မေလ ၁၁ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ရှိ အာဝါဒေး(လောင်းကစား)ပွဲ ကျင်းပနေသည့် ရွှေဥဒေါင်းကန်တွင် ယမန်နေ့ ည ၉နာရီခွဲ၌ ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ အမျိုးသားတဦး သေဆုံးခဲ့သည်ဟု အစိုးရနှင့် နီးစပ်သူတဦးက ပြောသည်။
၎င်းက “ပစ်ခတ်မှုဖြစ်တာ မိနစ်ပိုင်းလောက်ပါပဲ။ တယောက် သေတယ်။ တခြားဘယ်သူမှတော့ ထိခိုက်တာ တွေ မရှိဘူး။ ဒီနေ့ပဲ အသုဘချဖို့ရှိတယ်။ သူတို့အချင်းချင်း ဝေပေါက်မတည့်တာလို့ ကြားတယ်။”ဟု ကေအိုင်စီ သို့ ပြောသည်။
သေဆုံးသူမှာ ကရင်ငြိမ်းချမ်းရေးကာကွယ်ရေးတပ်ဖွဲ့-KPDF မှ ဗိုလ်မှူးအဆင့်ရှိ အသက် ၃၃နှစ်အရွယ် ရဲနိုင်ဆို သူဖြစ်ပြီး အဆိုပါတပ်ဖွဲ့သည် ယခင်လ ဧပြီလအတွင်း အာဝါဒေးပွဲ မကျင်းပမီ ဘုရားသုံးဆူမြို့တွင် ဖွဲ့စည်းခဲ့ သည့် တရားမဝင် အဖွဲ့တခုဖြစ်ကြောင်း သူက ဆက်ပြောသည်။
ဘုရားသုံးဆူမြို့တွင် ပစ်ခတ်မှု၊ ဗုံးပေါက်ကွဲမှု၊ ပြန်ပေးဆွဲမှုနှင့် ဓါးပြတိုက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ယခု လ ၈ရက်နေ့တုန်းကလည်း ပြောက်ကျားဝတ်စုံဝတ်ထားသည့် အမည်မသိ လက်နက်ကိုင်တစုက မြို့ခံ ၇ဦး အား ပြန်ပေးဆွဲသည့်အမှု ဖြစ်ပွားခဲ့သေးသည်။
ဧပြီလ နောက်ဆုံးပတ်၌ မြို့မိမြို့ဖတို့၏ အစီအစဉ်ဖြင့် အာဝါဒေးပွဲ စတင် ကျင်းပလာချိန်မှစ၍ မလိုအားအပ် သည့် ပြဿနာများ တခုပြီးတခု ဖြစ်ပွားလာကြောင်းကို အမည်မဖော်လိုသူ မြို့ခံများက “အာဝါဒေးပွဲက အရင်တုန်းက ပိတ်ထားတာ။ ပြန်လည်းဖွင့်ရော ပြဿနာ တခုပြီး တခု ဖြစ်လာတယ်။ ဖြစ်နိုင်ရင် ဒီပွဲတွေ မရှိစေချင်တော့ဘူး။”ဟု ဆိုသည်။
ထို့အပြင် အာဝါဒေးပွဲတွင် ကရန် အငှားခံရသည့် “အောင်မြန်မာ”ဇာတ်သဘင်သည် ပွဲစတင်ချိန်မှစ၍ ယခုချိန် ထိ ညစဉ်ဆက်တိုက်က ကပြဖျော်ဖြေခြင်းမှ ထွက်ပေါ်လာသည့် ဆူဆူညံညံအသံများကြောင့် အိပ်ရေးပျက်ကာ စိတ်အနှောက်အယှက် ဖြစ်ရသည်ဟု မြို့ခံများက ပြောသည်။
ဘုရားသုံးဆူဂွင်တွင် တရားမဝင်နှင့် တရားဝင် လက်နက်ကိုင်တပ်ဖွဲ့ အများအပြားရှိသော်လည်း မြို့ခံလူထု၏ အကျိုးစီးပွားကို မကြည့်ဘဲ ကိုယ်ကျိုးစီးပွားကိုသာ ရှာသည့်အဖွဲ့သာ များကြသလို ယင်းပြန်ပေးမှုကြောင့် ဘုရားသုံးဆူမြို့လူထုမှာ စိုးရိမ်ထိတ်လန့်နေကြသည်။


















