Home ဆောင်းပါး လမ်းဆုံးတဲ့အခါ ‌ရောက်မဲ့ရွာ

လမ်းဆုံးတဲ့အခါ ‌ရောက်မဲ့ရွာ

2731
M. ထက်‌ခေါင်

(၁)
ပြီးခဲ့သည့် မတ်လ ‌ဆောင်းပါး၌ ကျ‌နော် တစ်လနှစ်လမျှ အနားယူမည့်အ‌ကြောင်း ‌ကေအိုင်စီ ပရိဿတ်ကို အသိ‌ပေး တင်ပြခဲ့ သည်။ ကုန်လွန်ခဲ့‌သော ရက်သတ္တပတ်များအတွင်း အမြဲတ‌စေ လုပ်‌နေကျ စာ‌ရေး စာဖတ်၊ ‌ရေဒီယို နား‌ထောင်သည့် အလုပ်များထက် စိုက်ပျိုး‌ရေး ‌မွေးမြူ‌ရေးအလုပ်များ၊ ပတ်ဝန်းကျင် ရှင်းလင်းသန့်စင်‌ရေးအလုပ်များနှင့် ခရီးတိုသွားလာခြင်းများထဲတွင် ကျ‌နော် နစ်မြုတ် ‌ပျော်ဝင်‌နေခဲ့၏။ အသက်ရှူလမ်း‌ကြောင်းကို ပိုမိုပွင့်လင်း‌စေ‌သော ထိုအလုပ်များနှင့် လုံး‌ထွေး‌နေစဉ်မှာပင် ဗမာပြည်အတွင်း တိုးတက်မှု ‌ကော ဆုတ်ယုတ်မှုပါ ‌ရောပြွမ်း‌နေသည့် အ‌ပြောင်းအလဲအချို့ ဖန်တီး ဖြစ်‌ပေါ်လာသည် ကို ‌တွေ့ခဲ့ရသည်။

ကြားဖြတ်‌ရွေး‌ကောက်ပွဲ ကျင်းပပြီးစီးသွားသည့်သတင်းများ၊ ‌ကေအဲန်ယူက ၂၀၁၂ခုနှစ်အတွင်း ဒုတိယအကြိမ်အဖြစ် စစ်အုပ်စု နှင့် အပစ်အခတ်ရပ်‌ရေး သွား‌ရောက် ညှိနှိုင်း‌ဆွေး‌နွေးသည့် သတင်းများ၊ ကချင်ပြည်နယ်မှာ တိုက်ပွဲ‌တွေ မရပ်မစဲ ဆက်လက်ဖြစ်‌နေ သည့်သတင်းများ၊ စစ်အုပ်စုဝင် အရပ်သား အ‌ရေခြုံ အစိုးရ၏ လုပ်ရပ်များနှင့်ပတ်သက်၍ အ‌မေရိကန် အပါအဝင် ကမ္ဘာ့နိုင်ငံ အ‌တော် များများက ပိတ်ဆို့မှုအချို့ ရုတ်သိမ်း‌လျှော့‌ပေါ့‌ပေးပြီး ဖွံ့ဖြိုး‌ရေးအကူအညီများ ‌ပေးအပ်‌တော့မည့်သတင်းများ၊ အ‌ခြေခံလစာနည်းပါးမှုအ ‌ပေါ် ဆန္ဒပြ‌တောင်းဆိုကြသည့်သတင်းများ စသဖြင့်– စသဖြင့်။

‌ကေအိုင်စီ ဝက်ဘ်ဆိုက်မှာ စစ်အုပ်စုဘက်‌တော်သားတ‌ယောက် ‌ပေးပို့လာသည့် ‌ဆောင်ပါးတပုဒ်ကိုလည်း စိတ်အ‌နှောက်အ ယှက်ဖြစ်စွာ ‌တွေ့ခဲ့ရသည်။ လုပ်‌ဖော်ကိုင်ဖက် မိတ်‌ဆွေတဦးက
“ဒါဟာ ‌ကေအိုင်စီကို အသုံးချပြီး အမျိုးသားလူထုတရပ်လုံးနဲ့ မဟာမိတ်အဖွဲ့အစည်း‌တွေကို သက်သက်‌စော်ကားလိုက်တာပဲ။ ဒါကို အကျိုးသင့်အ‌ကြောင်းသင့် ပြန်ပြီး ‌ချေပဖို့ ခင်ဗျားမှာ တာဝန်ရှိတယ်။ နည်းနည်းက‌လေးမှ ပြန်မ‌ရေးပဲ ခင်ဗျားကြို‌ပြောထားတဲ့အ တိုင်း ခဏအနားယူလိုက်မယ်ဆိုရင်‌တော့ ဒီကိစ္စကို သိသိကြီးနဲ့ ဆရာထက် ‌ခေါင်း‌ရှောင်တာလို့ပဲ အများက မြင်ကြလိမ့်မယ်”
“မြင်လည်း မြင်ပါ‌စေဗျာ။ ဒီအ‌ကြောင်းအရာ‌ပေါ် ‌ချေပဖို့ ဆိုတာက ကျ‌နော်မှ မဟုတ်ပါဘူး။ တခြားဘယ်သူပဲ‌ရေး‌ရေးပါ။ မ‌နေနိုင်တဲ့လူက ‌ရေးလာပါလိမ့်မယ်။”

ကျ‌နော့်‌ဆောင်းပါးများမှာ ဗမာပြည်တွင်း ဖြစ်ရှိ‌နေ‌သော အ‌ခြေအ‌နေများနှင့် ပတ်သက်၍ မြင်‌တွေ့ ကြားသိရသမျှအ‌ပေါ် သ‌ဘောထား မှတ်ချက်‌ပေးရုံမည်ကာမတ္တမဟုတ်ပဲ၊ ဘယ်နှစ် ဘယ်လ ဘယ်အချိန်‌တွေမှာ ဘာ‌တွေ ဖြစ်ခဲ့သည်ဆို‌သော အ‌ကြောင်းအရာ အချက်အလက်များကို သမိုင်း‌ကြောင်းအရ ပြန်လည်ကိုးကားကိုက်ညှိနိုင်ရန် မှတ်တမ်းတင်သည့် အ‌နေဖြင့်လည်း ‌ရေးသားတင်ပြခဲ့ခြင်း ဖြစ်၍ ပြီးခဲ့‌သောလများက မ‌ဖော်ပြဖြစ်ခဲ့သည့် အ‌ကြောင်းအရာအချို့နှင့် ကျ‌နော့်ပတ်ဝန်းကျင်၏ သ‌ဘောထားအမြင်များကိုပါ အကျဉ်းမျှ ‌ဖော်ပြရန် လိုအပ်မည် ဖြစ်‌လေသည်။

(၂)
ကြားဖြတ်‌ရွေး‌ကောက်ပွဲတွင် ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် အဲန်အယ်လ်ဒီပါတီတို့ မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိလိုက်ပုံမှာ ယုတ္တိ မရှိ။ အာဏာရှိသူတို့က အတင်းအဓမ္မ အရမ်းကာ‌ရော ‌စေတနာဗရပွဖြင့် အဲန်အယ်လ်ဒီကို မဖြစ်မ‌နေ အနိုင်‌ပေးလိုက်ခြင်းသာဖြစ် ‌ကြောင်း ပြည်တွင်းပြည်ပ လူထုအများပင် သိမြင်ကြ၏။

ကြားဖြတ်‌ရွေး‌ကောက်ပွဲမတိုင်ခင်က အဲန်အယ်လ်ဒီ၏ မဲဆွယ်စည်းရုံးမှုများကို ကန့်သတ်ချုပ်ချယ်တာ‌တွေ၊ ‌ဟော‌ပြောရမည့်‌နေ ရာ ပိတ်ပင်တာ‌တွေ၊ ရုံးဆိုင်းဘုတ်ဖြုတ်ချတာမျိုး‌တွေလို အ‌နှောက်အယှက်‌ပေးမှု‌တွေ လုပ်၊ ‌ရွေး‌ကောက်ပွဲ‌နေ့အထိ မဲမသမာမှု‌တွေ လုပ် ခဲ့ပြီး မဲစာရင်း ကျခါမှ အဲန်အယ်လ်ဒီကို ရာနှုန်းပြည့်နီးပါး အနိုင်‌ပေးလိုက်သည်မှာ အ‌ကြောင်းအကျိုး ဆီ‌လျော်မှုမရှိ‌ချေ။ မဲဆန္ဒနယ် ၄၈ ‌နေရာ လစ်လပ်ရာတွင် ကချင်ပြည်နယ်ဘက်မှ ၃‌နေရာကို လုံခြုံ‌ရေးအ‌ကြောင်းပြ၍ ကျင်းပရန် ‌ရွှေ့ဆိုင်းခဲ့ပြီး ကျန် ၄၅‌နေရာ၌ စစ်ကိုင်း တိုင်း‌ဒေသကြီးတ‌နေရာတွင် အဲန်အယ်လ်ဒီကို ဝင်‌ရောက်ယှဉ်ပြိုင်ခွင့် မပြု‌သော‌ကြောင့် အဲန်အယ်လ်ဒီအ‌နေဖြင့် ၄၄‌နေရာ၌သာ ‌ရွေး ‌ကောက်ပွဲဝင်ခဲ့ရာ ရှမ်းပြည်နယ်အတွင်း တ‌နေရာမှလွဲ၍ ၄၃‌နေရာ၌ အနိုင်ရရှိခဲ့သည်။ ကြံ့ဖွံ့အဖွဲ့ ကြီးစိုးပြီး‌ပေးသမျှ ဆန္ဒမဲများအ‌ပေါ် လုပ် ချင်သလို လုပ်‌နေနိုင်‌သော ‌နေပြည်‌တော်လို ‌နေရာမျိုးမှာပင် အဲန်အယ်လ်ဒီကို အနိုင်‌ပေးခဲ့သည်မှာ အ‌ကြောင်းအရာတရပ်အ‌ပေါ် အ‌ခြေခံ ၍ တမင် လုပ်ကြံ အနိုင်‌ပေးလိုက်ခြင်းသာ ဖြစ်‌လေသည်။

လွန်ခဲ့‌သော နှစ်လသုံးလခန့် ဦးခွန်ထွန်းဦး၊ ဦးမင်းကိုနိုင်တို့ အပါအဝင် အ‌ရေးပါ‌သော နိုင်ငံ‌ရေး အကျဉ်းသား အ‌တော်များများ ကို လွှတ်‌ပေးပြ၊ တိုင်းရင်းသားအုပ်စုအချို့နှင့် အ‌ယောင်ပြ ‌ဆွေး‌နွေးပွဲ‌တွေမှာ လိုက်‌လျောမှု‌တွေ မြန်မြန်ဆန်ဆန် လုပ်ပြပြီး‌နောက် ချက် ချင်းဆိုသလို စီးပွား‌ရေးပိတ်ဆို့မှုများ ရုတ်သိမ်း‌ပေးဖို့ ‌တောင်းဆိုခဲ့သည့် လုပ်ရပ်နည်းတူ ‌ဒေါ်‌အောင်ဆန်းစုကြည်ကို ဇွတ်အတင်း အနိုင် ‌ပေးလိုက်‌သော ယုတ္တိမဲ့ ကြားဖြတ်‌ရွေး‌ကောက်ပွဲ အပြီးမှာပင် လူအများ ကြိုတင်တွက်ထားကြသည့်အတိုင်း အာစီယံအုပ်စု အစည်းအ‌ဝေး က ဗမာပြည်အ‌ပေါ် ချမှတ်ထားသည့် စန်ရှင်များအားလုံး အမြန်ရုတ်သိမ်း‌ရေး ကမန်းကတန်းထ၍ ‌တောင်းဆိုသည်ကို ‌တွေ့လိုက်ကြရ သည်။ အာစီယံအ‌နေဖြင့် အရပ်သားသမ္မတ အ‌ရေခြုံ သိန်းစိန်တို့ လာဘ်ထိုးအခွင့်အ‌ရေးပြ စည်းရုံးမှုများ‌အောက် အကျိုး‌မျှော်၍ နှိုး ‌ဆော်ကြခြင်းသာ ဖြစ်၏။ မြစ်ဆုံစီမံကိန်းကို ပြန်စလို‌နေသည့် တရုတ်ကလည်း အခွင့်အ‌ရေးရတုန်း ဝင်၍ ‌ထောက်ခံလိုက်ပြန်သည်။

‌ဒေါ်‌အောင်ဆန်းစုကြည် ‌ရွေး‌ကောက်ပွဲမှာ အတင်း အနိုင်‌ပေးခံလိုက်ရအပြီး ရက်အနည်းငယ်မှာပင် ‌ကေအဲန်ယူမှ အတွင်း‌ရေးမှူး ချုပ် ‌နော်စီဖိုးရာစိန်၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်မူတူး၊ ‌နော်‌မေဦးတို့ အ‌ယောက်၂ဝအဖွဲ့ စစ်အုပ်စုနှင့် ဒုတိယအကြိမ်‌မြောက် ‌ဆွေး‌နွေးဖို့ရန် ထွက်ခွာသွားခဲ့သည်။ ဧပြီ ၄ရက်‌နေ့ ဘားအံမှာ တရက်နားပြီး ‌နောက်တ‌နေ့ ရန်ကုန်‌ရောက်ကာ ဆီဒိုးနားမှာ ‌ပြောဆိုရှင်းလင်း‌နေတာ ‌တွေကို ဗီဒီယိုထဲမှာ ‌တွေ့ခဲ့ရသည်။

‌ကေအဲန်ယူအ‌နေဖြင့် ဒုတိယအကြိမ်‌တွေ့ဆုံခဲ့သည်မှာ ပထမအကြိမ်‌ဆွေး‌နွေးခဲ့သည့် အပစ်အခတ်ရပ်စဲ‌ရေးကိစ္စကို ပိုပြီး ‌သေချာ ‌အောင် လုပ်ခဲ့ခြင်းသာဖြစ်ပြီး ထိုကိစ္စကို ဆက်လက်‌ဆွေး‌နွေးရဦးမည် ဖြစ်‌ကြောင်း၊ ကရင်တဦးတည်း ငြိမ်းချမ်း‌ရေးရပြီး တခြား‌နေရာ‌တွေ မ‌အေးချမ်းလျှင် ငြိမ်းချမ်း‌ရေးမှာ အဓိပ္ပာယ် မရှိ‌ကြောင်း၊ ငြိမ်းချမ်း‌ရေးကို ကရင်တဦးတည်း ယူ၍မရ‌ကြောင်းများကို ကြားသိကြရသည်။

စစ်အုပ်စုသည် ရခိုင်ပြည်လွတ်‌မြောက်‌ရေးပါတီနှင့်ပါ ‌တွေ့ဆုံ‌ဆွေး‌နွေး‌နေပြီ ဖြစ်သည်။ စစ်အုပ်စု၏ ‌ခြေလှမ်း‌တွေက အ‌တော် က‌လေး သွက်သည်။ အချိန်ဆွဲတုံးက ဘာမဟုတ်သည့် အ‌ကြောင်းအရာက‌လေးများဖြင့် နှစ်‌ပေါင်းများစွာ အချိန်ဆွဲခဲ့ပြီး အမြန်အဆန် လုပ်လို‌သောအခါမှာလည်း တက်သုတ်ရိုက် အ‌ပြေးနှင်လာကြပြန်သည်။ တင်ပြ‌တောင်းဆိုသမျှ အချက်အလက်များကို သ‌ဘောတူ လိုက် ‌လျောမှုပြုသည်မှာ ယခင် ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့သည့်အခါများကလို မဟုတ်ပဲ ၎င်းတို့ရှိရင်းစွဲသဘာဝနှင့် ယုတ္တိကင်းကွာလွန်း‌နေ၊ ‌ကောင်း လွန်း‌နေသည်ကို သတိထားရမည် ဖြစ်သည်။ မည်သို့ပင်ဖြစ်‌စေ ထို‌ခြေလှမ်းများအ‌ပေါ် အ‌ကောင်းမြင်‌နေသူ‌တွေလည်း ရှိ‌နေပြီး ထို‌ခြေ လှမ်းများမှ‌နေ၍ နှစ်ဘက်ဆက်ဆံ‌ရေးရုံးများ ဖွင့်နိုင်ခြင်းလို ရလဒ်‌ကောင်းအချို့ ရရှိလာကာ ရည်မှန်းချက်အချို့လည်း ‌ပေါက်‌မြောက် ‌အောင်မြင်လာ‌နေပြီ ဖြစ်သည်။

သို့ရာတွင် ရရှိလာသည့် ‌အောင်မြင်မှု‌တွေက မည်သို့‌သော ‌အောင်မြင်မှုမျိုးပါနည်း။ မည်သူ‌တွေ၏ ‌အောင်မြင်မှုပါနည်း။
အလုပ်သမား၊ လယ်သမား အ‌ခြေခံ ပြည်သူလူထုကြီး ၏ ‌အောင်ပွဲလား။ ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် အဲန်အယ်လ်ဒီ၏ ‌အောင်ပွဲ လား။ ‌တော်လှန်‌သော တိုင်းရင်းသား လူမျိုးစုတို့၏ ‌အောင်ပွဲလား၊ စစ်အုပ်စုနှင့် အမြီးစားဖက် ‌ခေါင်းစားဖက်တို့၏ ‌အောင်ပွဲလား။

(၃)
ပုံမှန်မဟုတ်‌သော ‌ဆောင်းပါးတပုဒ်ကို ‌ကေအိုင်စီ ဝက်ဘ်ဆိုက်မှာ ‌တွေ့ရသည်။ ‌ဆောင်းပါး အ‌ကြောင်းအရာမှာ ‌ကေအိုင်အိုကို ဦးတည်ထား‌သော‌ကြောင့် ကချင်သတင်းဌာနများသို့ ပို့ရမည်ဖြစ်‌သော်လည်း ကရင်သတင်းစဉ်သို့ ပို့လာခြင်းမှာ ခဲတလုံးနှင့် ငှက်နှစ် ‌ကောင်မက မှန်သွား‌အောင် ပစ်လိုက်ခြင်းပင် ဖြစ်၏။ ထို‌ဆောင်းပါး‌ဖော်ပြစဉ်က စစ်အုပ်စုနှင့် အပစ်အခတ်ရပ်‌ရေး ဒုတိယအကြိမ် သွား ‌ရောက်‌ဆွေး‌နွေး‌နေ‌သော ‌ကေအဲန်ယူအဖွဲ့မှာ ပြန်၍ပင် မ‌ရောက်‌သေး။

‌နေ့စဉ်နှင့်အမျှ တိုက်ပွဲဆင်‌နေ‌သော ကချင်‌ဒေသနှင့်ပတ်သက်၍ ‌ကေအိုင်စီသတင်းဌာနကို ပို့လာသည့် ‌လေလုံးထွား သပ်လျှို ထိုးခွဲမှုများမှာ ယူအဲန်အက်ဖ်စီ အဖွဲ့ဝင်များအတွင်း အမြင်မရှင်းမှု အချင်းချင်း ‌သွေးကွဲမှုများကို ဖြစ်‌ပေါ်နိုင်‌လေသည်။ အခြား‌သော ဝက်ဘ် ဆိုက်များ၌ ထို‌ဆောင်းပါးကိုလည်း‌ကောင်း၊ ဖိုးစ‌နေဟူ‌သော အမည်ကိုလည်း‌ကောင်း မ‌တွေ့ရှိရ‌ချေ။ တိုင်းရင်းသားအ‌ရေး‌ကော ဒီမိုက‌ရေ စီ‌ရေးပါ လက်ခံ‌ဖော်ပြ‌နေသည့် ‌ဒေါက်တာလွဏ်း‌ဆွေ ဘ‌လော့ဂ်သို့ပင်မပို့ပဲ ‌ကေအိုင်စီသို့ ပို့လာခြင်းက‌တော့ အ‌တော်ပင် အံ့ဩဖွယ် ‌ကောင်းသည်။ ‌နောက်ရက်အနည်းငယ်ကြာ‌တော့မှ ‌သောသီခို စီ‌ဘောက်က ထုတ်‌ဖော်လိုက်‌သော ရန်သူစစ်အုပ်စု၏ ဘ‌လော့ဂ်တခုတွင် ထို‌ဆောင်းပါးကို ‌တွေ့လိုက်ရသည်။ စစ်အုပ်စုဘက်သားမှန်း ပို၍ ထင်ရှားသွား၏။

‌ဆောင်းပါးမှာ ‌ကေအိုင်အိုကို စစ်အုပ်စုထံ ဒူး‌ထောက်လာ‌အောင် ‌ရေးထား‌သော စိတ်ဓာတ်စစ်ဆင်‌ရေး ‌ဆောင်းပါးတပုဒ်သာ ဖြစ် ၏။ သို့ရာတွင် ‌ကေအိုင်အိုကိုသာမက ‌တော်လှန်‌သော တိုင်းရင်းသား အဖွဲ့အစည်းများပါ စစ်အုပ်စု၏ လက်နက်‌တွေကို ‌ကြောက်သွားဖြုံ သွား‌အောင် ‌ရေးထားသည်။

‌ကေအိုင်‌အေ‌ခေါင်း‌ဆောင်ပိုင်းက ငြိမ်းချမ်း‌ရေး မလိုချင်သည့်ဟန်မျိုး၊ ကချင်လွတ်လပ်‌ရေး တပ်မ‌တော် ‌အောက်‌ခြေတပ်သား များနှင့် ကချင်လူထုများက အလွန်ပင် ငြိမ်းချမ်းလိုကြဟန်မျိုး‌ရေးကာ ‌ကေအိုင်‌အေအတွင်း အချင်းချင်း သ‌ဘောထားကွဲမှုများဖြင့် အက် ‌ကြောင်း‌ပေါ်‌စေရန်၊ ‌ကေအိုင်‌အေကို ဖြိုခွဲရန် ကချင်လူထုနှင့်ပါ ရန်တိုက်‌ပေးထားသည်။ အမှန်က ‌ကေအိုင်‌အေနှင့် ကချင်လူထုမှာ တသားတည်း ရှိ‌နေသည်။ ဇွတ်အတင်းဝါဒဖြန့် လုပ်ကြံမှုများကို ကချင်လူထုသည် နားမ‌ယောင်တတ်‌တော့။ မိမိနယ်‌မြေ မိမိ‌ဒေသကို ကျွန်ပြုစိုးမိုးလာခြင်းမှ ကာကွယ်ရန်အတွက် အမျိုးသား‌ရေးစိတ်ဓာတ်များ နိုးကြား‌နေကြပြီ ဖြစ်သည်။ ‌အောက်‌ခြေတပ်များတွင် အမျိုးသ မီးစစ်သည်များပါ အမျိုးသား‌ရေးတာဝန်ကို တက်ကြွစွာ ထမ်း‌ဆောင်ဖို့ရန် အသင့်ရှိ‌နေကြသည်။

“ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးပွဲမှာ ‌ကေအိုင်အိုရဲ့ ‌တောင်းဆိုချက်‌တွေကို မြန်မာအစိုးရမှ လိုက်‌လျောမှု ပြုလုပ်‌ပေး‌ပေမဲ့ ‌ကေအိုင်အို ‌ခေါင်း‌ဆောင်‌တွေအ‌နေနဲ့ လက်မှတ်‌ရေးထိုးခဲ့ခြင်း မရှိခဲ့တာဟာ ငြိမ်းချမ်း‌ရေးကို လိုလားခြင်းမရှိဘူးလို့ မြန်မာအစိုးရမှ စွပ်စွဲလျက်ရှိပါ တယ်။”
‌တောင်းဆိုချက်‌တွေကိ်ု လိုက်‌လျောပါလျက်နှင့် ကချင်က လက်မှတ်မထိုးဆိုသည်မှာ မဖြစ်နိုင်။ တကယ်က အဓိက ‌တောင်းဆို ချက်ကို မလိုက်‌လျောလို့သာ လက်မှတ်မထိုး ခြင်းဖြစ်သည်။ ထိုအ‌ကြောင်း နှင့်ပတ်သက်၍ ၎င်းဆက်‌ရေးထား‌သော စာကပင် ဝန်ခံထား သည်ကို ‌တွေ့ရမည် ဖြစ်သည်။ အကျင့်ကို မ‌ဖျောက်နိုင်သူပီပီ ‌ရေးတာ‌တောင် စစ်တပ်ကို ဇန်းတင်ပြီး ‌ရေးလိုက်‌သေးသည်။

“အစိုးရစစ်တပ်မှ တပ်ရင်း‌ပေါင်း ၃၀‌ကျော် ဝိုင်းပတ် တိုက်ခိုက်မှု‌ကြောင့် ‌ကေအိုင်‌အေအ‌နေဖြင့် စစ်‌ရေးအကြပ်အတည်း ဖြစ်‌ပေါ် ‌နေ‌သော်လည်း ‌ကေအိုင်အို‌ခေါင်း‌ဆောင်ပိုင်းအ‌နေနဲ့ ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးပွဲများမှာ အပစ်အခတ် ရပ်စဲ‌ရေးကို မလုပ်လိုပဲ နိုင်ငံ‌ရေးအရ သာ ‌ဆွေး‌နွေးမှာဖြစ်‌ကြောင်း တင်းခံလျက်ရှိပါတယ်။”ဟု ‌ကေအိုင်‌အေကပင် အ‌လျှော့မ‌ပေးစတမ်း တင်းခံ‌နေသ‌ယောင် ‌ရေးထားသည်။ တကယ်က ‌ကေအိုင်‌အေ၏ ‌တောင်းဆိုမှုကို စစ်အုပ်စုက တမင်ပင် မလိုက်‌လျောခဲ့ခြင်း ဖြစ်သည်။ အခြား‌သော အဖွဲ့အစည်းများကို နိုင်ငံ ‌ရေးအရ ‌ဆွေး‌နွေးနိုင်ပါလျက် ‌ကေအိုင်အိုကို နိုင်ငံ‌ရေးအရ မ‌ဆွေး‌နွေးနိုင်သည်မှာ မည်သို့‌သော သ‌ဘောထားပါနည်း။

ထိုကိစ္စကို ၎င်းဆက်‌ရေးထား‌သော ‌ဆောင်းပါး တ‌နေရာတွင်ပင် ‌တွေ့ရသည်။
“၁၉၉၇ခုနှစ်‌လောက်မှာ တရုပ်နိုင်ငံက ‌ရောင်းချခဲ့တဲ့ တာတိုပစ် ဒုံးကျည်‌တွေကို စမ်းသပ်သုံးစွဲချင်‌နေတဲ့ မြန်မာစစ်တပ်ဟာ ‌ကေ အိုင်အိုအဖွဲ့အစည်းနဲ့ ငြိမ်းချမ်း‌ရေးမရ‌အောင် တမင်လုပ်‌နေပြီး တာတိုပစ် ဒုံးကျည်‌တွေအပြင် ကာကွယ်‌ရေးပစ္စည်း ထုတ်လုပ်‌ရေးစက်ရုံက ထုတ်လုပ်တဲ့ လက်နက်အမျိုးမျိုးကို တကယ့်စစ်‌မြေပြင်မှာ စမ်းသပ်ခွင့် ရရှိ‌အောင် လုပ်‌နေခြင်းလည်း ဖြစ်နိုင်ပါတယ်။”ဟု ဆိုထားသည်။

ဆက်လက်၍လည်း “ကချင်မှာကျသည့် မြန်မာစစ်သားအ‌ရေအတွက်မှာ မာနယ်ပ‌လော၊ ဝါခ(ဝမ်းခါ)သစ် စခန်းသိမ်းတိုက်ပွဲ ‌တွေနဲ့ ယှဉ်လိုက်လျှင် မြန်မာစစ်တပ်အ‌နေနဲ့ ထိခိုက်ကျဆုံးမှုများတယ်လို့ မဆိုနိုင်‌ကြောင်း ထိုင်းမြန်မာနယ်စပ် စစ်‌ရေးအကဲခတ်‌တွေက သုံးသပ်ကြသည်”ဟု ဆိုလိုက်ပြန်သည်။ “မြန်မာ‌တွေ မပူနဲ့၊ ဒို့လူ‌တွေ ကချင်ကို သွားတိုက်လို့ရှိရင် ဘယ်‌လောက်မှ ‌သေနိုင်မှာ မဟုတ် ဘူး။ နည်းနည်းပါးပါးပဲ ထိခိုက်‌သေ‌ကြေမှာပါ”ဟု ကိုယ့်လူ‌တွေကိုယ် အား‌ပေးလိုက်သလို၊ ကချင်အဖွဲ့ကို ကရင်‌လောက်ပင် အ‌ရေးမထား သည့်သ‌ဘော ‌ပြောလိုက်ခြင်း ဖြစ်‌လေသည်။

ကချင်မှ ထုတ်ပြန်ချက်အရ တလအတွင်း တိုက်ပွဲအချို့တွင် စစ်သား ၃၀၀‌ကျော် ‌သေဆုံးပြီး ပြီးခဲ့သည့်နှစ် ဇွန်လမှ ယခုထိ (၉) လအတွင်း ၃၀၀၀‌ကျော်မျှ ထိခိုက်‌သေဆုံးမှု ရှိသည်ဟု သိရသည်။ စိတ်ကြွ‌ဆေးများ၊ မူးယစ်ထုံထိုင်း‌ဆေးများ သုံးစွဲ‌စေကာ အတင်းထိုး တက်ခိုင်းခြင်း ဖြစ်၏။ ၉လအတွင်း ၃၀၀၀‌ကျော်‌သော အ‌ရေအတွက်ကို များသည်ဟု မဆိုလျှင် မည်သည့်အ‌ရေအတွက်ကို များသည်ဟု ဆိုမည်နည်း။

ဝမ်းခါတို့ မာနယ်ပ‌လောတို့ကို ဥပမာအဖြစ် ကိုးကားထားရာတွင်လည်း မှားယွင်း‌နေသည်။ မာနယ်ပ‌လော စခန်းသိမ်းတိုက်ပွဲဟူ သည်မှာ မရှိ။ စစ်အုပ်စုအ‌နေဖြင့် မာနယ်ပ‌လောကို အသက်‌သွေး‌ချွေး ‌ပေးဆပ်ရင်းနှီးလျက် တိုက်ယူခဲ့ရခြင်း မဟုတ်။ ‌ကေအဲန်ယူ၏ အရင်းအချာ တပ်မှူးတပ်သားများဖြစ်ခဲ့ပြီး မာနယ်ပ‌လောသို့ ဝင်‌ရောက်နိုင်မည့် အတွင်းလမ်းများကို အခြား‌သော ‌ကေအဲန်ယူတပ်မှူးများ နည်းတူ သိရှိထားသည့် ခွဲထွက်အဖွဲ့(ဒီ‌ကေဘီ‌အေ)မှာ စစ်အုပ်စုနှင့် ပူး‌ပေါင်းသွား‌သော‌ကြောင့် ‌ကေအဲန်ယူအ‌နေဖြင့် မာနယ်ပ‌လောမှ ပစ္စည်းများကို သိမ်းဆည်းကာ အ‌ဆောက်အဦများကိုပါ ကိုယ်တိုင်မီးရှို့ပြီး စနစ်တကျ စွန့်လွှတ် ဆုတ်ခွာသွားခဲ့သည့်‌နောက်ပိုင်း ဒီ‌ကေဘီ ‌အေကို ‌ရှေ့တန်းတင် လမ်းညွှန်‌စေလျက် စစ်အုပ်စုက ဒီ‌ကေဘီ‌အေ၏ ‌နောက်မှ‌နေ၍ မာနယ်ပ‌လောသို့ ဝင်‌ရောက်ခဲ့ရခြင်းဖြစ်သည်ကို ပုဂ္ဂိုလ်အချို့ ‌ရေးသားထား‌သော အ‌တွေ့အကြုံများနှင့် အဖွဲ့အစည်းအချို့၏ သမိုင်းမှတ်တမ်းများတွင် ‌တွေ့ရှိနိုင်မည် ဖြစ်သည်။

မာနယ်ပ‌လောကို စစ်အုပ်စုက တိုက်ယူခဲ့ရခြင်း မရှိ‌ချေ။ မာနယ်ပ‌လောကို မဆိုထားနှင့် ‌ခွေးအိပ်‌တောင်နှင့် ကုလားမ‌တောင် တို့၏ ခပ်လှမ်းလှမ်းတွင် အ‌လောင်းချင်းထပ်‌အောင် ရင်းခဲ့ကြသည့်တိုင် အနားသို့ပင် မကပ်နိုင်ခဲ့သည့်အဖြစ်ကို နဂါးမင်းစစ်ဆင်‌ရေးမှာ ပါဝင်ခဲ့သူတို့အား ပြန်၍ ‌မေးကြည့် နိုင်ကြမည် ဖြစ်သည်။ ဝမ်းခါကို အဓိက တိုက်ခိုက်သူများမှာလည်း စစ်အုပ်စုနှင့် ပူး‌ပေါင်းခဲ့‌သော ဒီ‌ကေဘီ‌အေများသာ ဖြစ်‌လေသည်။ စစ်အုပ်စု၏တပ်များကို ပစ်ခတ်ရန် လက်မရွံ့‌သော်လည်း ကရင်အချင်းချင်း မပစ်ခတ်လို‌သော အမျိုးသား‌ရေးစိတ်ဓာတ်‌ကြောင့် ဝမ်းခါကို လက်လွှတ်ခဲ့ခြင်း ဖြစ်၏။

ကချင်နယ်‌မြေသည် ‌ကေအိုင်အို၏ ဇာတိနယ်‌မြေ ဖြစ်၏။ မိမိနယ်‌မြေကို ထိပါးကျူး‌ကျော်လာသူတို့အား ကချင်လူထုသည် မည်မျှအထိ သည်းခံလိမ့်မည်နည်း။ ဒုက္ခသည် အ‌ရေအတွက် ‌သောင်းချီရှိလာသည့်တိုင် ဆက်လက် ‌စော်ကားတိုက်ခိုက်‌နေသူတို့ကို ကချင်သည် မည်သို့တုံ့ပြန်မည်နည်း။ မဟာမိတ် အဖွဲ့အစည်းများကလည်း ကချင်ကို မည်သို့ပံ့ပိုးကြမည်နည်း။ ဆက်လက် မြင်‌တွေ့ကြရ မည် ဖြစ်သည်။

“‌ကေအိုင်‌အေ ‌ခေါင်း‌ဆောင်‌တွေအ‌နေနဲ့ ‌ကေအိုင်‌အေက လုပ်ထားတဲ့ ‌လေ‌ကြောင်းရန် ကာကွယ်‌ရေးလက်နက်‌တွေဟာ MI-35 နဲ့ MIG-29 ‌တွေကို တုန့်ပြန်နိုင်စွမ်း ရှိပြီလား။” ဆို‌သော စစ်အုပ်စုဒလံ၏ အ‌မေးကို‌တော့ ကချင်နယ်‌မြေ ပန်ဝါသို့ ကျူး‌ကျော်တိုက်ခိုက် လာသည့် စစ်အုပ်စု၏ ရဟတ်ယာဉ်များအား ကချင်က ပစ်ချလိုက်သည့်သတင်းက ထို‌ဆောင်းပါး‌ဖော်ပြပြီး ရက်အနည်းငယ် အတွင်းမှာ ပင် အ‌ဖြေ‌ပေးလိုက်သည်။ တစင်းမှာ ပန်ဝါ၌ပင် ပစ်ချခြင်းခံလိုက်ရပြီး သုံးစင်းက‌တော့ ၎င်းတို့ အ‌ခြေစိုက်စခန်းသို့ ပြန်လည်‌ရောက်ရှိမ လာ‌တော့ပဲ ‌ပျောက်ဆုံးသွားသည့်သတင်း။

ထိုသတင်းမျိုးမှာ ဗမာပြည်သား အချင်းချင်း စစ်ခင်းရသည့်ပွဲတွင် အ‌ကြောက်‌ကြောက်အလန့်လန့် အပိုင်းပိုင်းအပြတ်ပြတ် မချိမ ဆန့် ‌သေ‌ပျောက်သွားကြရ‌သော စစ်အုပ်စုဘက်သားများနှင့် ၎င်းတို့၏ ကျန်ရစ်သူ မိသားစုများအတွက် ကရုဏာသက်ဖွယ် ဖြစ်‌သော် လည်း ၎င်းတို့စစ်အုပ်စုလက်‌အောက် နှစ်ရှည်လများ အဖိနှိပ်ခံ‌နေကြရ‌သော လူမျိုးစုံ တိုင်းရင်းသား ပြည်သူလူထုကြီးအတွက်မှာမူ ဝမ်း ‌မြောက်အားရဖွယ် နားဝင်ပီယံရှိလှသည့် သတင်းမျိုးပင် ဖြစ်‌လေသည်။ စစ်အုပ်စု၏ သတင်းစာများက‌တော့ ထုံးစံအတိုင်း ထိုသတင်းကို ‌ဖော်ပြမည် မဟုတ်။ စစ်အုပ်စုသည် ၎င်းတို့တပ်များ ထိခိုက်ကျဆုံးသည့်သတင်း၊ ၎င်းတို့ စစ်လက်နက်ပစ္စည်းများ ပျက်စီးဆုံးပါးသည့် သတင်းများကို မည်သည့်အခါကမျှ အမှန်အတိုင်း မ‌ကြေညာခဲ့‌ချေ။

“အတင်းအဓမ္မ စု‌ဆောင်းထားတဲ့ ‌ကေအိုင်‌အေတပ်သားသစ်‌တွေက စစ်‌ရေးအ‌တွေ့အကြုံများတဲ့ မြန်မာစစ်တပ်ရဲ့တပ်မကြီး‌တွေ နဲ့ ရင်ဆိုင်တိုက်ခိုက်နိုင်ပါ့မလား။”ဟုလည်း ၎င်းက ‌သွေးတိုးစမ်းထားပြန်သည်။ အမျိုးသား‌ရေးဆိုသည်မှာ အတင်းအဓမ္မ စစ်သားစု ‌ဆောင်းစရာ မလို‌ချေ။ တအိမ်တ‌ယောက် ပါဝင်ဖို့ရန် စနစ်တကျ‌ပြောဆို ‌ကောက်ခံခြင်းသာ ရှိမည် ဖြစ်သည်။ တအိမ်မှာတ‌ယောက် ‌တောင်မှ ဝင်ဖို့ မအားသည့် အိမ်အချို့ ရှိနိုင်သလို တအိမ်ကိုတ‌ယောက်မက ဝင်ကြသည့် အိမ်‌တွေလည်း ရှိ‌နေ‌ပေလိမ့်မည်။ “စစ်‌ရေးအ ‌တွေ့အကြုံများတဲ့ မြန်မာစစ်တပ်ရဲ့ တပ်မကြီး‌တွေ”ဟု မဟားဒယား ဖြဲ‌ခြောက်ထားပုံက‌လေးက‌တော့ အ‌ကြောင်းမသိသူ‌တွေအဖို့ ကြက် သီးထချင်စရာပင် ဖြစ်၏။ တကယ်‌တော့ စစ်အုပ်စု၏ တပ်များမှာ လူ့အခွင့်အ‌ရေး ချိုး‌ဖောက်ရာတွင်လည်း‌ကောင်း၊ အမျိုးသမီးများနှင့် က‌လေးငယ်များ အပါအဝင် လက်နက်မဲ့ အရပ်သားများအ‌ပေါ် အနိုင်ကျင့် နှိပ်စက်သတ်ဖြတ်ရာတွင်လည်း‌ကောင်း အ‌တွေ့အကြုံ များပြား ‌သော်လည်း လက်နက်ရှိသူများနှင့် ရင်ဆိုင်ရာမှာ‌တော့ အလွန်ပင် သူရဲ‌ဘော‌ကြောင်တတ်၊ ‌ကြောက်ဒူးတုန်တတ်‌သော လက်ကိုင်တုတ် တပ်များသာဖြစ်‌ကြောင်း ကမ္ဘာက သိထား‌လေသည်။

“ယခင်စနစ်‌ဟောင်းအတိုင်း ‌ခြေလျင်တပ်‌တွေ အရင်တက်မသိမ်းပဲ လိုင်ဇာဌာနချုပ်က ပစ်မှတ်ကို အတိအကျ ပစ်နိုင်တဲ့ တာတို ပစ် ‌ရော့ကက်‌တွေနဲ့တိုက်ခိုက်လာရင် ‌ကေအိုင်‌အေ ဘယ်လို တုန့်ပြန် တိုက်ခိုက်မှာလဲ။” တိုင်းရင်းသား‌ဒေသများသို့ ထိုးစစ်ဆင်တိုင်း အ‌ဝေးမှ‌နေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီးမှ တက်လာရဲ‌သော မြန်မာစစ်တပ်၏ လုပ်ရပ်မှာ နှစ်‌ပေါင်းသုံး‌လေးဆယ်မက ကြာခဲ့ပြီဖြစ် သည်။ ထိုသို့ပြုမူခြင်းဖြင့် ‌တော်လှန်‌ရေးနယ်‌မြေအတွင်း မိမိတို့ရွာများ၌ မိရိုးဖလာ ဓားမဦးချ လုပ်ကိုင်‌နေထိုင်လာခဲ့ကြ‌သော ရွာသူရွာ သားများ၊ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးနှင့် က‌လေးငယ်များ အပါအဝင် တိုင်းရင်းသား လူထုအများအပြား အိုးအိမ်စွန့်ခွာထွက်‌ပြေးကြ ရပြီး နယ်စပ်‌ဒေသ ဒုက္ခသည်စခန်းများ ထူ‌ထောင်ခိုလှုံကြရ‌လေသည်။ အ‌ဝေးမှလှမ်း၍သာ လက်နက်ကြီးဖြင့် ပစ်ခတ်ရဲ‌သော ရန်သူ၏ လုပ်ရပ်များကို ရင်ဆိုင်ဖြိုဖျက်ရန်အတွက် ‌ကေအိုင်‌အေတွင် လုံ‌လောက်‌သော အ‌တွေ့အကြုံများ ရှိထားပြီး ဖြစ်၏။

“တကယ်တမ်း မြန်မာစစ်တပ်က ‌ကေအိုင်အိုကို အမြစ်ပြတ် ‌ချေမှုန်းလာရင် တရုတ်နိုင်ငံက ဘယ်ဘက်က ရပ်တည်မလဲ။” “မြန် မာ အ‌မေရိကန် ဆက်ဆံ‌ရေး ‌ပြေလည်သွားရင် လိုင်ဇာမှာရှိ‌နေတဲ့ စီအိုင်‌အေအဖွဲ့‌တွေ ဘာဆက်လုပ်မလဲ။”ဆို‌သော နိမိတ်ပြ‌မေးခွန်းက ‌လေး‌တွေကိုလည်း မသိသားဆိုးရွားစွာ ‌မေးထားပြန်သည်။ တရုတ်မှာ သူ့စီးပွား‌ရေးနှင့် သူ့နယ်‌မြေ မထိပါး‌စေ‌ရေး‌လောက်သာ ဂရုစိုက် လိမ့်မည် ဖြစ်သည်။ ကမ္ဘာအနှံ့ရှိ‌နေမည် ဖြစ်သည့် စီအိုင်‌အေက‌တော့ သူ့အလုပ်သူ ပို‌နေမြဲကျား‌နေမြဲ ဆက်လုပ်‌နေ‌ပေလိမ့်မည်။

“‌ကေအိုင်‌အေ ‌ခေါင်း‌ဆောင်ပိုင်းမှာလည်း ကချင်ပြည်သူနဲ့ ‌အောက်‌ခြေက တပ်ဖွဲ့‌တွေရဲ့ ငြိမ်းချမ်း‌ရေး ရယူချင်တဲ့ဆန္ဒကို မသိသ လို ဆက်လက် ဟန်‌ဆောင်‌နေနိုင်ပါ့မလား။ စတဲ့ ‌မေးခွန်း‌တွေနဲ့အတူ တရုတ်နဲ့ အ‌မေရိကန်ကြား ဗျာများ‌နေတဲ့ ‌ကေအိုင်အို အဖွဲ့အစည်း ဟာ မြန်မာအစိုးရနဲ့ ငြိမ်းချမ်း‌ရေးလမ်း‌ကြောင်းမှာ ဘယ်လိုဆက်‌လျှောက်မလဲဆိုတာ စိတ်ဝင်စားစရာ ‌ကောင်းပါတယ်”ဟု ‌ရေးထား‌လေ သည်။
‌ကေအိုင်အိုသည် မည်သူနှင့် မည်သူ့ကြားမှာမှ ဗျာများခြင်း မရှိ။ မိမိ၏ရပ်တည်ချက်အ‌ပေါ်တွင် တည့်မတ်ခိုင်ကျည်စွာ ရပ်တည် တတ်သည့်အတိုင်း ငြိမ်းချမ်း‌ရေးကိစ္စကို တရားနည်းလမ်းတကျ မှန်ကန် စွာ ကြိုးပမ်းရယူသွားလိမ့်မည်သာ ဖြစ်သည်။ စစ်အုပ်စုအ‌နေဖြင့် မည်သည့်အဖွဲ့အစည်းနှင့်မဆို နိုင်ငံ‌ရေးပြဿနာကို နိုင်ငံ‌ရေးနည်းအရ မ‌ဆွေး‌နွေး မ‌ဖြေရှင်းနိုင်လျှင် စစ်မှန်‌သော ငြိမ်းချမ်း‌ရေးကို ရရှိနိုင် လိမ့်မည် မဟုတ်‌ချေ။

(၄)
စစ်အုပ်စုနှင့် အပစ်ရပ်‌ရေး ဒုတိယမ္ပိ‌ဆွေး‌နွေးပွဲကို သွားစဉ်ရက်များအတွင်း ‌ကေအိုင်စီက ‌နော်အုန်းလှနှင့် ‌တွေ့ဆုံခဲ့သည့် ဗီဒီယို အင်တာဗျူး၌ ‌နော်အုန်းလှ၏ သ‌ဘောထားအမြင်များကို ကြားသိရသည်။ အမျိုးသား‌ရေးအတွက် ကြိုးပမ်း‌ဆောင်ရွက်ရင်း သက်တမ်းရှည် စွာ ရပ်တည်နိုင်ခဲ့‌သော ‌ကေအဲန်ယူကို ‌လေးစားချီးကျူး‌ကြောင်း ‌နော်အုန်းလှ ဆို၏။ အစိုးရနှင့် ‌တွေ့ဆုံ ‌ဆွေး‌နွေးရာမှာ သတိထားဖို့လို ‌ကြောင်း၊ အစိုးရအ‌နေဖြင့် တိုင်းရင်းသားလူမျိုးစု‌တွေအ‌ပေါ် ‌စေတနာမှန်ကန်ဖို့ လိုအပ်‌ကြောင်း၊ အစိုးရ ‌စေတနာ မှန်မမှန် ‌စောင့်ကြည့်ရ ဦးမည်ဖြစ်‌ကြောင်းများ ‌နော်အုန်းလှ ‌ပြောသွားခဲ့သည်။

ဩစ‌တြေးလျ ကရင်အမျိုးသားအဖွဲ့အစည်း (AKO) မှ ဥက္ကဌ ‌စောလွင်ဦးနှင့် ဒုဥက္ကဌ မန်း‌အော်လန်ဒိုတို့၏ သ‌ဘောထားအမြင် များကိုလည်း you tube တွင် ‌တွေ့မြင် ကြားသိကြရသည်။ ‌အေ‌ကေအိုအ‌နေဖြင့် ဦးသိန်းစိန် အစိုးရက အပစ်အခတ်ရပ်စဲ‌ရေးကို ‌စေတနာ မှန်ဖြင့် ‌ဆောင်ရွက်‌နေသည်ဟု မထင်။ နိုင်ငံတကာ အမြင်‌ကောင်း‌စေရန်အတွက်လည်း‌ကောင်း၊ ‌ဒေါ်‌အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံ နိုင်ငံ‌ရေးသမားတို့၏ တိုက်တွန်း‌တောင်းဆိုမှုများကို လိုက်‌လျောပြကာ ၎င်းတို့ လက်ငင်း ကြုံ‌တွေ့‌နေကြရသည့် အကြပ်အ တည်းများမှ ထွက်‌ပေါက်ရ‌ရေး စန်ရှင်များ ရုတ်သိမ်း‌ပေးရန် ‌တောင်းဆိုလို၍လည်း‌ကောင်း အ‌ယောင်ပြ လုပ်‌ဆောင်လာခြင်းဟုသာ မြင် သည်။ တိုင်းရင်းသားများအ‌ရေး၊ တန်းတူ‌ရေး၊ နိုင်ငံ‌ရေးပြဿနာများ‌ကြောင့် ပြည်တွင်းစစ်ဖြစ်လာရသည်။ ပြည်တွင်းစစ်ကို နိုင်ငံ‌ရေးအရ ‌ဖြေရှင်းရာတွင် ကရင်အမျိုးသားများ ‌နောက်ထပ်တဖန် ရန်သူ့ အလိမ်အညာ မမိ‌စေ‌ရေး ‌အေ‌ကေအိုက တိုက်တွန်းသည်။ လက်ရှိအ‌ခြေ အ‌နေတွင် မိမိတို့အ‌နေဖြင့် နိုင်ငံ‌ရေးအရ အသာစီးရ‌နေတာကို သိရှိထားဖို့ လိုအပ်‌ကြောင်းလည်း ‌ပြောသည်။

ဗမာပြည်တွင်းမှာ လုပ်ခလစာ မညီမျှခြင်း၊ အိမ်ယာခြံ‌မြေများ လယ်ယာ‌မြေများ အသိမ်းဆည်းခံရခြင်းတို့ဖြင့် အလုပ်သမား လယ်သမားတို့ တစထက်တစ ချွတ်ခြုံကျကာ နည်းမျိုးစုံဖြင့် ပြည်ပထွက် ကျွန်ခံလုပ်ကိုင်ကြရသည့် အဖြစ်များသာမက တိုင်းရင်းသားတို့ နယ်‌မြေအတွင်း ‌ရေကာတာများ ‌ဆောက်၊ စစ်တပ်က အဓမ္မလုပ်အား‌ပေးများ‌ခေါ်၊ လယ်သိမ်း‌မြေသိမ်း၊ မိန်းမနှင့်က‌လေးများ အပါအဝင် အရပ်သားများကို သတ်ဖြတ်‌စော်ကား စသည့်လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှုများ‌ကြောင့် ကမ္ဘာ့နိုင်ငံများ၏ ဖိအား‌ပေးမှုများကို ခံ‌နေခဲ့ရ ‌သော စစ်အစိုးရအ‌နေဖြင့် ၎င်းတို့ ဆက်လက် ရပ်တည်နိုင်‌ရေး အခက်အခဲ အကြပ် အတည်း‌တွေ့လာရသည်။ ‌နေရာအချို့၌ တပ်တွင်း မ‌ကျေနပ်မှုများလည်း ‌ပေါ်‌ပေါက်လာခဲ့သည်။

ထို့‌ကြောင့် ကမ္ဘာ့နိုင်ငံကြီးများက စီးပွား‌ရေးပိတ်ဆို့မှု၊ သံတမန်‌ရေး အဆက်အသွယ်ဖြတ်‌တောက်မှု၊ လူမှု‌ရေးစာနာမှု အကူအညီ များ၊ ဖွံ့ဖြိုးတိုးတက်‌ရေး အကူအညီများ ဆိုင်းငံ့မှုတို့ဖြင့် စန်ရှင်များ ချမှတ်ထားသည်ကို ရုတ်သိမ်း‌ပေး‌စေရန်အတွက် ‌ဒေါ်‌အောင်ဆန်းစု ကြည်ကို အကျယ်ချုပ်က လွှတ်‌ပေးသည်မှစ၍ ပါတီမှတ်ပုံတင်ကာ ကြားဖြတ် ‌ရွေး‌ကောက်ပွဲဝင်လျက် လွှတ်‌တော်တွင်း ပါဝင်လာ‌စေ သည်အထိလည်း‌ကောင်း၊ ၈‌လေးလုံး မျိုးဆက်‌ကျောင်းသား‌ခေါင်း‌ဆောင်အ‌တော်များများနှင့် အထင်ကရ နိုင်ငံ‌ရေးသမားအချို့ကို လွှတ် ‌ပေးပြခြင်းဖြင့်လည်း‌ကောင်း၊ တိုင်းရင်းသားအဖွဲ့အစည်းအချို့နှင့် အပစ်အခတ်ရပ်‌ရေး ‌ဆွေး‌နွေး သ‌ဘောတူမှုများ ရယူ၍လည်း‌ကောင်း အ‌ပြောင်းအလဲအချို့ကို လုပ်ပြပြီး ပိတ်ဆို့ထား‌သော စန်ရှင်များကို ရုတ်သိမ်း‌ပေးဖို့ရန် ‌တောင်းဆိုခဲ့သည်။

၎င်းတို့နှင့် ပူး‌ပေါင်းလုပ်‌ဆောင်‌နေ‌သော ‌ဒေါ်‌အောင်ဆန်းစုကြည်၏ မျက်နှာဖြင့် ကမ္ဘာ့နိုင်ငံ အ‌တော်များများက စန်ရှင်အချို့ကို ရုတ်သိမ်း‌ပေးခဲ့ကြသည်။ ကမ္ဘာ့ဘဏ်ကလည်း ဗမာပြည်နှင့် ဆက်ဆံမှုများ ပြန်လုပ်ရန် ဗမာပြည်ထဲ ရုံးလာဖွင့်ဖို့ပြင်‌နေပြီး ဂျပန်ကလည်း ဖွံ့ဖြိုးတိုးတက်‌ရေးအတွက် အကူအညီများ ပြန်လည်‌ပေးဖို့ရန် စဉ်းစားလာကြသည်။ အချို့က ၎င်းတို့ရရန်ရှိ‌သော အ‌ကြွေးများကို ‌လျှော် ပစ်နိုင်‌သော်လည်း အချို့က‌တော့ သန်းရာနှင့်ချီ‌သော အ‌ကြွေးများကို မ‌လျှော်ပစ်နိုင်။ ‌ကြွေး‌ဟောင်း‌ကြေမှ ‌ကြွေးသစ်ပြန်ချ‌ပေးမည် ဖြစ် သည်။ ထိုအ‌ခြေအ‌နေတွင် စစ်အုပ်စုမှာ ကမ္ဘာက ၎င်းတို့အ‌ပေါ် စန်ရှင်များ ‌လျှော့‌ပေါ့ပြီး အ‌ထောက်အကူများ ရလာ‌စေ‌ရေး ဒီမိုက‌ရေစီ ‌ရေး အဖွဲ့အစည်းများနှင့်လည်း‌ကောင်း၊ တိုင်းရင်းသား ‌တော်လှန်‌ရေး အဖွဲ့အစည်းများနှင့်လည်း‌ကောင်း လိုက်လိုက်‌လျော‌လျော ဆက်ဆံ မှုများကို ဆက်လုပ်‌နေဦးမည် ဖြစ်သည်။ ထိုအ‌နေအထားအ‌ပေါ် မိမိတို့အ‌နေဖြင့် ထိ‌ရောက်စွာ အသုံးချနိုင်ဖို့ လိုသည်။ ဥက္ကဌ ‌စောဘဦး ကြီး ‌ပြောဆိုခဲ့‌သော ‌တော်လှန်‌ရေး ‌အောင်မြင်နိုင်မည့် နည်းလမ်းသုံးခုတွင် တိုက်ယူခြင်း၊ ရန်သူက ‌စေတနာပြဌာန်းပြီး သူ့အလိုအ ‌လျောက် ‌ပေးလာခြင်းတို့မှာ ‌လော‌လောဆယ် အ‌ခြေအ‌နေနှင့် အံမဝင်ပဲ ၎င်းတို့၏ လုပ်ရပ်များ‌ကြောင့် နိုင်ငံတကာက ဖိအား‌ပေးလာ သည့်အ‌ပေါ်တွင် အကျိုးရှိ‌အောင် လှုပ်ရှား‌ဆောင်ရွက်ကြရမည်။ စစ်အုပ်စု၏ အ‌တွေ့အကြုံ ရင့်ကျက်‌နေပြီဖြစ်‌သော သံခင်းတမန်ခင်း ဆက်ဆံ‌ရေးများအကြား အငိုက်မိ ‌ကျေနပ်‌နေ၍ မဖြစ်ဟု ‌အေ‌ကေအိုက ဆို‌လေသည်။

(၅)
‌နောက်‌ကြောင်းပြန်မလှည့်နိုင်‌သော ‌ခြေလှမ်းကို လှမ်းဖို့ရန် ကြိုးပမ်းမှုများမှာ ‌ရေရာခြင်း မရှိ‌သေး‌ပေ။ အချိန်မ‌ရွေး ‌နောက် ‌ကြောင်းသို့ ပြန်လှည့်သွားနိုင်သည့် အ‌နေအထားရှိ‌နေ၏။ ‌ဒေါ်‌အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း စစ်အုပ်စု၏ သ‌ဘောထားကို အာမ မခံနိုင်။ သူကိုယ်တိုင်ပင် သူ့ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ မယုံမရဲဖြစ်ရ‌ကြောင်း မကြာခဏ ထုတ်‌ဖော်‌ပြောဆို‌သော စကားများတွင် ‌တွေ့ရသည်။ အချို့‌သော ဆုံးဖြတ်ချက်နှင့် လုပ်ရပ်များကို စွန့်စားမှုဟု ဆိုသည်။ အရင်းအနှီး များပြား‌သော စွန့်စားမှုကြီးများ ဖြစ်‌လေ သည်။

အ‌ခြေခံဥပ‌ဒေကို ထိန်းသိမ်းကာကွယ်‌စောင့်‌ရှောက်ပါမည် ဆို‌သော စကားအစား ‌လေးစားလိုက်နာ ပါမည် ဟူ‌သော စာသားသို့ ပြင်ရန် ‌တောင်းဆိုမှုကိုပင် အရပ်ဝတ်အ‌ရေခြုံ စစ်အစိုးရက မလိုက်‌လျောခဲ့‌ချေ။ ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် အဲန်အယ်ဒီကသာ မိမိ ‌တောင်းဆိုချက်ကို မိမိ ရုတ်သိမ်း၍ ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။ ထိုသို့ရုတ်သိမ်းခဲ့သည်ကိုပင် ကမ္ဘာ့နိုင်ငံအချို့က သတ္တိရှိ‌သော သ‌ဘော ထားကြီး‌သော လုပ်ရပ်အဖြစ် ဝိုင်းဝန်း‌ထောက်ခံလိုက်ကြပြန်သည်။ ပြည်သူကလည်း ‌တော်ကြာ ကန့်ကွက်‌တောင်းဆို၊ ‌တော်ကြာ အ‌လျော့‌ပေး လိုက်‌လျော၊ ‌တော်ကြာအဖျားရှူး ရုတ်သိမ်း စသည့်လုပ်ရပ်များအကြား အဆင်‌ပြေသလို လိုက်ပြီး ‌ထောက်ခံ‌နေကြရသည်။

‌ဒေါ်‌အောင်ဆန်းစုကြည် အ‌နေဖြင့် သူရည်ရွယ်ထားသည့် ကိစ္စရပ်များကို ဆုတ်နစ်ခြင်းမရှိ အ‌ကောင်အထည်‌ဖော်နိုင်ဖို့ရန် လိုအပ်သည်။ တရားဥပ‌ဒေအထက်မှ စစ်အုပ်စု ရှိ‌နေ‌သော ဗမာပြည်တွင် စစ်မှန်‌သော တရားဥပ‌ဒေစိုးမိုး‌ရေးမှာ အ‌ရေးတကြီး လိုအပ်‌နေ ‌သော အချက်ဖြစ်သည်။ ဖွဲ့စည်းပုံအ‌ခြေခံ ဥပ‌ဒေကို တိုင်းရင်းသားပြည်သူလူထုတရပ်လုံး၏ ဆန္ဒနှင့် ကိုက်ညီ‌အောင် လိုတိုးပို‌လျှော့ ပြုပြင်‌ရေးဆွဲနိုင်‌ရေးမှာလည်း အတိုက်အခံပါတီအချို့နှင့် စစ်ဗိုလ်တမတ်သားကို စည်းရုံး၍ရသည့်တိုင် လွှတ်‌တော်တွင်း အခက်အခဲများစွာ ‌တွေ့ကြုံရဦးမည် ဖြစ်သည်။ စိတ်ပျက်အား‌လျှော့၍ မရ။ အ‌လျှော့‌ပေး ရုတ်သိမ်း၍ မရ။

နှစ်‌ပေါင်း ၂၀‌ကျော်မျှ အ‌ကြောက်တရား ဖုံးလွှမ်းနှိပ်စက်မှု‌အောက် ပိပြား‌နေခဲ့ကြရ‌သော လူထု‌တွေမှာ ဒီမိုက‌ရေစီ ရှာပုံ‌တော်ဖွင့် ‌နေဆဲ လည်သူစားတမ်း‌ခေတ်ကြီးထဲတွင် အကျင့်ပျက်ချစားမှုများဖြင့် ယဉ်ပါး အသားကျစွာ အလူးလူး အလိမ့်လိမ့် လိုက်ပါစီး‌မျောကြရဦး မည် ဖြစ်၏။ နိုင်ငံရပ်ခြားတွင်သာ ရှိခဲ့ပြီး ဗမာပြည်တွင် မည်သည့်အခါကမျှ မ‌ပေါ်‌ပေါက်ခဲ့ဖူးသည့် အလုပ်သမားတို့အ‌ပေါ် ‌ခေါင်းပုံဖြတ်မှု သည်လည်း စစ်အုပ်စု၏ ဒီမိုက‌ရေစီ‌ခေတ်တွင် ‌ပေါ်‌ပေါက်လာခဲ့ပြီ ဖြစ်သည်။ တ‌နေ့လျှင် ၁၄နာရီမှ ၁၈နာရီအထိ လုပ်ကိုင်‌ပေးကြရပြီး လစာအားဖြင့် တစ်‌သောင်းခွဲ မှ ငါး‌သောင်း‌ကျော်‌လောက်သာ ရရှိကြ‌သော စက်ရုံ အလုပ်ရုံ ဝန်ထမ်းတို့၏ နစ်နာမှုများနှင့် အ‌ထွေ‌ထွေ ပြဿနာများ ‌ပေါ်‌ပေါက်ခဲ့ပြီး ဆန္ဒပြပွဲများလည်း ‌ပေါ်‌ပေါက်လာခဲ့သည်။

‌မှော်ဘီ ‌မြောင်းတကာ ကိုရီးယားပိုင် သံမဏိစက်ရုံ အလုပ်သမားများ၏ ဆန္ဒပြ‌တောင်းဆိုမှု၊ ‌တော်ဝင်မြန်မာ အထည်ချုပ်စက်ရုံ၊ မြန်မာဆန်နီ အထည်ချုပ်စက်ရုံများမှ အလုပ်သမားများနှင့် ဇာထိုးပန်းထိုးလုပ်သား ၁၀၀၀‌ကျော် ဆန္ဒပြ‌တောင်းဆိုမှု။ လှိုင်သာယာစက်မှုဇုံ အတွင်း စက်ရုံ (၁၁)ရုံက သပိတ်‌မှောက် ဆန္ဒပြ ‌တောင်းဆိုမှုများ ‌ပေါ်‌ပေါက်လာခဲ့သည်။

ပြင်ဦးလွင်၊ မဂင်္လာဒုံ ‌ရွှေနံ့သာ၊ မုံ‌ရွေး ‌ကြေးနီစီမံကိန်း စသည် စသည်တို့မှ ‌မြေသိမ်းခံ လယ်သမားများ၏ ကြိတ်မနိုင်ခဲမရ တက် ‌ခေါက်သံများကို ဗမာပြည်သူ‌တွေ ကြားလာသိလာရပြီ ဖြစ်သည်။ လယ်သမားတို့၏ လယ်‌မြေများကို မတရားသိမ်းယူခြင်းသာမက လယ် ယာ‌မြေလုပ်ကိုင်‌နေကြသည့် ‌ဒေသအနီးမှာ အ‌ခြေစိုက်‌နေ‌သော စစ်တပ်က လယ်ယာလုပ်ကိုင်သူများထံမှ နှစ်စဉ်သီးနှံခွန်‌တွေ ‌ကောက်ခံ ‌နေတာလည်း ရှိသည်။ ပိုးကျ၍ လယ်ယာ‌မြေများ ပျက်စီးကာ သီးနှံများလည်း အထွက်နှုန်း မ‌ကောင်း‌သော‌ကြောင့် မ‌ပေးနိုင်‌ကြောင်း အစီရင်ခံ တင်ပြသည့်နှစ်မှာ‌တော့ လယ်ယာများကို လာ‌ရောက်ဖျက်ဆီးပြီး လယ်ယာ‌မြေများကို အနိုင်ကျင့် သိမ်းယူကြသည်။ ယ‌နေ့ ဗမာပြည်က စစ်တပ်အများစုမှာ ပြည်သူလူထု၏ တပ်မ‌တော် မဟုတ်‌တော့ပဲ လူထုကို ဖိနှိပ်‌စော်ကား အနိုင်ကျင့်‌သော လူထုရန်သူတပ်မ ‌တော်အဖြစ် တစထက်တစ ‌ပြောင်းလဲလာ‌နေပြီဖြစ်သည်။ ဒီမိုက‌ရေစီ အသွင်ကူး‌ပြောင်း‌ရေးကာလအဖြစ် လူအများ နားလည်‌နေကြ‌သော ယခုအချိန်တွင် ဒီမိုက‌ရေစီနှင့် အံမဝင်‌တော့သည့် လုပ်ရပ်များ‌ကြောင့် လယ်သမားများက မိမိတို့ နစ်နာချက်များကို ‌ဖော်ထုတ် ဆန္ဒပြရာ တွင်လည်း ဆန္ဒပြသူများကို တားဆီး ပိတ်ပင်ခဲ့ကြသည်။ ဆန္ဒပြခွင့်မရှိ၊ ဖမ်းဆီး‌ထောင်ချနိုင်သည်ဟုဆိုကာ ပိုစတာဆိုင်းဘုတ်‌တွေ ပြန် သိမ်းခိုင်းပြီး ‌မောင်းထုတ်သည့်အဖြစ်‌တွေလည်း ရှိသည်။ ‌ပြေလည်‌အောင် ‌ဖြေရှင်းမ‌ပေး‌သော‌ကြောင့် မ‌ကျေမနပ်ဖြစ်ရ‌သော လယ်သ မားထု၏ တအုံ‌နွေး‌နွေး‌ဒေါသမှာ ‌ပေါက်ကွဲခွင့်မရ‌သော အ‌ခြေအ‌နေတွင် ငုတ်လျှိုး‌နေ‌ပေသည်။

အလုပ်သမားဆန္ဒပြပွဲက‌လေးများ၊ လယ်သမား လှုပ်ရှား‌တောင်းဆိုမှုက‌လေးများ မကြာခဏ ထပ်မံ ‌ပေါ်လာ‌ကောင်း ‌ပေါ်လာနိုင် မည်ဖြစ်‌သော်လည်း လူထုတရပ်လုံးက အားထားယုံကြည်သည့် ‌ဒေါ်‌အောင်ဆန်းစုကြည်၏ ထိ‌ရောက်ပီပြင်‌သော ဦး‌ဆောင်ကူညီမှုကို မရ ရှိနိုင်‌သော‌ကြောင့် ‌ဆွေး‌နွေး အ‌လျော့‌ပေး ‌လျှောချမှုများဖြင့် မိမိတို့ ‌တောင်းဆိုချက်များ အပြည့်အဝ မရပဲ မစွတ်မပွတ် လိုက်‌လျောမှုများ ‌ကျေနပ်လိုက်ရကာ အဖျားရှူးသွားကြမည်သာ ဖြစ်သည်။

လူထုတွင်းမှ မ‌ကျေနပ်မှု အုံကြွလိုမှုများ‌ပေါ်လာသည့်တိုင် ‌ဒေါ်‌အောင်ဆန်းစုကြည်အ‌နေဖြင့် လူထုအင်အားကို ထိ‌ရောက်မှန် ကန်စွာ အသုံးမချနိုင်ပဲ စစ်အုပ်စုနှင့် ပူး‌ပေါင်းညှိနှိုင်း ‌ဖြေရှင်းမှုများသာ လုပ်မည်ဖြစ်ရာ အုံကြွ‌တောင်းဆိုမှုမှာ မည်သည့်နည်းနှင့်မျှ ကြီး ထွားလာဖို့ရန် မရှိ‌ချေ။ လူထုအင်အားကို ‌ကြောက်ရွံ့‌သော စစ်အုပ်စုတို့အဖို့ ‌ဒေါ်‌အောင်ဆန်းစုကြည်အား လွှတ်‌တော်တွင်းသို့ ‌ခေါ်ထည့် လိုက်ခြင်းအားဖြင့် ၎င်းတို့၏ အသက်အိုးအိမ်စည်းစိမ်တို့ကို အကာအကွယ်‌ပေးမည့် ဧရာမ ဒိုင်းလွှားတခုရလိုက်သလို ဖြစ်သွားပြီး တိုင်း ရင်းသား ပြည်သူလူထုအား ဖိနှိပ်မှုကို အ‌ကြောင့်ကျမဲ့စွာ ဆက်လက် လုပ်‌ဆောင်နိုင်‌တော့မည် ဖြစ်‌လေသည်။

(၆)
ပြီးခဲ့သည့်လအတွင်း ရုတ်ရုတ်သဲသဲ ကိစ္စတရပ် ဖြစ်သွားခဲ့‌သေးသည်။ ထိုင်းဒုဝန်ကြီးချုပ်က မူးယစ်ရာဇာ‌တွေကို ဆု‌ငွေထုတ် ‌ကြေညာရာတွင် ဗိုလ်ချုပ်‌စောလားပွယ်ကိုပါ ထည့်သွင်း ‌ကြေညာခဲ့သည်။ ထိုစွပ်စွဲမှုကို ဗိုလ်ချုပ်‌စောလားပွယ်က ငြင်းဆိုပြီး သက်‌သေ သာဓကဖြင့် ‌ပြောဆိုနိုင်၊ လာ‌ရောက်စစ်‌ဆေးနိုင်‌ကြောင်း ပြန်‌ပြောလိုက်သည်။ တကယ်တမ်း မိမိလုပ်‌ကြောင်း ‌ပေါ်လွင်လျှင် အပြစ်‌ပေးခံ မည်ဟုဆိုပြီး ထိုင်းဒုဝန်ကြီးချုပ်အ‌နေဖြင့် မဟုတ်မတရား စွပ်စွဲမှုကို ဝန်မခံပါက ပြန်လည် တရားစွဲဆိုခံရမည်ဟု ဆိုလိုက်သည်။

ထိုင်းဒုဝန်ကြီးချုပ်က ၂၀၀၃ခုနှစ် ‌ဝေါ်‌လေခွင်တွင် မူးယစ်‌ဆေးဝါး အများအပြား ဖမ်းဆီးရမိသည့်အ‌ပေါ် ‌ထောက်ပြသည်။ ထိုစဉ် က ဒီ‌ကေဘီ‌အေမှာ စစ်အုပ်စုနှင့် ပူး‌ပေါင်း‌နေစဉ်ကာလ ဖြစ်သည်။ စစ်အုပ်စုနှင့် ပူး‌ပေါင်း‌နေ‌သော‌ကြောင့် ဒီ‌ကေဘီ‌အေ အ‌ခြေစိုက်ရာ ‌ဒေသဝန်းကျင်တွင် စစ်အုပ်စု၏တပ်များ အ‌ခြေချ‌နေပြီး မူးယစ်‌ဆေးဝါး ထုတ်လုပ်မှုများကိုလည်း ဒီ‌ကေဘီ‌အေတပ်မှူးတပ်သားများ မသိ ‌စေပဲ လုပ်ခဲ့‌ကောင်း လုပ်ခဲ့ကြမည် ဖြစ်သည်။ ထိုအလုပ်ကို ဗိုလ်ချုပ်‌စောလားပွယ် မလုပ်ခဲ့သည်မှာ‌တော့ အမှန်ပင်ဖြစ်သည်။ လုပ်ချင်း လုပ်လျှင် စစ်အုပ်စုကသာ လုပ်ခဲ့ခြင်း ဖြစ်နိုင်သည်။ ရှမ်းပြည်နယ်၊ ဝပြည်နယ်တို့၌ စစ်အုပ်စုတပ်များက ‌ဒေသခံများကို ဘိန်းစိုက်ခိုင်းပြီး မူးယစ်‌ဆေးဝါးများ ထုတ်လုပ်ခဲ့သည့် ဖြစ်ရပ်များမှာ မည်သို့မျှ ဖုံးဖိ‌ဖျောက်ဖျက်၍ မရ။ ဗိုလ်ချုပ်‌စောလားပွယ်သာ အမှန်တကယ် လုပ် ‌ဆောင်ခဲ့ပါက ဝင်‌ငွေများစွာ ရရှိ‌နေ‌သော ထိုအလုပ်ကို ၂၀၀၃ခုနှစ်‌နောက်ပိုင်းမှသည် ယခုအချိန်အထိ အခက်အခဲ မည်သို့ပင်ရှိ‌စေကာမူ နည်းအမျိုးမျိုးဖြင့် ဆက်လက်လုပ်‌ဆောင်‌နေလိမ့်မည်သာ ဖြစ်သည်။

ထိုင်းဒုဝန်ကြီးချုပ်အ‌နေဖြင့် ဤသို့ စွပ်စွဲ ဆု‌ငွေထုတ်လာရသည်မှာ ဗိုလ်ချုပ်‌စောလားပွယ်အ‌ပေါ် အ‌ကောက်ကြံလို‌သော စစ် အုပ်စုက ၎င်းတို့ ‌နောက်မှ‌နေ၍ တွန်းအား‌ပေးကာ အခွင့်အ‌ရေးပြ ခိုင်း‌စေ‌သော‌ကြောင့်သာ ဖြစ်နိုင်‌လေသည်။

စစ်အုပ်စုက‌တော့ တိုင်းရင်းသား‌တွေကို နည်းမျိုးစုံဖြင့် ထိုးခွဲ‌နေမည်ဖြစ်သည်။ ဒီ‌ကေဘီ‌အေ ကလိုထူး‌ဘောဗျူဟာမှ ဗိုလ်ချုပ် ‌စောလားပွယ်ကို မူးယစ်‌ဆေးဖြင့် အပြစ်ရှာ ဖမ်းဆီးရန် ထိုင်းကို တို့‌ပေးလိုက်သည်။ ‌နောက်‌တော့ ထိုင်းနှင့်ပါ အပစ်အခတ်များ မဖြစ်ရန် ခွန်ဆာကို ကယ်ခဲ့သည့် ပုံစံအတိုင်း သူ့လက်‌အောက်သို့ ဆွဲသွင်းလိုက်မည်ဖြစ်၏။ ၎င်းတို့အား လက်နက်ကိုင် ဆန့်ကျင်‌နေသည့်အဖွဲ့ကို အပြင်းအထန် တိုက်စရာ မလိုပဲ ‌အောင်ပွဲခံလိုက်နိုင်မည် ဖြစ်‌လေသည်။

(၇)
ကချင်မှာ ‌နေ့စဉ်‌နေ့တိုင်း တိုက်ပွဲများ ဆက်‌နေသည်။ စစ်အုပ်စုတပ်များ အကျအဆုံး များပြား၏။
လိုင်ဇာကို လက်နက်ကြီးများဖြင့် ပစ်ခတ် အမှုန့်‌ချေပြီးသိမ်းယူမည်ဟု လွန်ခဲ့သည့် ‌လေးငါးလ‌လောက်ကတည်းက ကြုံးဝါးကြိုး စားခဲ့‌သော်လည်း လိုင်ဇာနှင့် ၁၂မိုင်ကွာ မိုင်ဂျာယန်အထိသာ တက်နိုင်ပြီး ထိခိုက်ကျဆုံးမှုများစွာဖြင့် ‌ရှေ့မဆက်နိုင်ပဲ အထစ်အ‌ငေါ့ ဖြစ် ‌နေကြသည်။ ကချင်က မိမိပြည်နယ်ကို ကာကွယ်ဖို့ရန် မိမိ၌ တာဝန်ရှိသည်ဟူ‌သော ခံယူချက်ဖြင့် စစ်သားသစ်များ ထပ်မံ ‌ခေါ်ယူစု ‌ဆောင်း‌နေသည်။ အသက်မပြည့်‌သေးသူများနှင့် ကျန်းမာ‌ရေး မ‌ကောင်းသူများကို လွတ်ကင်းခွင့်‌ပေးကာ လူငယ်လူရွယ်တိုင်း မိမိ‌ဒေသ မိမိကာကွယ်‌ရေးအတွက် တာဝန်ယူကြသည်။ မိမိအသိနှင့်မိမိ မိမိအမျိုးသားနှင့် ပြည်နယ်ကို ကာကွယ်ရန် တက်ကြွ‌နေကြသူ‌တွေလည်း ကချင်ပြည်နယ်ထဲမှာ များစွာ ရှိ‌နေသည်။

ကချင်က ၁၉၉၄ကတည်းက အပစ်ရပ်ခဲ့ပြီး၊ စစ်အုပ်စု၏ ‌စော်ကားဖိနှိပ်မှုများကို ၁၇နှစ်ကြာ ‌အောင့်အည်းသည်းခံခဲ့ရာမှ ပြီးခဲ့ သည့်နှစ် ဇွန်လကတည်းက စစ်အုပ်စု၏ ကျိူး‌ကျော်မှုများကို ပြန်လည် တွန်းလှန်ကာကွယ်ခဲ့သည်မှာ တနှစ်ပြည့်‌တော့မည် ဖြစ်သည်။ ကချင်ကို ရက်ပိုင်း နာရီပိုင်းအတွင်း အမှုန့်‌ချေနိုင်သည်ဟု ဆိုခဲ့‌သော ဦးသိန်းစိန်မှာ သူ့တပ်များကို မိမိကိုယ်မိမိကာကွယ်ခြင်းမှလွဲ၍ ကချင်‌ဒေသသို့ ထိုးစစ်မဆင်ရန် အ‌ယောင်‌ဆောင်‌ပြောဆိုခဲ့ပြီး တဖက်က မီးစိမ်းပြကာ ကျူး‌ကျော် တိုက်ခိုက်‌စေခဲ့‌သော်လည်း မှန်းချက် နှင့် နှမ်းထွက်မကိုက်ပဲ ရှုံးပွဲ‌တွေနှင့်ချည်း ကြုံ‌နေရ‌လေသည်။ တပ်ရင်းမှူးများ စစ်‌ကြောင်းမှူးများပါ ကျဆုံး‌နေရပြီဖြစ်‌သော သူ့တပ်များမှာ လည်း စိတ်ဓာတ်ပျက်ပြား‌နေကြပြီ ဖြစ်သည်။

ယူအဲန်အက်ဖ်စီက ကချင်ကို ထိုးစစ်ဆင်တိုက်ခိုက်‌နေမှုများ ဇွန်လ ၁၁ ‌နောက်ဆုံးထား၍ ရုတ်သိမ်းရန် စစ်အုပ်စုကို ‌တောင်းဆို ခဲ့သည်။ တဦးတည်း ကြံ့ကြံ့ခံကာ စစ်အုပ်စုတပ်များကို တွန်းလှန် တိုက်ပွဲဝင်‌နေ‌သော ကချင်နည်းတူ ကျန်လူမျိုးစု တိုင်းရင်းသား ‌တော် လှန်‌ရေး အဖွဲ့အစည်းများအ‌နေဖြင့်လည်း မိမိတို့ နယ်‌မြေ‌ဒေသအလိုက်စစ်အုပ်စု၏ တပ်များကို တွန်းလှန် တိုက်ပွဲဝင်ဖို့ရန် လိုအပ်‌နေပြီ ဖြစ်သည်။

ဗိုလ်ချုပ်‌စောလားပွယ်တို့၏ ကလိုထူး‌ဘောဗျူဟာသည်ပင် စစ်အုပ်စုကို နှစ်ပတ်လည်‌အောင် တွန်းလှန်တိုက်ခိုက်နိုင်ခဲ့ပြီး စစ် အုပ်စု၏ အ‌လျှော့‌ပေးကမ်းလှမ်းမှု‌ကြောင့်သာ အပစ်အခတ်ရပ်ခဲ့ခြင်းဖြစ်ရာ ‌ကေအဲန်ယူလို အဖွဲ့အစည်းကြီးအ‌နေဖြင့် ‌တွေ‌ဝေယိမ်းယိုင် ‌သော ‌နောက်တွန့်‌ကျောခိုင်းလို‌သော အညံ့စားအ‌ပျော့စား စိတ်ဓာတ်ရှိသူများကို ပညာ‌ပေးဆွဲ‌ခေါ်ကာ ယူအဲန်အက်ဖ်စီ၏ ဦး‌ဆောင်မှု ‌အောက် အခြား‌သော အဖွဲ့အစည်းများနှင့်အတူ မိမိတို့ အသီးသီး၏ အမျို်းသားပြည်နယ်များအတွက် တိုက်ပွဲဝင်ဖို့သင့်‌ကြောင်း အချို့ ပုဂ္ဂိုလ်များက မြင်ကြသည်။ ရန်သူ၏ ‌ချော့‌မော့ ‌ချွေးသိပ်မှုများကို နား‌ယောင်ကာ မဖြစ်စ‌လောက် စီးပွား‌ရေး အခွင့်အ‌ရေး အကျိုးအမြတ် က‌လေးများကို် ‌မျှော်ကိုးပြီး အ‌ယောင်‌ဆောင် အပစ်ရပ်‌နေဖို့ရန် မသင့်‌ကြောင်း၊ ဤအချိန်သည် မိမိတို့ ‌တောင်းဆိုမှုကို မည်သည့်အခါက မျှ မ‌ပေးခဲ့‌သော ရန်သူတို့အား တိုက်ခိုက်ခြင်းဖြင့် ရယူနိုင်သည့် အချိန်ဖြစ်‌ကြောင်း၊ ကမ္ဘာ့ဖိအားသက်သက်သာမက မိမိတို့အ‌နေဖြင့် လည်း တိုက်ယူရမည် ဖြစ်‌ကြောင်း၊ တိုက်သင့်သည့်အချိန်တွင် မတိုက်ပါက၊ မိမိတို့ မတိုက်လို‌သော အချိန်တွင် ရန်သူ၏ တိုက်ခိုက်မှုကို အငိုက်မိစွာ စိတ်ဓာတ်ပျက်ပြားစွာ ကာကွယ်ရင်း ရှုံးပွဲများစွာဖြင့် နလံမထူနိုင်ပဲ ဖြစ်သွားနိုင်‌ကြောင်း ထိုပုဂ္ဂိုလ်တို့က ဆိုသည်။ ကချင်ကို အားသွန် စုပြုံတိုက်ခိုက်နိုင်ရန်အတွက် မိမိတို့ကို အပစ်ရပ်ထားခြင်းသာ ဖြစ်‌ကြောင်း ပီပြင် ရှင်းလင်းစွာ သိမြင်ကြပြီး ကချင်နည်းတူ မိမိ တို့နယ်‌မြေတွင်းရှိ စစ်အုပ်စု၏တပ်များကို ‌မောင်းထုတ်ကြရမည်ဟုလည်း ဆို‌လေသည်။ စစ်မှန်‌သော ငြိမ်းချမ်း‌ရေးမှာ တိုက်ပွဲများအကြား မှသာ ‌ပေါ်ထွက်လာရမည် ဖြစ်၏။

(၈)
အခုအချိန်က တိုက်မည်တကဲကဲလုပ်‌နေရမည့်အချိန် မဟုတ်‌တော့ဟု အချို့‌ခေါင်း‌ဆောင်များက ဆိုကြသည်။ မိမိတို့ ‌တော်လှန် ‌ရေးအဖွဲ့အစည်းများအ‌နေဖြင့် ရန်သူကို ပူး၍တိုက်ရမည်ဖြစ်‌ကြောင်း၊ ‌လော‌လောဆယ် အ‌ခြေအ‌နေမှာ ခွာလိုက်တာနှင့် မိမိတို့ ခံကြရ မည်ဖြစ်‌ကြောင်း၊ ရန်သူမှာ ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် ပူး‌ပေါင်း‌ဆောင်ရွက်ခြင်းဖြင့် ကမ္ဘာ့အလယ်၌ပါ နာမည်‌ကောင်းရ‌နေ‌ကြောင်း၊ ‌ဒေါ် ‌အောင်ဆန်းစုကြည်ကလည်း လက်နက်ကိုင်တိုက်ခိုက်ခြင်းကို အား‌ပေး ‌ထောက်ခံမှုမရှိ။ ဆုံးဖြတ်ချက် မှားယွင်းမှု၊ မပြတ်သားမှုများအ တွက် လူအ‌တော်များများက သူ့အ‌ပေါ် အယုံအကြည် နည်းလာ‌သော်လည်း သူ့ကို အကြွင်းမဲ့ ‌လေးစားချစ်ခင်‌သော လူထုအ‌ပေါ်မှာ‌တော့ သူ့ဩဇာက အထိုက်အ‌လျောက် ရှိ‌နေတုန်းဖြစ်‌ကြောင်း၊ လက်ရှိအ‌ခြေအ‌နေ၌ လူထုသည် ပြည်ပက ဒီမိုကရက်တစ် နိုင်ငံ‌ရေးသမား‌တွေ အဖွဲ့အစည်း‌တွေကို အားမကိုး၊ အထင်‌သေးမှုများပင် ရှိ‌နေကြ‌ကြောင်း။ ကိုယ်ကျိုးရှာသူများ၊ ဂိုဏ်းဖွဲ့အမြတ်ထုတ်သူများ၊ ညီညွှတ်မှု မရှိ သူများ၊ လူထု‌တော်လှန်‌ရေးကို ထိ‌ရောက်ပီပြင်စွာ ‌ဖော်‌ဆောင်မှု မပြုနိုင်ကြသူများကို ‌လေးစားမှု မရှိ‌ကြောင်း၊ အ‌ခြေအ‌နေ‌ပေါ်ကြည့်၍ သာရာစီး ဘက်‌ပြောင်းတတ်သူများ၊ ပြည်တွင်းဝင် အစိုးရထံ ဒူး‌ထောက်ပြီး အဲန်ဂျီအိုအဖွဲ့‌တွေနှင့် ‌ပေါင်း၍ လုပ်စားကြသူများကို ပို၍ပင် ရွံရှာ‌ကြောင်း ‌ပြောကြသည်။

‌တော်လှန်‌ရေးလမ်း‌ကြောင်းမှာ ‌နောက်ပြန်ဆုတ်ပြီး တစ်က‌နေပြန်စ၍ ရနိုင်သည့်အ‌နေအထားတွင် မရှိ‌ကြောင်း၊ ရန်သူနှင့်‌ပေါင်း ၍ တိုက်ရမည့်အ‌နေအထားမှာ မိမိတို့အ‌နေဖြင့် ညီညွှတ်ဖို့လိုအပ်‌ကြောင်း၊ တ‌ယောက်တ‌ပေါက် တဖွဲ့တလမ်းစီလုပ်‌နေ၍ မရ။ ရန်သူသည် ယခု ‌လော‌လောဆယ် အ‌ကြောက်ဆုံးကိစ္စမှာ UNFC ၏ အစီအစဉ်များ ပြုမူလှုပ်ရှားမှုများဖြစ်‌ကြောင်း၊ မိမိတို့အ‌နေဖြင့် ယူအဲန်အက်ဖ်စီ၏ မူအတိုင်း ကျစ်လစ်စွာ စုစည်း‌ဆောင်ရွက်ရမည်ဖြစ်‌ကြောင်း သ‌ဘောထား ထုတ်‌ဖော်ကြသည်။

ရန်သူသည် လက်နက်ကိုင်တိုက်ပွဲနည်းလမ်းထက် နိုင်ငံ‌ရေးတိုက်ပွဲသဏ္ဍာန်သို့ ‌ပြောင်းလဲလာ‌နေပြီဖြစ်သည်။ ကချင်ကို တိုက် ‌နေ‌သော်လည်း တိုက်၍ မရနိုင်မှန်းကို သ‌ဘော‌ပေါက်‌နေပြီး ငြိမ်းချမ်းမှု ‌ဖော်‌ဆောင်‌ရေး‌ကော်မတီအသစ် ဖွဲ့စည်းရာတွင်ပါ သိန်းစိန်တို့ ကိုယ်တိုင်ပါလာကာ တင်‌အောင်မြင့်ဦးတို့လည်း ‌ဘေး‌ရောက်ပြီး ‌အောင်‌သောင်းပါ ထို‌ကော်မတီထဲတွင် မပါ‌တော့‌ကြောင်း ‌တွေ့ရှိရသည်။ ကချင်နှင့် တပြိုင်တည်းတိုက်‌နေ‌သော ရှမ်းကိုလည်း အပစ်ရပ်‌ရေး သ‌ဘောတူညီမှုများ မကြာမီရက်များအတွင်းက ကြားလိုက်ရသည်။ ရန်သူသည် အတိုင်းအတာတရပ်အထိ ခိုင်မာလာပြီဖြစ်‌သော ၎င်းတို့ စစ်အုပ်စု၏ ရပ်တည်ချက်ကို ပို၍ပို၍ ခိုင်မာလာ‌အောင် လုပ်‌ဆောင် ‌နေပြီ ဖြစ်သည်။

နိုင်ငံ‌ရေးအရ စားပွဲဝိုင်းတိုက်ပွဲဝင်ရသည်မှာ အ‌တော်ပင် ‌ကြောက်စရာ‌ကောင်းသည်။ လက်နက်ကိုင်တိုက်ပွဲတွင် နယ်‌မြေတ‌နေ ရာ၌ ရှုံး‌သော်လည်း အခြား‌နေရာများ၌ အနိုင်ရနိုင်သည်။ နယ်‌မြေတခုလက်လွှတ်ရ‌သော်လည်း အခြားနယ်‌မြေများကို အစားရရှိနိုင်သည်။ နိုင်ငံ‌ရေးစားပွဲဝိုင်းမှာ ရှုံးလျှင်‌တော့ ပြည်နယ်တခုလုံး ဆုံးရှုံးခြင်း ဖြစ်သည်။ ရန်သူသည် စစ်‌ရေးအရ တိုက်ဖို့ထက် နိုင်ငံ‌ရေးကစားဖို့ကို ပို၍ စိတ်သန်လာ‌နေပြီ ဖြစ်သည်။ စားပွဲဝိုင်းတိုက်ပွဲအတွင်း အ‌ပေးအယူ အ‌လျှော့အတင်း ကိစ္စများ၌ အကြိုက်‌ဆောင်လိုက်‌လျောရန်၊ ပြတ် ပြတ်သားသားငြင်းဆိုရန် စသည့် အ‌တွေ့အကြုံ‌တွေ ၎င်းတို့၌ အလုံအ‌လောက် ရရှိခဲ့ပြီး ဖြစ်သည်။ မျက်နှာထား‌တွေကအစ ‌စေတနာပါ သည့်ဟန်မျိုး၊ ချစ်ခင်ကျွမ်းဝင်သည့်ဟန်မျိုး၊ ကိုယ့်အတွက် စိုးရိမ်ပူပန်သည့်ဟန်မျိုး၊ စာနာ‌ထောက်ထားသည့်ဟန်မျိုး စသဖြင့် ပုံသဏ္ဍာန် အမျိုးမျိုးကို ကျွမ်းကျင်စွာ သရုပ်‌ဆောင်နိုင်‌နေပြီ ဖြစ်၍ မိမိတို့အ‌နေဖြင့် အငိုက်မမိရန် သတိကြီးစွာ ထားရမည် ဖြစ်သည်။ မိမိဘက်က အဆုံးအဖြတ် တချက်မှားသည်နှင့် ‌တော်လှန်‌ရေးတခုလုံး ‌ရေစုန်‌မျောသွားနိုင်သည့် အ‌နေအထား ဖြစ်သည်။

စစ်အုပ်စုအ‌နေဖြင့် ၎င်းတို့၏အ‌နေအထားကို ပိုမို ခိုင်မာ‌အောင် လုပ်နိုင်ခဲ့သည်မှာ ‌ဒေါ်‌အောင်ဆန်းစုကြည်၏ ပူး‌ပေါင်းလုပ် ‌ဆောင်မှုများ‌ကြောင့် ဖြစ်သည်။ ‌ဒေါ်‌အောင်ဆန်းစုကြည်က အစိုးရနှင့် ပူး‌ပေါင်းလုပ်‌ဆောင်ခြင်းဖြင့် တိုင်းပြည် ‌သွေး‌ချောင်းစီးမည့် အ ‌ပြောင်းအလဲမျိုးကို ‌ရှောင်ရှားနိုင်မည် ဖြစ်ပြီး ငြိမ်းချမ်းစွာ အသွင်ကူး‌ပြောင်း‌ရေးကို တဖြည်းဖြည်းချင်း ‌ရောက်ရှိသွားနိုင်လိမ့်မည် ဟူ‌သော အ‌တွေးအ‌ခေါ်ဖြင့် လုပ်‌ဆောင်ခြင်း ဖြစ်သည်။ ‌တော်လှန်‌ပြောင်းလဲခြင်းမဟုတ်ပဲ တဖြည်းဖြည်း တ‌ရွေ့‌ရွေ့ ‌ပြောင်းလဲမှုမျိုးကို လုပ်‌ဆောင် ခြင်း ဖြစ်သည်။ သို့ရာတွင် သူမကိုယ်တိုင် ထိုနည်းလမ်းကို မယုံမရဲ ဖြစ်လာသည်။ ရန်သူသည် အချိန်မ‌ရွေး ‌နောက်‌ကြောင်းပြန်လှည့်ကာ အာဏာရှင်နိုင်ငံ ပြန်လုပ်မည့် အစီအစဉ်ရှိနိုင်‌ကြောင်း သူမ သိမြင်လာခဲ့၍ ဖြစ်‌လေသည်။

‌တော်လှန်‌သော အ‌ရေး‌တော်ပုံကြီးကို မ‌ဖော်‌ဆောင်နိုင်‌သော‌ကြောင့် တိုင်းရင်းသား ပြည်သူလူထုအ‌နေဖြင့် တိုင်းပြည်တပြည် လုံးကို နှစ်‌ပေါင်းများစွာ ဖျက်ဆီး ကျွန်ပြုခဲ့သည့် ရန်သူစစ်အုပ်စုကို အ‌ရေးယူ‌ရေး၊ ရန်သူ့လုပ်ရပ်များကို ‌ဖော်ထုတ် မှတ်တမ်းတင်ကာ ‌နောင်လာ‌နောက်သားများအတွက် သမိုင်း ‌ကြောင်း သခင်္န်းစာများ ချန်ထားနိုင်‌ရေးတို့ကို လုပ်နိုင်လိမ့်မည် မဟုတ်‌ချေ။

အာဏာကို တနည်းတဖုံ ဆက်လက် ဆုပ်ကိုင်ထားမည်ဖြစ်‌သော အာစီယံနိုင်ငံများသာမက ‌ဒေါ်‌အောင်ဆန်းစုကြည်‌ကြောင့် ကမ္ဘာနိုင်ငံကြီးများ၏ အသိအမှတ်ပြုမှုကိုလည်း အ‌တော်က‌လေး ရလာ‌နေပြီဖြစ်‌သော စစ်အုပ်စုအ‌နေဖြင့် အတိုက်အခံ နိုင်ငံ‌ရေးသမား များ အပါအဝင် ပြည်ပ‌ရောက်‌နေသူများကို အချိုသပ်ကာ ပြည်တွင်းပြန်‌ခေါ်ပြီး ခံဝန်ချက်အမျိုးမျိုးဖြင့်‌သော်လည်း‌ကောင်း၊ ပြစ်မှုကြီးကြီး မားမား မရှိသူများကို ခွင့်လွှတ်ကာ ပြစ်မှုကြီးမားသူများကို‌တော့ ထိုက်သင့်သလို အ‌ရေးယူခြင်းများကိုသာ ပြုလိမ့်မည် ဖြစ်သည်။ အများ ပြည်သူလူထု ‌ကောင်းကျိုးအတွက် သက်စွန့်ဆံဖျား အနစ်နာခံ ‌တော်လှန်‌ရေး လုပ်‌ဆောင်လာခဲ့သူများမှာ ရန်သူ၏ မတရားဖိနှိပ်‌သော တရားစီရင်မှု‌အောက် ကျားသနား မှ နွားချမ်းသာ ရမည့်အ‌ခြေအ‌နေသို့ ‌ရောက်သွားကြမည် ဖြစ်သည်။

မကြာ‌သေးမီ ရက်များအတွင်းမှာပင် အ‌မေရိကန်က ဗမာပြည်အား လက်နက်‌ရောင်းချခြင်းမှလွဲ၍ ပိတ်ဆို့အ‌ရေးယူမှု‌တွေအား လုံး ယာယီ‌လျှော့ချ‌ပေးလိုက်‌ကြောင်းကို စိတ်ဆင်းရဲစွာ ကြားသိရသည်။ တိုင်းပြည်တွင်း ပြုပြင်‌ပြောင်းလဲမှုများအတွက် အိုဘားမားက ကြိုဆိုသလို ဂျီအိတ် စက်မှုထိပ်သီးနိုင်ငံများကလည်း ကြိုဆိုလိုက်ကြသည်။ အ‌ခြေခံကျသည့် ပြုပြင်‌ပြောင်းလဲမှုများ ဖြစ်‌ပေါ်လာ‌စေ‌ရေး အတွက် ပိတ်ဆို့မှု‌တွေကို ရုတ်သိမ်း‌ပေး လိုက်ခြင်းဖြစ်‌ကြောင်း ‌ပြောကာ တတ်နိုင်သမျှလည်း အား‌ပေးကူညီသွားမည်ဟုဆိုသည်။ ဦးသိန်းစိန်နှင့် ‌ဒေါ်‌အောင်ဆန်းစုကြည်ကိုလည်း ကမ္ဘာ့နိုင်ငံ‌တွေက ချီးမွမ်းကြ၏။ အ‌ရေခြုံ သမ္မတသိန်းစိန်တို့ လူရာဝင်စွာပင် ဆန္ဒအပြမခံ ရပဲ ပြည်ပနိုင်ငံ‌တွေမှာ သွားလာနိုင်ပြီ ဖြစ်သည်။

အ‌မေရိကန်က ပိတ်ဆို့မှုအားလုံးလိုလို ယာယီရုတ်သိမ်းလိုက်တာ မမှန်။ မရုတ်သိမ်းသင့်‌သေး။ ဗမာပြည်တွင်း ပြုပြင်‌ပြောင်းလဲမှု ‌တွေ စိတ်ချရ‌လောက်သည့် အ‌ခြေအ‌နေရှိမှ ဖွံ့ဖြိုးတိုးတက်‌ရေးကို လုပ်‌ဆောင်သင့်သည်ဟု မြင်သူ‌တွေရှိသလို ဗမာပြည်မှာ တရုတ်စီးပွား ‌ရေး‌တွေ များပြားလွန်း‌နေသည့်အတွက် အခြားနိုင်ငံ‌တွေကပါ ရင်းနှီးမြှုပ်နှံလာလျှင် တရုတ်ကို ထိန်းချုပ်နိုင်မည်ဟု ယူဆကြသူ‌တွေ လည်း ရှိသည်။

ဦးသိန်းစိန်တက်လာကတည်းက စန်ရှင်ရုတ်သိမ်း‌ရေးကို နည်းမျိုးစုံဖြင့် ကြိုးစားခဲ့သည်။ ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် ‌ဆွေး‌နွေးပြ၊ ‌ထောင်သားအချို့ လွှတ်ပြ၊ တိုင်းရင်းသား‌တွေနှင့် ‌ဆွေး‌နွေးပြ၊ ဘာလုပ်ပြ ညာလုပ်ပြပြီး အရှက်မရှိ အကြိမ်ကြိမ်အဖန်ဖန် ‌တောင်းဆိုခဲ့ သည်ကို ကမ္ဘာက အသိပင် ဖြစ်သည်။ ၎င်းတို့ စစ်အုပ်စုအ‌နေဖြင့် အ‌တော်ပင် လိုအပ်‌နေ၊ အခက်‌တွေ့‌နေကြ‌သော‌ကြောင့် တိုင်းပြည်အ ‌ပေါ် အမှန်တကယ် ‌စေတနာမရှိ‌သော်လည်း အများ အမြင်‌ကောင်း‌အောင် အကန့်အသတ်ဖြင့် အ‌လျှော့‌ပေး လိုက်‌လျောပြကာ စန်ရှင်ရုတ် သိမ်း‌ရေး ‌တောင်းဆိုမှု‌တွေ လုပ်‌နေခြင်း ဖြစ်သည်။ အ‌မေရိကန်အ‌နေဖြင့် ထိုသို့‌သော စစ်အုပ်စုကို လက်နက်‌ရောင်းချ‌ရေးမှလွဲ၍ စန်ရှင် များအားလုံး ယာယီ ရုတ်သိမ်းလိုက်သည်မှာ ဒီမိုက‌ရေစီ‌ရေး ‌ဆောင်ရွက်‌နေကြသူများအတွက် ‌ကျေနပ်ဖွယ်ရာ မဟုတ်‌ချေ။

‌လော‌လောဆယ်၌ ကချင်ပြည်နယ်အတွင်း ကျူး‌ကျော် တိုက်ခိုက်မြဲတိုက်ခိုက်‌နေသည်။ ၎င်းတို့ လိုဘပြည့်သွားလျှင်‌တော့ တိုင်း ရင်းသားနှင့် ပြည်သူကို ဆထက်ထမ်းပိုး တိုး၍ နှိပ်ကွပ်ဖို့သာ ဖြစ်၏။

‌ဒေါ်‌အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း ပြည်ပခရီး လှည့်လည်မည့် အစီအစဉ်‌တွေ ရှိ‌နေသည်။ ‌မေလကုန်ခါနီးနှင့် ဇွန်လဆန်း မှာပင် ထိုင်းနိုင်ငံထဲ မဟာချိုင်နှင့် မဲ‌ဆောက်တို့သို့ သွား‌ရောက်လည်ပတ်ကာ ဗမာပြည်သား ‌ရွှေ့‌ပြောင်းအလုပ်သမားများကို ‌တွေ့ဆုံ ‌ဟော‌ပြောအား‌ပေးခဲ့သည်။ ဇွန်လတွင်း၌ ‌နော်‌ဝေးသို့သွား‌ရောက်ကာ ၁၉၉၁ ခုနှစ်က ချီးမြှင့်ခံခဲ့ရ‌သော နိုဗယ်ဆုကို ကိုယ်တိုင်သွား ‌ရောက် လက်ခံယူမည်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက ချီးမြှင့်‌သောဆုကိုလည်း လက်ခံမည်ဖြစ်သည်။ ဗြိတိ သျှပါလီမန်မှာ မိန့်ခွန်း‌ပြောဆိုမည့် အစီအစဉ်လည်း ရှိ‌နေသည်။

သားကြီးမြင့်ဆန်း‌အောင်က သူမကိုယ်စား လက်ခံခဲ့ပြီး ‌နောက်ထပ်တကြိမ် ကိုယ်တိုင်ပြန်၍ လက်ခံဦးမည်ဖြစ်‌သော ငြိမ်းချမ်း ‌ရေးနိုဗယ်ဆုရှင်မှာ တချိန်ချိန်တွင် ‌ပေါ်‌ပေါက်လာ‌တော့မည်ဖြစ်‌သော တူများ၊ တံစဉ်များ၊ ငှက်ကြီး‌တောင်နှင့် မှိန်း၊ လှံ၊ ‌လေး၊ ဂျင်ဂလိများ ဆွဲ၍ အုံကြွတိုက်ပွဲဝင်မည့် လူထုကြီးကို မည်သည့်နည်းနှင့်မျှ ဦး‌ဆောင်နိုင်မည် မဟုတ်‌ချေ။ အကြမ်းဖက်အုပ်ချုပ်‌နေ‌သော စစ်အုပ်စု၏ လုပ်ရပ်ကို အကြမ်းနည်းဖြင့် တွန်းလှန်ကာကွယ်မှုအား ငြိမ်းချမ်း‌ရေးနိုဗယ်ဆုသည် အသိအမှတ်ပြုနိုင်လိမ့်မည် မဟုတ်။

(၉)
လမ်းဆုံးလျှင် ရွာ‌တွေ့မည် ဆို‌သောစကား ရှိသည်။
လူထုချစ်‌သော ‌ခေါင်း‌ဆောင်၏ ပါတီမှတ်ပုံတင်မည်၊ ‌ရွေး‌ကောက်ပွဲဝင်မည်ဆို‌သော ‌ပြောင်းလဲ ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ ‌ချောက်ထဲကျ‌တော့မည့်အ‌ရေး စိုးရိမ်တကြီး သတိ‌ပေးကြသူများ၊ ‌စေတနာ‌ရှေ့ထား ‌ဝေဖန်‌ထောက်ပြကြသူများအား၊ တဘက် ပုဂ္ဂိုလ်များ က “အလွန့်ကို သိမ်‌မွေ့တဲ့ အ‌နေအထား၊ နည်းနည်းက‌လေးမှ အထိမခံနိုင်တဲ့ အ‌ခြေအ‌နေကို ‌ရောက်‌နေလို့ပါ၊ ခဏက‌လေးသည်းခံပြီး ‌စောင့်ကြည့်ကြပါ”ဟု ဆို‌သော‌ကြောင့် ရင်တမမ ‌စောင့်ကြည့်ခဲ့ရသူတို့အ‌နေဖြင့် လမ်းဆုံး‌သောအခါ ‌ရောက်မည့်ရွာကို လှမ်း၍မြင်‌နေရပြီ ဖြစ်‌လေသည်။ ယခု‌လျှောက်‌နေသည့်လမ်းအတိုင်းသာ ဆက်၍သွားပါ က မည်ကဲ့သို့‌သော ရွာမျိုးသို့ ‌ရောက်ရှိသွားကြမလဲ ဆိုသည်မှာ လူထုအတွက် ရှင်း‌နေပြီ ဖြစ်၏။

လက်ဝါးကြီးအုပ် စစ်အာဏာရှင် လက်‌အောက်၊ တရားဥပ‌ဒေအထက်က စစ်အုပ်စုရှိ‌နေ‌သော ကန့်သတ်ခံ ဒီမိုက‌ရေစီ အတုအ ‌ယောင် ‌ခေတ်အတွင်း ပြည်ပနိုင်ငံများသို့ ‌ဈေး‌ပေါ‌ပေါဖြင့် ‌ရောင်းချခဲ့‌သော တိုင်းပြည့်သယံဇာတများ ခမ်း‌ခြောက်လျက်၊ လုပ်သမား လယ် သမားတို့၏ ရပိုင်ခွင့် အခွင့်အ‌ရေးများ ဆုံးရှုံး၊ စားဝတ်‌နေ‌ရေး ဘဝလုံခြုံမှုများ ကင်းမဲ့ကာ၊ ပညာ‌ရေး၊ ကျန်းမာ‌ရေးနှင့် အ‌ထွေ‌ထွေ ဝန် ‌ဆောင်မှုများအဆုံး အစစအရာရာ ချွတ်ခြုံကျ ဆင်းရဲမွဲ‌တေမှုများဖြင့် တိုင်းတပါးကို ကျွန်ခံရန် ‌ရောက်သွားကြသူများ၊ တိုင်းတပါးကလာ၍ ရင်းနှီးမြှုပ်နှံသူများထံ မဝ‌ရေစာဖြင့် ကျွန်ခံကြရသည့် အဖြစ်များ၊ စာရိတ္တမဏ္ဍိုင် ယိုင်နဲ့ပျက်စီးကာ လိမ်ညာ ခိုးဝှက်မှုများ၊ စစ်အုပ်စုနှင့် အ‌ပေါင်းပါများမှလွဲ၍ တိုင်းပြည်နှင့်အဝှမ်း ဒုက္ခ‌ရောက်ကြရ‌သော ‌ခေတ်ပျက်‌ခေတ်ကျပ်ကြီးအတွင်း တဦး‌ပေါ်တဦး ‌မေတ္တာ ‌စေတနာများ ခမ်း‌ခြောက်လျက် ကလိန်ကကျစ်လုပ်ခြင်းများ၊ အနိုင့်အထက်ပြုခြင်းများ၊ အသူခံတမ်း လည်သူစားတမ်း၊ အရှက်ကင်းမဲ့စွာ ကျူးလွန် တတ်‌သော သူရဲ‌ဘော‌ကြောင်‌သော ကျွန်နိုင်ငံ၊ ဖာနိုင်ငံအဖြစ် ကမ္ဘာ့အလယ် ဖြတ်သန်းကြရ‌တော့မည် ဖြစ်၏။

‌ဒေါ်‌အောင်ဆန်းစုကြည်၏ မူအတိုင်းဆိုလျှင် အ‌လျော့‌ပေးလိုက်‌လျောမှု‌တွေလုပ်လိုက်၊ ‌တောင်းဆိုတင်ပြလိုက်၊ ကန့်ကွက်လိုက်၊ မစွတ်မပွတ် လိုက်‌လျောမှုက‌လေး‌တွေရလိုက်၊ ပြန်လည် တင်ပြ‌တောင်းဆိုလိုက်ဖြင့် လွှတ်‌တော်တွင်း နိုင်ငံ‌ရေးမှာ ၂၀၁၅ခုနှစ် ‌ရွေး ‌ကောက်ပွဲအထိ တ‌ရွေ့‌ရွေ့ အချိန်ကုန်မှန်းမသိ ကုန်‌အောင် ဆက်လက် သွား‌နေမည်ဖြစ်ပြီး ၂၀၁၅ခုနှစ်‌နောက်ပိုင်းတွင်လည်း ပိုမိုအ‌ခြေ ခိုင်လာပြီဖြစ်‌သော စစ်အုပ်စု၏ ထိန်းကွပ်ချုပ်ကိုင်မှု‌အောက် လူထုကြီးအ‌နေဖြင့် မသက်မသာ လိုက်ပါကြရ‌ပေလိမ့်မည်။

သို့ရာတွင် ပြီးခဲ့သည့် ရက်များအတွင်း မန္တ‌လေး၊ ရန်ကုန်နှင့် ပြည်တို့မှာ ဖြစ်ပွားခဲ့‌သော လျှပ်စစ်မီး မှန်မှန်ရရှိ‌ရေး ဆန္ဒပြ ‌တောင်း ဆိုမှုများ၊ အလုပ်သမားသပိတ်များ၊ လယ်သိမ်းခံ ‌မြေသိမ်းခံ လယ်သမားတို့၏ ဆန္ဒပြမှုများမှာ တစထက်တစ အရှိန်အဟုန် ကြီးမားလာ နိုင်ပြီး ‌ကောင်းစွာ ‌ဖြေရှင်း‌ပေးမှုမပြုပဲ ပြည်မြို့မှာလို လုံထိန်းတပ်များအသုံးချလျက် လူထုကို ရိုက်နှက်ဖမ်းဆီးမှုများ လုပ်‌ဆောင်မည်ဆိုပါ က လူထု၏ ‌ဒေါသမာန်ဟုန်မှာ ၈၈ကလို တ‌ကျော့ပြန်‌ပေါ်လာ‌တော့မည်ဖြစ်ပြီး ဗမာပြည်အ‌နေဖြင့် ကမ္ဘာ့အလယ်၌ ပိုမို‌ကောင်းမွန်‌သော အ‌ပြောင်းအလဲကို ‌ဖော်‌ဆောင်နိုင်လိမ့်မည် ဖြစ်‌လေသည်။