ဇူလိုင်လ ၂၅ရက်၊ ၂၀၁၂ခုနှစ်။ (ကရင်သတင်းဌာန)
ကရင်ပြည်နယ်အတွင်း ဝင်ရောက်လုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်းများ၏ အကျိုးအမြတ်မှာ ဒေသခံ ကရင်လူထုအတွက် ဖြစ်စေလို သည်ဟု ဥရောပဆိုင်ရာကရင်တိုင်းရင်းသားကွန်ယက် (European Karen Network-EKN) ထုတ်ပြန်ချက်ကို ကရင်လူထုအခြေပြုအဖွဲ့ တာဝန်ခံများက ပံ့ပိုးပြောဆိုလိုက်သည်။
ဆွီဒင်နိုင်ငံတွင် ဇူလိုင်လ ၁၃-၁၄ရက်များက ကျင်းပခဲ့သည့် လူဦးရေ တစ်ရာကျော်တက်ရောက်သော တတိယအကြိမ်မြောက် ဥရောပ ဆိုင်ရာကရင်တိုင်းရင်းသားကွန်ယက်-EKN အစည်းအဝေး၏ ဆုံးဖြတ်ချက်ရလာဒ်အဖြစ် အဆိုပါအချက် အပါအဝင် တောင်းဆိုချက် ၃ချက်ဖြင့် ဇူလိုင်လ ၂ဝရက်နေ့က ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
EKN အစည်းအဝေးသို့ လေ့လာသူအဖြစ် တက်ရောက်ခဲ့သည့် ရန်ကုန်အခြေစိုက် Karen Women Action Group-KWAG ၏ စီမံခန့်ခွဲမှု ဒါရိုက်တာ နော်စူစဲနာလှလှစိုးက သူမ၏ အမြင်ကို ကရင်သတင်းဌာနသို့ ယခုလို ပြောသည်။
သူမက “ပြည်နယ်မှာ ဖြစ်လာတဲ့ အကျိုးစီးပွားဟာ ပြည်နယ်သားတွေလည်း ခံစားသင့်ပါတယ်။ ခုဟာက စီးပွားရေးဥပဒေတွေ ခိုင်ခိုင်မာ မာ မရှိဘဲနဲ့ လုပ်နေကြတယ်။ တချို့ကုမ္ပဏီတွေကလည်းပဲ ရှိတဲ့ဥပဒေတွေကို မလိုက်နာကြဘူး။ ကုမ္ပဏီရဲ့ အကျိုးစီးပွားပဲ ကြည့်တယ်။ အဲဒါမျိုးဆိုရင် အဲဒီဒေသမှာရှိတဲ့ ဒေသခံတွေကတော့ နစ်နာတာပေါ့”ဟု ပြောသည်။
၎င်းအပြင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် သဘာဝပတ်ဝန်းကျင်ကာကွယ်ရန်လည်း လိုအပ်ကြောင်း ထည့်သွင်းဖော်ပြထားသည့် EKN ၏ တောင်းဆိုချက်အပေါ် Karen Environmental and Social Action Network (KESAN)၏ ဒါရိုက်တာ စောပေါလ်စိန်ထွားက ကရင်ပြည်နယ်အတွင်း စက်မှုဇုံများ၊ ရွှေတူးဖော်ရေး၊ မိုင်းတူးဖော်ရေး၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများရှိနေသည့်အပေါ် လူထုအတွက် အကျိုးအမြတ်ကို မမြင်ရသေးကြောင်း ပြောသည်။
၎င်းက “ကျနော်တို့ စိုးရိမ်တာက ကရင်ပြည်နယ်မှာ တရားဥပဒေစိုးမိုးရေးတွေ ဘာတွေမရှိသေးဘူး။ ပြည်သူလူထုအတွက် ကာကွယ် ပြောဆိုပေးမဲ့ အဖွဲ့အစည်းလည်း မရှိဘူး။ အဲလို ပြည်သူအကျိုးအမြတ်အတွက် တရားဥပဒေတွေ တိတိကျကျ မရှိတာကြောင့် ကျနော့်အ မြင်က ပြည်သူလူထု အကျိုးအမြတ် ခံစားရဖို့တော့ မမြင်ဘူး”ဟု ပြောသည်။
EKN ၏ ထုတ်ပြန်ချက်၌ မြန်မာအစိုးရသည် ကေအဲန်ယူနှင့် တွေ့ဆုံဆွေးနွေးရာတွင် အပစ်ရပ်မှုတစ်ခုတည်း မဟုတ်ဘဲ ကရင်လူထုအ တွက် အာမခံချက်ရှိသော လုံခြုံမှုများပေးနိုင်သည့် နိုင်ငံရေးဖြေရှင်းမှုဖြစ်ရန်နှင့် ဥရောပအစိုးရအဖွဲ့များအနေဖြင့် နယ်စပ်တစ်လျှောက်နှင့် ပြည်တွင်းရှိ အိုးအိမ်မဲ့ ပြည်တွင်းဒုက္ခသည်(IDP)များအား အကူအညီ တိုးပေးစေလိုကြောင်း တောင်းဆိုထားသည်။
“ဥရောပအစိုးရတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက ဗမာပြည်အတွင်းပိုင်းမှာ ပြောင်းလဲမှုနည်းနည်းကောင်းလာတာကို အာရုံပိုစိုက်နေပြီး တိုင်းရင်းသားဒေသတွေက ဆိုးရွားနေတဲ့ လူ့အခွင့်အရေးအခြေအနေတွေအတွက် အာဏာရှင်ကို ဖိအားပေးမှု လျော့လာတာမျိုး၊ လစ်လျူရှုတာမျိုးတွေ မလုပ်သင့်ပါဘူး”ဟု နော်ဝေကရင်လူ့အဖွဲ့အစည်း ကော်မတီဝင်နှင့် EKN ပြောရေးဆိုခွင့်ရှိသူ နော်တာအဲ့ရှီးက ပြောသည်။
EKN ကို ၂၀၀၉ခုနှစ်၊ ဇူလိုင်လတွင် စတင် ဖွဲ့စည်းခဲ့ပြီး ပြည်တွင်းပြည်ပရှိ ကရင် လူထုအခြေအနေကို အများသိရှိစေရန်အပြင် ဥရောပ အစိုးရအဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများက မြန်မာနိုင်ငံ ဒီမိုကရေစီ ပြောင်းလဲမှုအပေါ် ပိုမို လုပ်ဆောင်ပေးနိုင်ရန် ရည်ရွယ် ၍ ဖွဲ့စည်းထားသော ကွန်ယက်အဖွဲ့ဖြစ်သည်။



















