ခ်ခရိုင်ရှိ အုန်းဖျန် ကရင်ဒုက္ခသည်စခန်းများ၌ မီး‌လောင်ကျွမ်းမှု ဖြစ်ပွားခဲ့‌သော်လည်း လူ‌သေဆုံးမှု မရှိခဲ့‌ပေ။

‌နောက်ဆက်တွဲ အ‌သေးစိတ်ကို ဆက်လက် တင်ပြသွားမည်ဖြစ်သည်။