ဇန်နဝါရီလ ၃ရက်၊ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် စံပရီးရွာ စံပရီးဘုန်းကြီးကျောင်းမှ ဆရာတော် ဘန္ဒ န္တအဂ္ဂဓမ္မ၏ (၆၀)ပြည့်နှစ် မဂင်္လာမွေးနေ့ကို ယနေ့ ကျင်းပရာ ဇာတ်ပွဲသဘင် အပါအဝင် လောင်းကစားမျိုးစုံကို ကျင်းပလျှက်ရှိကြောင်း သိရသည်။
အမည်မဖော်လိုသူ ရွာသားတစ်ဦးက “ဒီပွဲဟာ ဆရာတော်မွေးနေ့ဆိုပေမယ့် အနီတောင်၊ ဖဲ၊ အံဂလုံ စတဲ့ လောင်းကစားတွေ အစုံပဲ။ မွေးနေ့ပွဲ မရောက်ခင် ၃ရက်ကြိုပြီး ကစားကြတာ ဖြစ်တယ်။ ပွဲကတော့ ဇန်နဝါရီလ ၅ရက်နေ့မှ ပြီးမယ်”ဟု ကေအိုင်စီ သို့ ပြောသည်။
ယခင်နှစ်များက စံပရီးဘုရားဝင်းကျောင်း ဆရာတော်၏ မွေးနေ့များကို နှစ်စဉ် ကျင်းပလာခဲ့သော်လည်း ယခုလို လောင်းကစား များကို လာရောက်ခင်းကျင်းထားမှုများ မရှိကြောင်း ဒေသခံများက ပြောဆိုနေကြသည်။
ထို့အပြင် ဆရာတော်မွေးနေ့အား ပြုလုပ်ရာတွင် ပွဲကျင်းပရေးကော်မတီအဖြစ် မည်သူက ဦးဆောင်၍ ပြုလုပ်ခဲ့သည်ကို အတိအ ကျ မသိရကြောင်း ကျောင်းဒါယကာ တစ်ဦးက ယခုလို ပြောသည်။
၎င်းက “ဆရာတော်ရဲ့ မွေးနေ့ကိုတော့ စံပရီးရွာသူရွာသားတွေကပဲ စုပေါင်းလုပ်နေကြတာပဲ။ လောင်းကစားဝိုင်းတွေ ကိုတော့ ဘယ်သူခွင့်ပြု ချက်နဲ့ ထောင်လဲတော့ မသိပါဘူး။ တစ်ခုရှိတာက ဌာနဆိုင်ရာ အာဏာပိုင်တွေ ခွင့်ပြုချက် မရဘဲနဲ့တော့ ဘယ်သူ မှ လောင်းကစားဝိုင်းတွေ လာထောင်ရဲကြမှာ မဟုတ်ဘူး”ဟု ပြောသည်။
ကရင်ပြည်နယ်အတွင်း အာဝါဒေး(our day)ဟု အများသိကြသည့် လောင်းကစားဝိုင်းများ ၂၀၁ဝ ရွေးကောက်ပွဲ အပြီးတွင် ခေတ္တ ငြိမ်သက်သွားသော်လည်း ယခုအချိန်တွင် တဖန် ပြန်လည် ကျင်းပမှု များပြားလာသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ပြီးခဲ့သည့်လ ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလအတွင်းကလည်း ကရင်ပြည်နယ် မြဝတီမြို့တွင် our day ပွဲခေါ် လောင်းကစားပွဲများကို ဇာတ်ပွဲနှင့်အတူ ကျင်းပခဲ့သေးသည်။