ဧပြီလ ၂၇ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
ကရင်ပြည်နယ် နဘူးမြို့နယ်အရှေ့ခြမ်း ထီးဝါပလောကျေးနယ်အတွင်း ဒေသခံများအား နယ်ခြားစောင့်(BGF) တပ်ရင်း(၁၀၁၇)မှ စစ် သင်တန်းတက်ရန် တပ်သားစုဆောင်းခိုင်းသဖြင့် ကျေးနယ်သူကြီးမှာ ယခု ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။
နယ်ခြားစောင့်တပ် (၁၀၁၇)တပ်ရင်းတွင် တာဝန်ထမ်းဆောင်နေသည့် ထီးဝါပလော၊ ထီးလောသေ၊ သံပုရာ၊ သောမိုခို့ရွာများရှိ ဒေသခံ များမှာ ၎င်းတို့၏ စစ်သက်တမ်းပြည့်၍ အိမ်ပြန်လိုသော်လည်း ပြန်ခွင့်မရသည့်အပေါ် ထွက်ပြေးသွားခဲ့သဖြင့် ထိုကျေးနယ်အတွင်းရှိ ရွာ သူကြီးများအား တပ်သားအရေအတွက်ပြည့်ရန် စုဆောင်းခိုင်းခဲ့ခြင်း ဖြစ်သည်။
ထီးဝါပလောရွာသားတစ်ဦးက “အဲ့ဒီထွက်ပြေးတဲ့လူတွေအစား ရွာသူကြီးက ပြည့်အောင်ဖြည့်ပေးရမယ်ဆိုပြီး ရှာခိုင်းတယ်။ သူကြီးလည်း ရှာမရဘူး။ ရှာမတွေ့ရင် ရွာသူကြီးကိုယ်တိုင် သွားရမယ်ဆိုပြီး လိုက်ဖမ်းတယ်။ အဲဒါ သူကြီးလည်း မသွားရဲတဲ့အတွက် ရွာထဲကနေ ထွက် ပြေးနေရတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
တပ်ရင်းမှူး ဗိုလ်မှူးစောဒိဒိ ဦးဆောင်သည့် နယ်ခြားစောင့်တပ်ရင်း(၁၀၁၇)မှ စစ်သက်တမ်း သုံးနှစ်နှင့် တနှစ်ခွဲ ပုံစံမျိုးဖြင့် စစ်မှုထမ်း စေခဲ့ရာ ယခင်က တပ်သားအင်အား ၃၅ဝ ရှိခဲ့ရာမှ ယခု ၁၂ဝသာ ကျန်ရှိတော့ကာ စစ်သင်တန်းတက်ရန် လူအင်အားမပြည့်တော့သဖြင့် ထီးဝါပလောကျေးနယ်သူကြီးအား ယခုလ ၂၈ရက်နေ့ နောက်ဆုံးထားကာ ရှာဖွေခိုင်းခဲ့ကြောင်း သူကြီးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“အခုထိ ရှာလို့ မတွေ့သေးလို့ နောက်ထပ် ငါးလပိုင်း(မေ) ၁ရက်နေ့အထိ အချိန်ပေးလိုက်ပြီ။ အဲ့ဒါ လုပ်ချင်တဲ့သူ မရှိဘူးလေ”ဟု အဆိုပါ နီးစပ်သူက ဆိုသည်။
နယ်ခြားစောင့်တပ်မှ ကျေးရွာတစ်ရွာလျှင် ၁၅ဦးမှ ၅ဦးအထိ စစ်သင်တန်းတက်ရောက်ပေးခဲ့ရပြီး တာဝန်ထမ်းဆောင်စဉ် တပ်သားတစ် ဦး တလစာ သုံးသောင်းငါးထောင်ကျပ် ရရှိသည်ဟု ထွက်ပြေးလာခဲ့သည့် တပ်သားများ၏ ပြောပြချက်အရ သိရသည်။
နဘူးမြို့နယ်တွင် နယ်ခြားစောင့်တပ်နယ် (၃) ဗိုလ်မှူးကြီးစောချစ်သူ လက်အောက်ခံ နယ်ခြားစောင့်တပ် (၁၀၁၇)၊ (၁၀၁၈)၊ (၁၀၁၉)နှင့် (၁၀၂၀)တပ်ရင်းများ အခြေစိုက် လှုပ်ရှားလျှက်ရှိသော်လည်း လက်ရှိအချိန်တွင် နယ်ခြားစောင့်တပ်ရင်း(၁၀၁၇)သာ မွမ်းမံသင်တန်းတက် ရန် တပ်သားသစ် စုဆောင်းခိုင်းနေခြင်းဖြစ်ပြီး ကျန်ရှိနေသေးသည့် တပ်ရင်း ၃ရင်းမှလည်း တပ်သားသစ်စုဆောင်းသွားရန်ရှိကြောင်း နဘူးမြို့နယ် ဒေသခံများက ပြောသည်။
နယ်ခြားစောင့်တပ် (၁၀၁၈) တပ်ရင်းမှူး ဗိုလ်မှူးမောင်ဝင်းအား ကေအိုင်စီမှ မေးမြန်းရာ မွမ်းမံစစ်သင်တန်းမှာ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ ဝဲကလိကျေးရွာတွင် ပြုလုပ်ရန်ရှိသည်ဟုသာ ဖြေကြားပြီး ၎င်းတပ်သားစုဆောင်းခိုင်းမှုနှင့် ပတ်သက်၍ ဖြေဆိုခြင်းမရှိသေးခင် ဖုန်းပိတ် သွားခဲ့သည်။