မေလ ၈ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)

သျှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မြောက်ဘက် တောင်တန်းဒေသတွင် မြန်မာကုမ္ပဏီများ၏ ပလက်တီနမ် (ခေါ်) ရွှေဖြူတူးဖော်မှု လုပ်ငန်းများကြောင့် ဒေသခံလူထု ၂,၀၀၀ကျော် ထိခိုက်မှုများရှိနေသည်ဟု လားဟူအမျိုးသမီးအစည်းအရုံး-LWO က ယနေ့ အစီရင်ခံစာ ထုတ်ပြန်ပြောဆိုလိုက်သည်။
“ရွှေဖြူအတွက် သိမ်းယူခြင်း”အမည်ရှိ ၎င်းအစီရင်ခံစာနှင့် ပတ်သက်၍ LWO ၏ တာဝန်ခံ နာဗစ်ဘိုက “သူတို့(ရွှေဖြူတူးကုမ္ပဏီ)က (တောင်ကမ်းပါး)လမ်းမကြီးတွေ တူးဖော်ပြီးမှ မြေတွေလျောကျလာပြီး ဒေသခံတွေရဲ့ တောင်ယာ၊ လက်ဖက်စိုက်ခင်း၊ မယ်ဇလီစိုက်ခင်း နဲ့ အခြားဟင်းသီးဟင်းရွက် စိုက်ခင်းတွေဟာ မြေဖုံးလွှမ်းတော့ ပျက်စီးကုန်တယ်။ ပျက်စီးတဲ့ မြေဧက စာရင်းကောက်ထားတာနဲ့ စာရင်း မကောက်နိုင်သေးတာ ရှိတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
၎င်းတို့အဖွဲ့၏ စာရင်းကောက်ထားချက်အရ ရွှေဖြူတူးဖော်မှုတွင် တာချီလိတ်မြို့မြောက်ဖက် တောင်တန်းဒေသရှိ လားဟူ အပါအဝင် အာခါနှင့် သျှမ်းရွာ ၈ရွာမှ ဒေသခံများ၏ မြေဧက ၂၀၀ကျော်နှင့် အခြားပိုင်ဆိုင်မှုများကို အတင်းအကြပ် ရောင်းချရန် ကုမ္ပဏီပိုင်ရှင်များက ဖိအားပေးမှုများရှိပြီး လျှော်ကြေးမပေးဘဲ မြေယာသိမ်းယူမှုများလည်း ရှိနေသည်ဟု LWO က ပြောသည်။
၎င်းအပြင် သတ္ထုတွင်းမှထွက်သော စွန့်ပစ်ပစ္စည်းများကြောင့် မြေယာများ ပျက်စီးမှုရှိသကဲ့သို့ ဒေသတွင်းရှိ လမ်းများမှာလည်း သတ္ထုကုမ္ပ ဏီမှ ကုန်တင်ကားကြီးများ သွားလာမှုကြောင့် ပျက်စီးနေသည်ဟု အစီရင်ခံစာတွင် ပါရှိသည်။
ပြီးခဲ့သည့် ၂၀၀၇ခုနှစ်၌ စိုင်းနောင်ဟိန်း ကုမ္ပဏီက အဆိုပါ တာချီလိတ်မြို့နယ်ရှိ တောင်တန်းဒေသတလျှောက်တွင် ရွှေဖြူ ရှိမရှိ စမ်း သပ်ပြီး ၂၀၀၉ခုနှစ်မှ စတင် လုပ်ဆောင်လာခဲ့ရာ ၂၀၁ဝခုနှစ်တွင် ရွှေဖြူတူးဖော်ရေး ကုမ္ပဏီ ၅ခုရှိလာသော်လည်း ၂၀၁၂ခုနှစ်တွင် ကုမ္ပ ဏီ ၁ဝခု ထပ်မံ တိုးလာသည်ဟု LWO အစီရင်ခံစာ၌ ဖော်ပြထားသည်။
ယင်းရွှေဖြူတူးဖော်မှုများလာခြင်းသည် ဒေသဖွံ့ဖြိုးမှုထက် ဒေသခံများ၏ လူနေမှုဘဝကို ပိုမိုဆင်းရဲကြပ်တည်းရုံသာမက တောင်ကြားစမ်း ချောင်းများ၏ ချောင်းရေစီးကြောင်း ပြောင်းလဲခြင်း၊ ရေညစ်ညမ်းမှုဖြစ်ပွားခြင်း စသည့် သဘာဝပတ်ဝန်းကျင်ကိုပါ ထိခိုက်ပျက်စီးစေသ ဖြင့် ထိုလုပ်ငန်းများ ချက်ချင်း ရပ်တန့်ရေးကို မြန်မာအစိုးရမှ လုပ်ဆောင်ကိုင်တွယ်ပေးရန် LWO က တောင်းဆိုထားသည်။
သို့သော် ကုမ္ပဏီများက ထိခိုက်နစ်နာမှုများကို ဂရုမစိုက်ဘဲ ဈေးကောင်းသည့် ကမ္ဘာ့ရှားပါးသတ္တု ရွှေဖြူကို ဆက်လက် တူးဖော်ကာ တရုတ်နှင့် ထိုင်းနိုင်ငံများသို့ ရွှေဖြူအရိုင်း တတန်လျှင် ဒေါ်လာ ၃၀ဝဖြင့် ပို့ဆောင်ရောင်းချနေသလို အစုအပြုံလိုက် ရောက်ရှိလာသည့် ကုမ္ပဏီလုပ်သားများကြောင့် အဆိုပါဒေသအတွင်း လိင်ရောင်းဝယ်မှုလုပ်ငန်းလည်း ကြီးထွားလာပြီး ဒေသခံအမျိုးသမီး ၃ဝရာခိုင်နှုန်းမှာ လိင်ဖျော်ဖြေရေးလုပ်ငန်းတွင် ပါဝင်နေကြရသည်ဟု LWO က ဆိုသည်။
နာဗစ်ဘိုက “အဲဒီဒေသတွင်းက ဒေသခံတွေဟာ ရွှေဖြူမလာတူးခင်က အမျိုးသမီးတွေ လိင်ဖျော်ဖြေရေးလုပ်ငန်းမှာ မရှိဘူး။ အခုလာတဲ့ အလုပ်သမားတွေက အမျိုးသားသက်သက်ဖြစ်ပြီး အမျိုးသမီးငယ်တွေကို မြူဆွယ်လို့တကြောင်း၊ စားဝတ်နေရေးအခက်အခဲကြောင့်တ ကြောင်း အမျိုးသမီးတွေဟာ မတတ်သာဘဲ လိင်လုပ်ငန်းကို လုပ်လာကြတာ ဖြစ်တယ်”ဟု ရှင်းပြသည်။
ဒေသခံရွာသားများက ယင်းထိခိုက်ပျက်စီးမှုများကို သတ္ထုတူးဖော်သည့် ကုမ္ပဏီနှင့် ဒေသခံအာဏာပိုင်များထံသို့ သွားရောက်တိုင်ကြားခဲ့ သော်လည်း အရေးယူ ဆောင်ရွက်မှု တစုံတရာမျှ မရှိကြောင်း သိရသည်။
လားဟူအမျိုးသမီးနှင့် ကလေးသူငယ်များကို စွမ်းရည် မြှင့်တင်ရေးနှင့် နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများ လုပ် ဆောင်ပေးနေသည့် LWO ကို ၁၉၉၇ခုနှစ်၊ အောက်တိုဘာလတွင် ဖွဲ့စည်းခဲ့ပြီး အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)-WLB ၏ အဖွဲ့ဝင် ဖြစ်ကာ ပထမဆုံးအကြိမ်အဖြစ် ယခု “ရွှေဖြူ အတွက် သိမ်းယူခြင်း” အစီရင်ခံစာကို ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။


















