ဖေဖော်ဝါရီလ ၂၇ရက်၊ ၂၀၁၃ခုနှစ်။ နော်ဆဲကလယ် (ကေအိုင်စီ)

တွံတေးမြို့နယ်အတွင်းရှိ သိမ်းဆည်းခံထားရသော လယ်ယာမြေများ ပြန်လည်ရရှိရန် ဌာနဆိုင်ရာ အဆင့်ဆင့်သို့ တင်ပြ၍ ဆက်လက် ကြိုးစားပေး သွားမည်ဖြစ်ကြောင်း ကရင်ပြည်သူ့ပါတီ-KPP က ယမန်နေ့က ပြောကြားလိုက် သည်။
ကရင်လူမျိုး အများစု နေထိုင်သော ရေတွင်းကုန်းရွာ၊ ထော်ကူးရွာ၊ မရမ်းတပင်ရွာများမှ ဧက ၂,၈၀၀ကျော်ရှိ လယ်မြေများကို မြန်မာအစိုးရ၏ စစ်တပ်များနှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့မှ သိမ်းဆည်းထားခဲ့ခြင်းဖြစ်ကြောင်း KNPP တောင်ပိုင်းခရိုင် ဥက္ကဌ မန်းအုန်းမြင့်သိန်းက ကေအိုင်စီသို့ ပြောသည်။
“လယ်သမားတွေရဲ့ ဒုက္ခအခက်အခဲတွေကို ကျနော်တို့က အနီးကပ် သိနေခဲ့ပါတယ်။ ကျနော်တို့ ဥပဒေကြောင်းအရ ဌာနဆိုင် ရာအဆင့်ဆင့်ကို တင်ပြသွားပေးပါ့မယ်။ လယ်သမားတွေဟာ အရင်က မပြောရဲ မဆိုရဲခဲ့ကြဘူး။ အခုလို အချိန်ရောက်မှ ကိုယ့် ဘိုးဘွားပိုင်မြေတွေကို ပြောခွင့်ရပြီး ပြန်တောင်းဆိုနေကြတာပါ”ဟု မန်းအုန်းမြင့်သိန်းက ပြော ဆိုသည်။
ထို့အပြင် လယ်ယာမြေများကို သိမ်းဆည်းပြီး ပုဂ္ဂလိက လုပ်ငန်းရှင်သူဌေးများအား ငါးမွေးကန်များ၊ အရက်ချက်စက်ရုံများအ ပြင် သီးစားချ၍ လယ်ယာစိုက်ပျိုးခွင့် များ ပေးထားကြောင်းလည်း သူက ဆက်ပြောသည်။
ရေတွင်းကုန်းရွာရှိ လယ်သမားတစ်ဦးကလည်း “ကျနော်တို့ စစ်တပ်ကို သီးစားခပေးပြီး ဆက်လုပ်စားနေပါတယ်။ ကိုယ်တစ် သက်လုံး လုပ်စားလာခဲ့တဲ့ လယ်ကို သီးစားခ ပေးလုပ်နေရတာ ရင်နာဖို့ ကောင်းပါတယ်။ ကျနော်တို့ထက် ပိုပေးနိုင်တဲ့သူတွေ ကိုလည်း လုပ်ပိုင်ခွင့်ပေးမယ်ဆိုတဲ့ အသံတွေလည်း ကြားနေ ရပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ယင်းအခြေအနေများကြောင့် ထော်ကူးရွာရှိ ငါးမွေးမြူရေးလုပ်ပိုင်ခွင့်ရနေသော လုပ်ငန်းရှင် ဦးအေးသောင်းထံ သွားရောက်တွေ့ ဆုံ၍ မည်ကဲ့သို့ လုပ်ကိုင်ခွင့် ရရှိကြောင်း ကို မေးမြန်းရာ တွံတေးမြို့ရှိ အထူးစုံစမ်းစစ်ဆေးရေးဌာန တာဝန်ခံအရာရှိ မိုးကျော်ထူး နှင့် မြေစာရင်းရုံးချုပ်သို့သာ သွားရောက်မေးမြန်းပါရန် ပြန်လည်ပြောဆိုခဲ့သည်။
သိမ်းဆည်းခံရသော လယ်ယာမြေများမှ ထော်ကူးရွာရှိ လယ်မြေများမှာ ယခင်က တဧကလျှင် တင်း ၉၀ကျော်ထွက်ခဲ့သော လယ်မြေများဖြစ်ပြီး ကျေးရွာသမဝါယမပိုင် လယ်မြေများ ပါဝင်သကဲ့သို့ တနိုင်ငံလုံးရှိ သမအသင်းများသာမက အစ္စရေးနိုင်ငံမှ ILO အကြံပေး Mr. A.L Madi မှ ၁၉၈၆ခုနှစ်က လာရောက်လေ့လာခဲ့သော စံပြစိုက်ကွင်းများ ဖြစ်သည်။


















