ဩဂုတ်လ ၁ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကရင်သတင်းဌာန)

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံတိုင်းရင်းသားများနှင့် ဂျပန်လူမျိုးများပူးပေါင်း၍ ဖွဲ့စည်းထားသည့် Non Profit Organization Peace (NPOP)အဖွဲ့က မြန်မာနိုင်ငံ တွင် ပြုပြင်ပြောင်းလဲမှုဖြစ်လာပြီး နယ်စပ်အသီးသီးရှိ ဒုက္ခသည်များကို ပြည်တွင်းသို့ ပြန်လည်နေရာ ချထား ရေးဖြစ်မြောက်ပါက ဝိုင်းဝန်းကူညီပေးမည်ဟု ယနေ့ ပြောသည်။
လက်ရှိ အဖွဲ့ဝင် ၃၀ကျော်ရှိသည့် ယင်းအဖွဲ့မှ ဒါရိုက်တာအဖွဲ့ဝင်ဖြစ်သူ စောဘလှသိန်းက “မြန်မာနိုင်ငံ မတော်တဆ ကောင်းသွားရင် တိုင်းရင်းသားဒေသတွေမှာ ဒေသဖွံ့ဖြိုးရေးအတွက် ကိုယ်ထူကိုယ်ထလုပ်ရရင် ကျနော်အဖွဲ့ကနေ တခုခု အထောက်အကူဖြစ်အောင် ပြင်ဆင်ထားတဲ့ သဘောပါ။”ဟု ကရင်သတင်းဌာနသို့ ပြောဆိုသည်။
ဒုက္ခသည်များ ပြန်လည်နေချထားရေးတွင် နေထိုင်ရေး၊ ရိက္ခာထောက်ပံ့ရေး၊ ပညာရေးနှင့် အလုပ်ဖန်တီးပေးမှု စသည်တို့ကို ကူညီ ဆောင်ရွက်ပေးရန် ဂျပန်အစိုးရထံသို့ တောင်းဆိုသွားမည့်အပြင် မြန်မာ့အရေး စိတ်ဝင်စားသူ ဂျပန်လူမျိုးများနှင့်တကွ တတ်စွမ်းသမျှ ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ၎င်းတို့အဖွဲ့အတွင်း၌ ဆွေးနွေးတိုင်ပင်ထားသည်ဟု သူက ဆက်ပြောသည်။
NPOP အဖွဲ့သည် ယခု ဩဂုတ်လအတွင်း ထိုင်းနိုင်ငံသို့ သွားရောက်၍ ထိုင်းအစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်အချို့နှင့် တွေ့ဆုံရန်ရှိပြီး ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များ၏ အခြေအနေများကိုလည်း သွားရောက်လေ့လာရန်ရှိသည်ဟု သိရသည်။
မြန်မာနိုင်ငံ တိုင်းရင်းသားဒေသများတွင် ဒုက္ခရောက်နေသည့် ပြည်သူများကို ကူညီပံ့ပိုးပေးရန် ရည်ရွယ်၍ ဂျပန်ရောက် မြန်မာနိုင်ငံသား တိုင်းရင်းသားများနှင့် ဂျပန်လူမျိုးများပူးပေါင်းကာ NPOP အဖွဲ့ကို ၂၀၁၂ခုနှစ်၊ ဇွန်လတွင် ဖွဲ့စည်းခဲ့သည်။
အဆိုပါအဖွဲ့တွင် Director အဖွဲ့ဝင် ဂျပန်ရောက် မြန်မာနိုင်ငံ တိုင်းရင်းသား ၄ဦးဖြစ်သည့် မရစ်ဆိုင်းဘူ(ကချင်)၊ စောဘလှသိန်း(ကရင်)၊ ထန်နိုင်လျန်းထန်(ချင်း)၊ အောင်ဘ(နာဂ)တို့နှင့် ဂျပန်နိုင်ငံသား Mr. Uemura Masayoshi ၊ Mr. Kato Hiroshi ၊ Mr. Kojima Takayuki, ရှေ့နေကြီး Mr. Watanabe Shogo တို့က ၎င်းအဖွဲ့ကို ဦးဆောင်သွားမည် ဖြစ်သည်။
စောဘလှသိန်းက “ကျနော်တို့အဖွဲ့က လူ ၃၀ကျော်မှာ ဂျပန်လူမျိုး ၆ယောက်ပါတယ်။ ကျန်တဲ့သူတွေကတော့ ဂျပန်ရောက် မြန်မာနိုင်ငံ က တိုင်းရင်းသားတွေပဲ။ ဒါ့အပြင် ကျနော်တို့အဖွဲ့နဲ့ အလုပ်တွဲလုပ်ဖို့ ထပ်မံ ဆက်သွယ်လာတဲ့ ဂျပန်လူမျိုးတွေရှိတယ်”ဟု ဆိုသည်။
၎င်းအဖွဲ့ဝင်များက NPOP အဖွဲ့ကို သက်ဆိုင်ရာ တိုင်းရင်းသားနှင့် ဘာသာစကားအားဖြင့် “NPO ငြိမ်းချမ်းအဖွဲ့”ဟူ၍ သုံးစွဲရန် သဘောတူ ထားကြပြီး အဖွဲ့အတွင်း ဒါရိုက်တာများ၏ တာဝန်ခံအဖြစ် မရစ်ဆိုင်းဘူ(ကချင်အမျိုးသမီး)၊ ဒုတာဝန်ခံအဖြစ် စောဘလှသိန်းနှင့် Mr. Uemura Masayoshi တို့ကို ရွေးချယ်တာဝန်ပေးထားသည်ဟု သိရသည်။


















