ဖေဖော်ဝါရီလ ၉ရက်၊ ၂၀၁၃ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် လေးဝါးစခန်းနေရာ၌ ဆဌမအကြိမ်မြောက် ကရင်အမျိုးသမီးအစည်းအရုံး- KWO ညီလာခံကို ယခု ဖေဖော်ဝါရီလ ၁ရက်မှ ၈ရက်နေ့အထိ ပြုလုပ်ကျင်းပ ပြီးစီးခဲ့သည်။
ညီလာခံတွင် ခရိုင် ၇ခုမှ ကိုယ်စားလှယ်များ၊ အထူးဒေသမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော အဖွဲ့အစည်းများမှ ကိုယ် စားလှယ်များနှင့် လေ့လာသူများ စုစုပေါင်း (၁၃၈)ဦးတက်ရောက်ခဲ့ကြပြီး လုပ်ငန်းစဉ်များ ပြန်လည်သုံးသပ်ခြင်း၊ ရှေ့လုပ်ငန်း စဉ်များ ချမှတ်ခြင်းနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြည့်စွက်ပြင်ဆင်ခြင်း စသည်တို့ လုပ်ဆောင်နိုင်ခဲ့ကြသည်ဟု KWO မှ ယမန်နေ့ က ကြေညာချက်ထုတ်ပြန်ထားသည်။
KWO ၏ ပြောခွင့်ရသူ ဗဟိုအမြဲတမ်းကော်မတီဝင် နော်ဘလူးမင်းနိုက်ဇန်က “ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျမတို့ အဓိက ပြန် လည်ပြင်ထားတာက KWO မှာ အလုပ်အမှုဆောင် အရွေးခံရတဲ့ ဗဟို၊ ခရိုင်၊ မြို့နယ်နဲ့ ကျေးရွာ စတဲ့သူတွေဟာ အခြားအဖွဲ့အ စည်းမှာ ဝင်ရောက်လုပ်ဆောင်မှု မလုပ်ရဘူး။ KWO မှာ အချိန်ပြည့် အလုပ်လုပ်ရမယ်။ အဲဒါ ဖြည့်စွက်ထားတယ်”ဟု ကေအိုင်စီ သို့ ပြောသည်။
ဆက်လက်၍ စည်းရုံးရေးဆင်းရာတွင်လည်းကောင်း၊ သတင်းအချက်အလက် ကောက်ယူရာတွင်လည်းကောင်း သက်ဆိုင်ရာ အဆင့်ဆင့်သို့ တိတိကျကျ ထိထိရောက်ရောက် ဆောင်ရွက်ခြင်း၊ အလုပ်အမှုဆောင်ထဲ၌ အရေးကြီးသည့် စည်းရုံးရေး၊ ပညာ ရေး၊ လူမှုရေးနှင့် ကျန်းမာရေးဌာနများတွင် တာဝန်ခံသည် တစ်ဦးတစ်ယောက် မဟုတ်ဘဲ အဆင့်တိုင်း တာဝန်ခံပုဂ္ဂိုလ် ထားရှိ ခြင်းတို့ကို ဖြည့်စွက်ပြင်ဆင်ခဲ့သည်ဟုလည်း နော်ဘလူးမင်းနိုက်ဇန်က ပြောဆိုသည်။
ထို့အပြင် လက်ရှိ နိုင်ငံအခြေအနေ လေ့လာသုံးသပ်ခြင်းနှင့် ဒုက္ခသည်များအား နေရာပြန်လည်ချထားရေးလုပ်ငန်း၌ အမျိုးသမီး များ ပါဝင်ခြင်းတို့ အပါအဝင် ကရင်အမျိုးသားအစည်းအရုံး-KNU နှင့် မြန်မာအစိုးရတို့အကြား ငြိမ်းချမ်းရေးဆိုင်ရာ တွေ့ဆုံဆွေး နွေးမှုတွင် ကောင်းကျိုးရလဒ်များရှိသကဲ့သို့ စိန်ခေါ်မှုများလည်း ဆက်လက် တည်ရှိနေမှု စသည်တို့ကို KWO က ဆွေးနွေးခဲ့ ကြောင်းလည်း ၎င်းတို့၏ ကြေညာချက်တွင် ဖော်ပြပါရှိသည်။
နော်ဘလူးမင်းနိုက်ဇန်က “အပစ်ရပ်ကာလဆိုတော့ ဒေသခံတွေ သွားလာမှု လွတ်လွတ်လပ်လပ် ရှိလာတာပေါ့။ ဒါပေမယ့် KNU ထိန်းချုပ်တဲ့ တပ်မဟာ ၂၊ ၅၊ ၆နဲ့ ၇ တို့တွေမှာ အစိုးရတပ်တွေ ရိက္ခာပို့မှုတွေ အရင်ကထက် ပေါ်ပေါ်တင်တင် လုပ်လာ တယ်။ နောက် တပ်အင်အားလည်း လျော့သွားတာ မရှိသေးတဲ့အတွက် တိုက်ပွဲပြန်ဖြစ်မှာကို ဒေသခံတွေက စိုးရိမ်နေကြတယ် လို့ မြို့နယ်၊ ခရိုင်တွေက KWO ကိုယ်စားလှယ်တွေ တင်ပြတာ ရှိတယ်”ဟု ပြောသည်။
ညီလာခံတွင် KWO ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၁၁ဦးရွေးချယ်ခဲ့ရာ နန်းဒါးအဲ့ကလယ်(ဥက္ကဌ)၊ နော်ဖောဒေးတိုး (ဒု ဥက္ကဌ)၊ နော်ကညောဖော(အထွေထွေအတွင်းရေးမှူး)၊ နော်တာမလာစော(တွဲဘက်အတွင်းရေးမှူး-၁)နှင့် နော်စေးယိုဖော (တွဲ ဘက်အတွင်းရေးမှူး-၂)တို့ကို ရွေးကောက်တင်မြှောက်ခံကြသည်။
ထို့အပြင် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များအဖြစ် နော်ဒါးဒါး (လူမှုရေးဌာန)၊ နော်အဲ့တမွီဖော (ကျန်းမာရေးဌာန)၊ နော် လူးလူမောင် (ပညာရေးဌာန)၊ နော်ဖောလေးသော (စည်းရုံးရေးနှင့် ပညာပေးရေးဌာန)၊ နော်ရွှေဖော (ဘဏ္ဍာရေးဌာန)နှင့် နော် ဒါးမူ့ (စာရင်းစစ်ဌာန)တို့ကို ရွေးချယ်ခဲ့ကြသည်။
ညီလာခံ(ကွန်ဂရက်) နောက်ဆုံးရက် ဖေဖော်ဝါရီလ ၈ရက်နေ့တွင် တာဝန်မှ အနားယူသွားသည့် KWO ဥက္ကဌဟောင်း နော် လားဖိုး(ဗိုလ်ချုပ်ကြီးစောဘိုမြ၏ဇနီး)အား ဂုဏ်ပြုခြင်း၊ ဗဟိုအမြဲတမ်းကော်မတီဝင်ဟောင်းအချို့နှင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များအား ဂုဏ်ပြုခြင်း အစီအစဉ်များကို လုပ်ဆောင်ခဲ့ကြသည်။
KWO သည် အမျိုးသမီးများ စွမ်းရည်မြှင့်တင်ရေးလုပ်ငန်း၊ အမျိုးသမီးနှင့် ကလေးသူငယ်များ အခွင့်အရေးချိုးဖောက်ခံရမှုများ ပပျောက်ရေးအတွက် ရည်ရွယ်၍ ၁၉၈၅ခုနှစ်၊ ဧပြီလ ၅ရက်နေ့၌ KNU ၏ ဌာနချုပ်ဟောင်း မာနယ်ပလောတွင် စတင် ဖွဲ့စည်း ခဲ့ခြင်းဖြစ်ပြီး လေးနှစ်တစ်ကြိမ် ညီလာခံ ကျင်းပလေ့ရှိသည်။


















