ဇူလိုင်လ ၁၃ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ထမ့်ဆောင်ယန်းမြို့နယ်အတွင်းရှိ မယ်လဒုက္ခသည်စခန်းသို့ ယနေ့ နံနက် ၅နာရီက ထိုင်းအာဏာပိုင်များမှ ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ရာ ဘိန်းမဲရောင်းဝယ်သုံးစွဲသူနှစ်ဦးကို ဖမ်းမိခဲ့သည်ဟု စခန်းတာဝန် ရှိသူများက ပြောသည်။
ဘိန်းမဲဖမ်းမိသည့် အိမ်သည် ဇုံ(စီဝမ်း-ဘီ)ရပ်ကွက်၌ တည်ရှိပြီး ယင်းအိမ်မှ အမျိုးသမီးတဦးနှင့်အမျိုးသား တဦးကို ထိုင်းအာဏာပိုင်များက ခေါ်ဆောင်သွားကာ မယ်လစခန်းတွင် စစ်ဆေးပြီးနောက် နံနက် ၁ဝနာရီခန့်တွင် မဲ့တန်ရဲစခန်းသို့ ဆက်လက်ခေါ်သွားသည်ဟု မယ်လစခန်း လုံခြုံရေး အတွင်းရေးမှူး(၁) စောအဲ့ကလယ်က ပြောသည်။
“ဖမ်းမိတဲ့ ဘိန်းမဲက အချိန်တခစ်၊ နှစ်ခစ်လောက်ပဲ ရှိမယ်။ ဖမ်းသွားတဲ့ ဘယ်သူတို့နှစ်ယောက်ကတော့ ဝမ်းကွဲတော်တယ်လို့ သိရတာပေါ့။ ထိုင်းအာဏာပိုင်တွေရဲ့ စစ်ဆေးချက်အရတော့ သူတို့က သုံးတယ်။ ရောင်းလည်း ရောင်းတယ်လို့ ဆိုတယ်။”ဟု သူက ကေအိုင်စီသို့ ပြောသည်။
မယ်လစခန်းအတွင်းရှိ ထိုင်းရုပ်ရှင် ဇာတ်လမ်းနှင့် ကာရာအိုကေ စီခွေများကို ခွင့်ပြုချက်မဲ့ ကူးယူရောင်းချသူ များ၊ စခန်းအပြင်ထွက်၍ နေ့စား၊ ကျဘမ်းစသည့် အလုပ်လုပ်ကြသူများနှင့် မူးယစ်ဆေးရောင်းဝယ်၊ သုံးစွဲသူ များကို ထိုင်းအာဏာပိုင်များက ဝင်ရောက်စစ်ဆေးခဲ့ရာ လူ ၁ဝ ဦးကျော်အား ဖမ်းဆီးခေါ်ဆောင် စစ်ဆေးပြီးနောက် နှစ်ဦးကိုဆက်လက်ထိန်းသိမ်းထားခဲ့ခြင်းဖြစ်သည်။
ရှောင်တခင် ဝင်ရောက်စစ်ဆေးရေးပြုလုပ်မှုတွင် ထိုင်းစစ်တပ်(ထမ့်ဟာဖန်း)၊ ထိုင်းပြည်သူ့စစ်(မယ်လစခန်း လုံခြုံရေးယူပေးသည့်အဖွဲ့)နှင့် ထိုင်းရဲ(ပုလိပ်)တို့မှ စုစုပေါင်း အင်အား ၄ဝခန့်ရှိပြီး ကားနှစ်စီးဖြင့် လာရောက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ထိုင်းအာဏာပိုင်တို့၏ ဝင်ရောက်စစ်ဆေးမှုကို ကိုယ်တိုင်မြင်တွေ့ခဲ့သည့် အိမ်ထောင်သည်အမျိုးသမီး လားပွယ်မိုးက “ဒီမနက် ထိုင်းတွေ စခန်းထဲ ဝင်ရောက်တာကို တွေ့တယ်။ စီဒီရောင်းတဲ့ ကျမအိမ်ဘေးက အိမ်ကိုလည်း ဝင်စစ်တာကို တွေ့ရတယ်။”ဟု ပြောသည်။
မယ်လစခန်းတွင် မူးယစ်ဆေးကိစ္စ လုံးဝ တားမြစ်ထားသော်လည်း ဝင်ရောက်စစ်ဆေးသည့်အကြိမ်တိုင်းနီးပါး ဖမ်းဆီးရမိသူများရှိပြီး ၎င်းဖမ်းမိရသူများကိုလည်း ထိုင်းနိုင်ငံ ဥပဒေအရ ပြစ်ဒဏ်ချခံရမှုများရှိကြောင်း သိရသည်။
ယခု ဖမ်းဆီးခံထားရသူနှစ်ဦးသည် ဘိန်းမဲအနည်းငယ်အနှင့်အတူသာ ဖမ်းဆီးရမိသော်လည်း တစ်နှစ်ခန့် အကျဉ်းချ ခံရနိုင်ကြောင်းစောအဲ့ကလယ်ကထပ်မံပြောဆိုသည်။
လက်ရှိ လူဦးရေ ၅သောင်းခန့် အခြေချနေထိုင်သည့် မယ်လဒုက္ခသည်စခန်းအတွင်းတွင် ပြီးခဲ့သည့် မတ်လ ၁၅ရက်နေ့က ထိုင်းအာပိုင်နှင့် စခန်းလုံခြုံရေးတာဝန်ရှိသူတို့ပူးပေါင်းကာ ရာဘာ့ ခေါ် စိတ်ကြွဆေးပြား မူးယစ်ဆေးသုံးစွဲသည်ဟု ယူဆရသူနှစ်ဦးကို ဖမ်းဆီးခဲ့သေးသည်။